အသီးသီးတွင် ကိုယ်ပိုင်အကြံရှိကြသည်
Vol. 12 Ch. 136
တောင်ပိုင်းနယ်စပ်၊ ကျိုးကျင်းမြို့တော်။
နာရီပေါင်းများစွာ ကုန်လွန်ပြီးနောက် တောင်ပိုင်းနယ်စပ် စစ်ဆေးရေးမှူးအဖြစ် ရှောင်ချင်အာ၏ ရာထူးခန့်အပ်ပွဲ အခမ်းအနားကြီးမှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့၏။ ဧည့်သည်တော်များ တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြသော်လည်း ရှောင်ချင်အာမှာမူ မြို့ရိုးထက်၌ ပြင်းထန်သော လေမုန်တိုင်းများကြား တစ်ကိုယ်တည်း မတ်မတ်ရပ်ကာ ကျန်ရစ်နေခဲ့၏။
“ခမည်းတော်..မယ်တော်.. သမီးတော်ကတော့ ခမည်းတော်တို့ စောင့်ရှောက်ခဲ့တဲ့ ဒီတောင်ပိုင်းနယ်စပ် မြေပြင်ကို အမြဲတမ်း ကာကွယ်သွားပါ့မယ်.. အေးချမ်းစွာ အနားယူတော်မူကြပါ”
တောင်ပိုင်းနယ်စပ် စစ်ဆေးရေးမှူး ဖြစ်လာသည့် ရှောင်ချင်အာသည် စိတ်ခံစားချက် အမျိုးမျိုး ရောပြွမ်းနေပြီး မိမိကိုယ်ကိုယ် အားနည်းလွန်းလှကြောင်း ပို၍ သိရှိလာခဲ့သည်။ အစွမ်းခွန်အား မရှိပါက အရာရာတိုင်းမှာ အချည်းနှီးသာ ဖြစ်ကြောင်းကိုလည်း သူမ ရင်ထဲ၌ နက်ရှိုင်းစွာ ခံစားလိုက်ရ၏။
အစွမ်းမရှိလျှင် သူမသည်လည်း သူမ၏ မိဘများ လျှောက်လှမ်းခဲ့သည့် လမ်းစဉ်အတိုင်းသာ အဆုံးသတ်သွားရလိမ့်မည်။ အကယ်၍ သူမအနေဖြင့် အခြေအနေများကို ပြောင်းလဲပြီး တောင်ပိုင်းနယ်စပ်သို့ ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးလိုပါက ညဇီးကွက်ဘုရင်နှင့် စားပွဲတစ်လုံးတည်းတွင် တန်းတူရည်တူ ဆွေးနွေးနိုင်လောက်သည့် စွမ်းအားမျိုး ရှိရန် လိုအပ်သည်။ ထိုအချိန် မတိုင်မီအထိမူ သူမသည် ရေစီးကြောင်းအတိုင်းသာ လိုက်ပါစီးဆင်းရတော့မည်။
“ စစ်ဆေးရေးမှူး ရှောင်”
နောက်ကွယ်မှနေ၍ အားမာန်ပါလှသော အသံတစ်သံ ထွက်ပေါ်လာခဲ့၏။ ညဇီးကွက်ဘုရင်သည် ရှောင်ချင်အာ၏ ဘေးနားသို့ လျှောက်လှမ်းလာခဲ့သည်။
“ အရှင်မင်းကြီးမှာ ဘာများ ညွှန်ကြားစရာ ရှိလို့ပါလဲ”
ရှောင်ချင်အာသည် သူမကိုယ်သူမ ညဇီးကွက်ဘုရင်က တောင်ပိုင်းနယ်စပ်ကို ထိန်းချုပ်ရန် အသုံးချနေသော နယ်ရုပ်လေးတစ်ရုပ်မျှသာ ဖြစ်ကြောင်း သိထားသော်လည်း သူမအနေဖြင့် ဂုဏ်သိက္ခာ ကျဆင်းသည်ဟု မခံစားရပေ။
