အခန်း ၂၅၈
Vol. 26 Ch. 258
အခန်း(258)
အပြင်ဘက်တွင် ရုတ်တရက် တီးတိုးပြောဆိုသံများ ထွက်ပေါ်လာခဲ့လေ၏။
မည်သူကမျှ စကားကိုကျယ်လောင်စွာ မပြောကြသော်လည်း သူတို့ ပြောဆိုနေကြသည့် အဓိက အကြောင်းအရာက မည်သည့်အရာဖြစ်မည်ကို အလွယ်တကူ ခန့်မှန်းနိုင်
သည်။
သူ၏ဇနီးဖြစ်သူ ရှုရှင်းလန်က ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံလိုက်ရကတည်းက ကျန်းရိကော်မှာလည်း တိတ်တဆိတ် စုံစမ်းစစ်ဆေးမှုကို ခံနေခဲ့ရလေ၏။
သူသည်ကား အရေးအခင်းကာလအတွင်း ဖိနှိပ်ချုပ်ချယ်မှုများမှ လွတ်မြောက်ရန်အတွက် ပေကျင်းမှ ပိုင်မားခရိုင်သို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် အဖွဲ့အစည်းက သူ့ကို မိတ်ဆက်ပေးခဲ့သည့် ဇနီးသည်က မကောင်းသော အဖျက်သမားများ၏ ဆွဲဆောင်မှုကို ခံလိုက်ရပြီး နိုင်ငံတော်ကို အန္တရာယ်ဖြစ်စေမည့် ကိစ္စရပ်များကိုပင် ပြုလုပ်လုနီးပါး ဖြစ်ခဲ့လိမ့်မည်ဟု မည်သူက သိပါမည်နည်း။
ရှုရှင်းလန်၏ ခင်ပွန်းဖြစ်သည့်အတွက် ကျန်းရိကော်သည်လည်း သံသယရှိသူတစ်ဦး ဖြစ်လာခဲ့ရတော့သည်။
သို့သော် ဆေးဝါးသုတေသနလုပ်ငန်း၏ ကျွမ်းကျင်သော သုတေသနပညာရှင်တစ်ဦးအနေဖြင့် ကျန်းရိကော်က နှစ်ပေါင်းများစွာအတွင်း နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အကျိုးရှိစေမည့် ကောင်းမွန်သော ဆေးဝါးအမြောက်အမြားကို ဖော်စပ်ပေးခဲ့ဖူး၏။
သူ၏ ဆေးနည်းဖော်စပ်နည်းတချို့က အထူးထောက်ပံ့ရေး ဆေးဝါးဖော်စပ်နည်းများအဖြစ် သတ်မှတ်ခြင်းကိုခံထားရပြီး အထူးကာကွယ်မှုအောက်တွင် ရှိနေခဲ့ကြလေသည်။
ထိုဆေးတို့ကို လက်ရှိတွင် စစ်တပ်ထဲ၌ အသုံးပြုနေကြပြီး နောက်ပိုင်းတွင် တစ်နိုင်ငံလုံးသို့ တဖြည်းဖြည်း မြှင့်တင်၍ အသုံးပြုသွားလိမ့်မည်။
ထို့ကြောင့် အာဏာပိုင်များက ကျန်းရိကော်ကို ကိုင်တွယ်ဖြေရှင်းရာတွင် မတူညီသော သဘောထားနှစ်ခု ရှိနေခဲ့ကြလေ၏။
တစ်ဖက်ကတော့ အလွန် ပြတ်သားလွန်းသည်။ သူနှင့် တစ်အိပ်ရာတည်းတွင်အိပ်သော ဇနီးသည်ပင် ဤမျှအထိ ဦးနှောက်ဆေးခြင်းကို ခံထားရသည်ဖြစ်၍ ကျန်းရိကော်သည်လည်း သေချာပေါက် အပြစ်တစ်ခုခု ရှိနေလိမ့်မည်။ ထို့ကြောင့် သူ့ကို ဖမ်းဆီးပြီး ပြင်းထန်စွာ စစ်ဆေးမေးမြန်းသင့်သည်ဟု ယုံကြည်ကြလေသည်။
တခြားတစ်ဖက်ကတော့ ညင်သာလွန်းသည်။ ကျန်းရိကော်က နိုင်ငံရပ်ခြားရှိ ဤမျှအထိ မြင့်မားသော ရာထူးနေရာကို စွန့်လွှတ်ပြီး တရုတ်နိုင်ငံသို့ ပြတ်သားစွာ ပြန်လာခဲ့ခြင်း ဖြစ်ပေ၏။
ထို့ကြောင့် သူက အရင်းရှင်ဝါဒ၏ ဖျက်ဆီးမှုကို လွယ်လွယ်နှင့် ခံရလိမ့်မည်မဟုတ်ဟု ယုံကြည်ကြလေ၏။
သူက မြင့်မြတ်သော စိတ်ကူးအိပ်မက်ရှိသူတစ်ဦး ဖြစ်သည်။
သူ၏ အရည်အချင်းများကြောင့်သာ သူ၏ ဘေးနားရှိလူများက အလွယ်တကူ ဆွဲဆောင်ခြင်းကို ခံရခြင်းဖြစ်ပြီး သူကိုယ်တိုင်က ဤကိစ္စရပ်များတွင် ပါဝင်ပတ်သက်မှု ရှိလိမ့်မည် မဟုတ်ပေ။
သေချာပေသည်။ မည်သည့်အရာတွင်မှ အကြွင်းမဲ့ဟူ၍ မရှိသောကြောင့် လိုအပ်သော စောင့်ကြည့်မှုများကို ဆက်လက်၍ပြုလုပ်ရဦးပေလိမ့်မည်။
နောက်ဆုံးတွင်တော့ နူးညံ့သော အုပ်စုက ကျန်းရိကော်ကို ထိန်းသိမ်းထားနိုင်ခဲ့လေပြီ။
ယခုအချိန်တွင် ကျန်းရိကော်က သူ၏မြေးကို ခေါ်ဆောင်ကာ ကလေးငယ်၏ တစ်လပြည့်ပွဲသို့ တက်ရောက်နိုင်ခြင်းကို ကြည့်ခြင်းအားဖြင့် သူ၏ အလုပ်အကိုင်က မကြာမီပင် ပြန်လည်၍ စတင်နိုင်တော့မည် ဖြစ်ကြောင်းကို သိနိုင်သည်။
သို့သော်...
“ရှင် အလုပ်သွားရတော့မှာဆိုတော့ ရှောင်ကျိက ဘယ်လိုလုပ်မလဲ”
လော်ယွီရှို့က ကျန်းကျိ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ရင်း မေးမြန်းလိုက်လေသည်။
ဤကလေးက တခြားကလေးများနှင့် မတူပေ။ သူ့ကို မူကြိုကျောင်းသို့ အလွယ်တကူ ပို့ထားခဲ့၍မရနိုင်ပေ။
သူက ကျန်းမာရေး အားနည်းပြီး ကိုယ်ခံအားစနစ်လည်း မကောင်းသည့်အပြင် ဝက်ရူးပြန်ရောဂါလည်း ရှိနေသောကြောင့် အချိန်မရွေး ရောဂါထနိုင်ချေရှိသည်။
တစ်စုံတစ်ဦးက သူ၏ ဘေးနားတွင် အမြဲရှိနေပြီး စောင့်ကြည့်ပေးရပေလိမ့်မည်။
ကျန်းရိကော်၏ အလုပ်မှာ ပြန်လည်စတင်သည်နှင့် အတိတ်ကကဲ့သို့ တစ်ခေါက်သွားလျှင် တစ်လ၊ နှစ်လခန့် အိမ်သို့ပွန်မလာနိုင်ဖြစ်သွားလိမ့်မည်။
အဲအချိန်ကျရင် ကလေးကို ဘယ်လိုလုပ်မလဲ။
“ကျွန်တော် တစ်ယောက်ယောက်လောက်ရှာပြီး သူ့ကို ပြုစုစောင့်ရှောက်ခိုင်းဖို့ ရည်ရွယ်ထားပါတယ်”
ကျန်းရိကော်က ကျန်းကျိ၏ ခေါင်းကို ပုတ်ပေးလိုက်လေ၏။
တစ်စုံတစ်ဦးကို ရှာဖွေခြင်းဟူသည်က နောက်အိမ်ထောင်ပြုမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
ထိုစကားက ကျန်းကျိကိုပြုစုစောင့်ရှောက်ပေးရန်အတွက် ယုံကြည်စိတ်ချရသော သူတစ်ဦးကို ရှာဖွေခြင်းသာဖြစ်၏။ သို့သော်လည်း ထိုအရာက ခက်ခဲနိုင်သည်။