အဘယ်ကြောင့်ဆိုသော် ဤလောကရှိ ပြည်သူလူထု၏ အေးချမ်းသာယာမှုမှာ ညဇီးကွက်အစောင့်တပ်၏ ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ခွဲခြား၍ မရသောကြောင့်ပင် ဖြစ်တော့သည်။ ယနေ့တိုင် တာ့ယန်အင်ပါယာကြီး ပြိုလဲမသွားသေးခြင်းမှာလည်း ညဇီးကွက်ဘုရင်၏ စွမ်းဆောင်မှုကြောင့်သာ ဖြစ်၏။
တစ်ခါတစ်ရံတွင်မူ သူမ တွေးမိသည်မှာ... ညဇီးကွက်ဘုရင် ကိုယ်တိုင်လည်း နယ်ရုပ်တစ်ရုပ်မျှသာ ဖြစ်နေမလား ဟူ၍ပင်။
အဆုံးစွန်သော ရည်မှန်းချက်ကိုသာ အောင်မြင်နိုင်မည်ဆိုပါက မည်သူက မည်သူ့ကို အသုံးချနေသည် ဆိုသည်မှာ အရေးမကြီးတော့ပါချေ။
“ လက်ရှိ တောင်ပိုင်းနယ်စပ်ရဲ့ အခြေအနေအရ စစ်ဆေးရေးမှူး တစ်ယောက်အနေနဲ့ မင်း ဘာလုပ်သင့်သလဲ ဆိုတာကို ငါ့ကို လာမေးမနေဘဲ ကိုယ်တိုင် သိသင့်တယ်..”
ညဇီးကွက်ဘုရင်က အေးစက်တည်ငြိမ်စွာ မိန့်ကြားလိုက်၏။
“ ဒါဆိုရင်လည်း ကျွန်မရဲ့ အစီအစဉ်ကို ပြောပြပါ့မယ်.. ”
ရှောင်ချင်အာက အနည်းငယ်မျှ တုန်လှုပ်ခြင်း မရှိဘဲ ချေပ လိုက်၏။
“ ကျွန်မရဲ့ အမြင်အရဆိုရင် တောင်ပိုင်းနယ်စပ် တည်ငြိမ်ဖို့အတွက် ပထမဆုံး အနေနဲ့ ဒုက္ခတွေရဲ့ အရင်းအမြစ်ကို ဖြတ်တောက်ပစ်ရပါမယ်.. အဲဒါကတော့ နယ်စပ် ခံစစ်စည်းတွေကို ပြန်လည် တည်ဆောက်ဖို့ပါပဲ.. ”
နယ်စပ်ရှိ ခံစစ်စခန်းများစွာမှာ ပျက်စီးသွားခဲ့ပြီး နတ်ဆိုးများ၏ သိမ်းပိုက်ခြင်းကို ခံထားရသဖြင့် နတ်ဆိုးများမှာ အဆက်မပြတ် ဝင်ရောက်လာနေကြ၏။ လွန်ခဲ့သော နှစ်များအတွင်းက ချန်းလန်ဘုရင်နှင့် တောင်ပိုင်းနယ်စပ် အသီးသီးရှိ တပ်စခန်းများမှာ နယ်စပ် ခံစစ်စခန်းများကို ပြန်လည် သိမ်းပိုက်ရန် စစ်တပ်ကြီးများကို အကြိမ်ကြိမ် စုဖွဲ့ခဲ့သော်လည်း နတ်ဆိုးများ၏ ပြင်းထန်သော ခုခံမှုကိုသာ ကြုံတွေ့ခဲ့ရသည်။
“ နယ်စပ်ကို ပြန်လည် တည်ဆောက်ဖို့ဆိုတာ ပြောရတာတော့ လွယ်ပါတယ်.. ဒါပေမဲ့ အဲဒီလို ဖြစ်လာဖို့အတွက် သွေးနဲ့ အသားတွေ ဘယ်လောက်တောင် ပေးဆပ်ရမလဲ ဆိုတာ မင်း သိရဲ့လား” ညဇီးကွက်ဘုရင်က မေးမြန်းလိုက်၏။
“ ကျွန်မ အောင်မြင်အောင် လုပ်မှာပါ”
ရှောင်ချင်အာသည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်ရင်း၊ ကြေးညိုရောင် မျက်နှာဖုံးအောက်ရှိ နက်ရှိုင်းလှသော မျက်လုံးများကို စူးစိုက်ကြည့်ကာ ဆိုလိုက်၏။