သာမန်ကလေးတစ်ဦးဖြစ်လြှင်ပင် ယုံကြည်စိတ်ချရသော သူတစ်ဦးကို ရှာဖွေရန် ခက်ခဲလွန်းသည်။
ရောဂါသည် ကလေးငယ်ဖြစ်သော ကျန်းကျိအတွက် ပြောစရာပင်မလိုတော့ပေ။
အကယ်၍ တစ်စုံတစ်ခု မှားယွင်းသွားခဲ့မည်ဆိုပါက နောင်တရရန်ပင် နောက်ကျသွားပေလိမ့်မည်။
ထို့ကြောင့် လော်ယွီရှို့က မေးမြန်းလိုက်လေ၏။
“ဒါရိုက်တာကျန်း၊ ရှင်.. နောက်ထပ် တစ်ယောက်လောက် ထပ်ရှာဖို့ မတွေးဖူးဘူးလား”
ရှုရှင်းလန်၏ အခြေအနေက ကျန်းရိကော်နှင့် ကွာရှင်းပြတ်စဲလိုက်သည်ဟုဆိုနိုင်သည်။
အဖွဲ့အစည်းကသာ ဝင်ရောက်ကူညီပေးမည်ဆိုပါက ကျန်းရိကော်အနေဖြင့် နောက်ထပ်ဇနီးတစ်ဦးကို ရှာဖွေနိုင်သည်။
ထို့အပြင် ကျန်းရိကော်က အသက် ငါးဆယ်ပင် မပြည့်သေးသောကြောင့် နောက်ထပ်ကလေးတစ်ဦးလောက် ရရှိနိုင်ခြေလည်း ရှိနေသေး၏။
သူ့အနေဖြင့် ကျန်းမာသော ကလေးတစ်ဦးကိုပင် ရရှိနိုင်သည်မဟုတ်ပါလား။
ရိုးသားစွာပြောရလျှင် ကျန်းကျိ၏ အခြေအနေက တစ်ဘဝလုံး ဒုက္ခရောက်နေရလိမ့်မည်။
ကျန်းရိကော်အနေဖြင့် အသက်ရှင်နေချိန်အတွင်း သူ့ကို ပြုစုစောင့်ရှောက်ပေးနိုင်သော်လည်း အကယ်၍ သူသာ တစ်စုံတစ်ခု ဖြစ်သွားခဲ့မည်ဆိုပါက ကျန်းကျိ တစ်ဦးတည်း အထီးကျန်၍ ကျန်ရစ်ခဲ့ရလိမ့်မည် မဟုတ်ပါလား။
ထို့ကြောင့် ယခုအချိန်တွင် ဇနီးတစ်ဦးကို ရှာဖွေပြီး ကလေးတစ်ဦးလောက် မွေးဖွားလိုက်ခြင်းက ပိုမို ကောင်းမွန်လိမ့်မည်။
ထိုအချိန်မှသာ ဦးလေးနှင့် တူတို့က အချင်းချင်း အပြန်အလှန် စောင့်ရှောက်နိုင်ကြလိမ့်မည်။
“ကျွန်တော် မရှာတော့ပါဘူး”
ကျန်းရိကော်က ခေါင်းကို ခါလိုက်လေ၏။
“ကျွန်တော် ဘယ်သူ့ကိုမှ မထိခိုက်စေချင်တော့ဘူး၊ တကယ်လို့ တစ်စုံတစ်ဦးက ကျွန်တော့်ကို လက်ထပ်ခဲ့မယ်ဆိုရင် ကျွန်တော် သူတို့ကို ဘာဂရုစိုက်မှုမှ မပေးနိုင်တဲ့အပြင် သူတို့အတွက် ဝန်ထုပ်ဝန်ပိုးကိုပဲ ပိုမို တိုးပွားစေလိမ့်မယ်၊ ကျွန်တော် ဒီလောက်အထိ အတ္တကြီးလို့ မဖြစ်ဘူး”
သူ့ဘက်မှ ထိုသို့ ပြောဆိုပြီးနောက်တွင် မည်သူကမျှ အကြံဉာဏ်များကို မပေးရဲကြတော့ပေ။
အဆုံးတွင်တော့ သူတို့က လူဆိုးများ မဟုတ်ကြသောကြောင့် ကျန်းရိကော်အတွက်ကြောင့် သနားစရာကောင်းသော အမျိုးသမီး ရဲဘော်တစ်ဦးကို မထိခိုက်စေချင်ကြပေ။
“အရင်ဆုံး သူ့အတွက် ယုံကြည်စိတ်ချရတဲ့ မိသားစုတစ်ခုခုကို ရှာဖွေပေးရမယ်၊
တကယ်လို့ အဆင်မပြေရင်လည်း ကျွန်တော် သူ့ကို သုတေသနဌာနထဲ ခေါ်သွားပြီး ပြုစုစောင့်ရှောက်ပါ့မယ်၊
သူက အခု သူ့ရဲ့ ကျန်းမာရေးကြောင့် ကျောင်းမတက်နိုင်သေးဘူးလေ၊ ပြီးတော့ သုတေသနဌာနထဲမှာ ရှိတဲ့လူတိုင်းကလည်း သုတေသနပညာရှင်တွေချည်းပဲ မဟုတ်ကြပါဘူး”
ထိုနေရာတွင် လူနေမှုဘဝဆိုင်ရာ အကူအညီပေးသူများလည်း ရှိနေကြသောကြောင့် ကျန်းကျိအနေဖြင့် ရောဂါ မထသရွေ့တော့ ကြီးမားသော ပြဿနာ ရှိလိမ့်မည် မဟုတ်ပေ။
ကျန်းရိကော်က ဤသို့ ပြောဆိုလိုက်သည်နှင့် သူ မကြာမီပင် အလုပ်ကို ပြန်လည် စတင်နိုင်တော့မည် ဖြစ်ကြောင်းကို လူတိုင်း သိရှိသွားကြလေ၏။
လူအများကလည်း ယခုအချိန်တွင် ကျန်းရိကော်နှင့် စကားများ လာရောက်ပြောဆိုလာခဲ့ကြသည်။
သို့သော် သူတို့က သူ၏ဇနီးနှင့် ကလေးအကြောင်းကို ပြောဆိုခြင်းမှ သတိကြီးစွာဖြင့် ရှောင်လွှဲခဲ့ကြ၏။
ဤသို့သော အခြေအနေဆိုးနှင့် ရင်ဆိုင်နေရသော လူတစ်ဦး၏ အရှေ့တွင် ထိုအကြောင်းအရာများကို ပြောဆိုခြင်းက ကိုယ်ကျင့်တရား မရှိသကဲ့သို့ဖြစ်နေပေလိမ့်မည်။
တစ်ဖက်တွင် ကျန်းကျိကလည်း စုရှောင်လော်ကို ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ရသည်။
သူက စုချန်၏ နောက်တွင် ပုန်းကွယ်နေခဲ့ပြီး ခြေဖျားထောက်၍သာ လှမ်းကြည့်ရဲပြီး လက်ဆန့်ထုတ်ပြီး ထိတွေ့ရဲခြင်းမရှိပေ။
“အဘွားကျောက်က ပြောဖူးတယ်၊ ကျွန်တော်က ဖျားနေတာတဲ့၊ ပြီးတော့ သူများကို ထိမိရင် ရောဂါက ပြန့်ပွားသွားတတ်တယ်တဲ့၊
ဒါကြောင့် ကျွန်တော် ရှောင်လော်ကို မထိပါဘူး၊ အဲဒါဆိုရင် သူမ ကူးစက်ခံရမှာ မဟုတ်တော့ဘူး”
ချန်နှင့် စုကျွင့်တို့ကလည်း ထိုစကားက အမှန်တရားဖြစ်သည်ဟု ထင်မှတ်ကြသောကြောင့် ခက်သွက်သွက်ပင် ခေါင်းကို ခါယမ်လိုက်ကြပြီးပြောလိုက်လေသည်။
“ဒါဆို ငါတို့ သူမကို မထိဘဲနေရအောင်၊ သူမက အရမ်း ငယ်သေးလို့ ဖျားလို့မဖြစ်ဘူး”
စုကျွင့်က ပိုမို၍ ပွင့်လင်းပြီး သူ၏ အင်္ကျီလက်စကို ပင့်တင်ကာ သူ၏ လက်မောင်းအသေးလေးကို ပြသလိုက်လေသည်။
“အစ်ကိုကျိ၊ အစ်ကို ထိချင်ရင် ကျွန်တော့်ကိုသာ ထိလိုက်၊ ကျွန်တော်ကတော့ ဖျားရမှာကို မကြောက်ဘူး”
ညီမလေးကိုတော့ လုံးဝ မထိနဲ့။
ကျန်းကျိက ရယ်မောလိုက်ပြီး ခေါင်းကို ခါပြလိုက်လေ၏။