“ကျွန်မအနေနဲ့ ညဇီးကွက်ဘုရင်ကို တစ်ခုလောက် တောင်းဆိုချင်ပါတယ်.. အဲဒါကတော့ ကြာပန်းနက် နတ်ဆိုးဧကရာဇ်ကို အနီးကပ် စောင့်ကြည့်ပေးဖို့ပါပဲ.. ”
သူမ စကားကို ကြားသောအခါ ညဇီးကွက်ဘုရင်က ကျယ်လောင်စွာ အော်ရယ်လိုက်၏။
“ မင်းက ငါ့ကို အမိန့်ပေးနေတာလား”
“မလုပ်ရဲပါဘူး.. ဒါပေမဲ့ ဒါက ကျွန်မတို့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုပါ၊ ပြီးတော့ နယ်စပ်ကို ပြန်လည် တည်ဆောက်ဖို့ ဆိုတာကလည်း အရှင်မင်းကြီးရဲ့ အစီအစဉ်ထဲမှာ ပါဝင်နေတာပဲ မဟုတ်လား” ရှောင်ချင်အာက တည်ငြိမ်စွာ ပြောကြားလိုက်၏။
“ ငါ ဘာတွေ တွေးနေသလဲ ဆိုတာကို ခန့်မှန်းဖို့ ကြိုးစားတဲ့သူတွေ အများကြီး ရှိခဲ့ဖူးတယ်.. ဒါပေမဲ့ ငါ့မျက်နှာကို တည့်တည့်ကြည့်ပြီး အခုလို ပြောရဲတဲ့သူကတော့ မင်းက ပထမဆုံးပဲ..”
ညဇီးကွက်ဘုရင်၏ အသံမှာ မည်သည့် စိတ်ခံစားချက်မျှ ပါဝင်ခြင်း မရှိပါချေ။
“ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ လုပ်ရပ်တွေနဲ့ စကားလုံးတွေက ကျွန်မရဲ့ အမှန်တရားအပေါ်မှာပဲ အခြေခံထားလို့ပါ..ကျွန်မမှာ ရှက်စရာ ဘာမှမရှိတာကြောင့် ဘာကို ကြောက်နေရမှာလဲ”
ရှောင်ချင်အာက ဆက်လက်၍ မှာကြားလိုက်၏။
“ကျွန်မရဲ့ သစ္စာရှိမှုဟာ တောင်ပိုင်းနယ်စပ် မြေပြင်နဲ့ ကျွန်မတို့ ရှောင်မိသားစုရဲ့ ကံကြမ္မာကို ထောက်ပံ့ပေးနေတဲ့ ပြည်သူတွေအတွက်ပဲ ဖြစ်ပါတယ်.. ညဇီးကွက်ဘုရင် အတွက်တော့ မဟုတ်ပါဘူး.. ”
“ နှလုံးသားမေးခွန်း ကူကောင်လား.. စိတ်ဝင်စားဖို့ ကောင်းသားပဲ.. ”
ညဇီးကွက်ဘုရင်သည် ဤမျှ ထက်မြက်သော စကားလုံးများဖြင့် ပြန်လည် ချေပခြင်းကို မကြုံတွေ့ရသည်မှာ ကြာလှပြီ ဖြစ်ရာ၊ သူသည် ဒေါသထွက်မည့်အစား ဝမ်းမြောက်သွားခဲ့သည်။ တာ့ယန်အင်ပါယာအတွက် အမှန်တကယ် လိုအပ်နေသည်မှာ ဤကဲ့သို့သော ရှောင်ချင်အာမျိုးပင် ဖြစ်၏။ ညဇီးကွက်အစောင့်တပ်အပေါ် သစ္စာရှိမရှိ ဆိုသည်မှာ သူ၏ အတွက်တော့ အရေးမကြီးလှပါချေ။
“ဟဲဟဲ”
ရှောင်ချင်အာသည် ဘာမျှ ထပ်မံ မဆိုတော့ဘဲ လှည့်ထွက်သွားလေတော့၏။
“ နဝမကူနန်းတော်ကို ပြန်တော့မလို့လား”
ညဇီးကွက်ဘုရင်က ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ရင်း ဆိုလိုက်၏။
“ နဝမကူနန်းတော်ဟာ တောင်ပိုင်းနယ်စပ်ရဲ့ ကိစ္စတွေမှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့တာပဲ.. ငါ့အနေနဲ့လည်း ငါ့ရဲ့ စစ်မှန်တဲ့ စိတ်စေတနာကို ပြသဖို့အတွက် အဲဒီကို သွားသင့်တာပေါ့”