“ငါ ဘယ်သူ့ကိုမှ မထိပါဘူး၊ ဖျားရတာက အရမ်း ဆိုးဝါးတာ၊ ပြီးတော့ ဆေးတွေကလည်း အရသာ ခါးလွန်းတယ်”
ထိုစကားကြောင့် စုကျွင့်၏ မျက်နှာလေးက နာကျင်မှုကြောင့် ချက်ချင်းပင် ရှုံ့မဲ့သွားရလေတော့၏။
စုချန်က သူ၏ ရင်ဘတ်ကို ပုတ်လိုက်သည်။
“ဘာဖြစ်လဲ၊ ငါ့ အဒေါ်က ချိုတဲ့ ဆေးတွေကို ဖော်စပ်နိုင်တာပဲလေ”
ကျန်းကျိ၏ မျက်ဝန်းများက ချက်ချင်းပင် တောက်ပသွားခဲ့ရတော့၏။
လီရှန်းတစ်ယောက် ပြန်ရောက်ရှိလာသည့်အချိန်တွင် ကလေးသုံးယောက်လုံးက မျှော်လင့်ချက်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် သူမကို စိုက်ကြည့်နေကြသည်ကို မြင်တွေ့လိုက်ရလေ၏။ သူမက မသိစိတ်ဖြင့် ခြေလှမ်းများကို နှေးကွေးလိုက်မိ၏။
“ဘာဖြစ်လို့လဲ၊ မင်းတို့ ရန်ဖြစ်ကြလို့လား”
“မဖြစ်ပါဘူး”
စုကျွင့်က နှုတ်ခမ်းကို စူလိုက်လေ၏။ သူ၏ ပင်ကိုယ်သဘာဝအရ ရဲရင့်သူဖြစ်ပြီး စုချန်ထက် ပိုမို၍ တက်ကြွလွန်းသည်။
သူက လီရှန်း၏ အနားသို့ တိုးကပ်လာခဲ့ပြီး လက်တစ်ဖက်ဖြင့် နှုတ်ခမ်းကို အုပ်ပြီး တခြားလက်တစ်ဖက်ဖြင့် သူမ၏ အင်္ကျီလက်စကို ဆွဲကိုင်လျက် သူမကို သူနှင့် အရပ်တူနေစေရန် ဆောင့်ကြောင့်ထိုင်ခိုင်းလိုက်သည်။
“အဒေါ်၊ ဆောင့်ကြောင့်ထိုင်လိုက်ပါဦး၊ ကျွန်တော်အဒေါ့်ကို လျှို့ဝှက်ချက်တစ်ခု ပြောပြမလို့”
လီရှန်းက အလွယ်တကူပင် ဆောင့်ကြောင့်ထိုင်ပေးလိုက်
လေ၏။ ထို့နောက်သူမ၏ နားထဲတွင် ဤသို့သော စကားလုံးများ ဝင်ရောက်လာခဲ့တော့၏။
“ကျန်းကျိက ဖျားနေတာ၊ ပြီးတော့ အဲဒါက ကူးစက်တတ်တယ်တဲ့၊
အဒေါ် သူ့ကို ကုသပေးဖို့ ချိုမြိန်တဲ့ ဆေးတွေကို သေချာပေါက် ဖော်စပ်ပေးရမယ်နော်”
သူမက ကျန်းကျိ၏ မျက်နှာအမူအရာကို ကြည့်လိုက်သည်။
ကျန်းကျိက ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို အမှန်တကယ်ပင် နားလည်နိုင်သည်လား၊ သို့မဟုတ် ထိုစကားများကို အကြိမ်ကြိမ် ကြားရလွန်းသောကြောင့် ထုံကျင်နေခဲ့ပြီလား မသိပါချေ။
ကလေးသုံးယောက်လုံး၏ မျှော်လင့်ချက် ပြည့်နှက်နေသော အကြည့်များနှင့် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် သူမအနေဖြင့် မငြင်းပယ်နိုင်တော့ပေ။
ထို့ကြောင့် ခေါင်းကို အနည်းငယ် စောင်းကာ သဘောတူခဲ့သည်။
သို့သော် သူမက ဤကိစ္စကို သူမ၏ စိတ်ထဲတွင် သိမ်းဆည်းထားခဲ့ပြီး တစ်ညလုံး စိတ်မကောင်း ဖြစ်နေခဲ့ရလေသည်။
*