လောကကြီးရှိ လူသားတို့မှာ အကျိုးအမြတ်အတွက်သာ လှုပ်ရှားနေကြပြီး အမြတ်ရရန်အတွက်သာ ကမောက်ကမ ဖြစ်နေကြသည် မဟုတ်ပါလော။
ရှောင်ချင်အာအနေဖြင့်မူ ညဇီးကွက်ဘုရင်တွင် မည်သည့် စိတ်စေတနာမှ ရှိမည်မဟုတ်ဘဲ၊ အကျိုးစီးပွားနှင့် ပူးပေါင်းကြံစည်မှုများသာ ရှိလိမ့်မည်ဟု တွေးတောနေမိသည်။
သူမသည် ဘာမျှ ပြန်မပြောဘဲ လျင်မြန်စွာသာ လှောက်လှမ်းသွားတော့၏။
အမှန်တကယ်တွင်လည်း ညဇီးကွက်ဘုရင်သည် အစစ်အမှန် ‘မင်းသားငယ်’ မှာ နဝမကူနန်းတော်အတွင်း ရှိမရှိကိုသာ သိလို၏။ အရှေ့ပိုင်း ယူနယ်မြေမှ ယူဘုရင် လင်းယွဲ့ ကျဆုံးသွားချိန်တွင်၊ သူ၏ သိုင်းပညာ အနှစ်သာရ ဖြစ်သော ပုံရိပ်ယောင်မှာ လျှို့ဝှက်ဆန်းကြယ်စွာ ဖျက်ဆီးခြင်း ခံလိုက်ရသည် မဟုတ်ပါလော။ တိမ်ဖုံးရွှေလင်းတ၏ အစီရင်ခံစာအရ အန်းမူယောင်မှာ တောင်ပိုင်းနယ်စပ်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့ကြောင်း သိရ၏။ သူ၏ ထိုးထွင်းသိမြင်မှုနှင့် ခန့်မှန်းချက်များအရ၊ ရှိသမျှ သဲလွန်စများ အားလုံးမှာ လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်ကတည်းက တည်ရှိနေခဲ့သည့် ထိုတိတ်ဆိတ်ပြီး လျှို့ဝှက်ဆန်းကြယ်သော နေရာဆီသို့သာ ညွှန်ပြနေတော့၏။
နာရီအနည်းငယ် ကြာပြီးနောက်တွင်မူ ညဇီးကွက်ဘုရင်သည် နဝမကူတောင်တန်းများဆီသို့ ရောက်ရှိလာခဲ့၏။ သူသည် တာ့ယန်နိုင်ငံတော်၏ ဧကရာဇ် တံဆိပ်တော်ကို ဆောင်ကြဉ်းလာခဲ့ပြီး နဝမကူနန်းတော်နှင့် အမှတ် (၁၂) ကူနန်းများကို ဖြတ်သန်းသွားခဲ့သော်လည်း ဘာမျှ ရှာမတွေ့ခဲ့ချေ။
“ မင်းသားငယ်က ဒီမှာ မရှိဘူးလား”
ကြေးညိုရောင် မျက်နှာဖုံးအောက်ရှိ သူ၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် ကွေးညွတ်သွားသည်။
“ ကြည့်ရတာ မင်းသားငယ်က ငါ့ကို မယုံကြည်သေးဘဲ အမှောင်ထဲကနေ စောင့်ကြည့်နေတုန်းပဲ ထင်တယ်.. ”
ညဇီးကွက်ဘုရင်သည် အလောတကြီး မဖြစ်ပါချေ။ မင်းသားငယ်ကို လောလောဆယ် ရှာမတွေ့ခြင်းအတွက် သူ စိတ်မပူပေ။ သူ၏ ထံတွင် အချိန်များစွာ ရှိနေသဖြင့် စိတ်ရှည်စွာ စောင့်ဆိုင်းနိုင်သည်။ သဲလွန်စများမှာလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလိမ့်မည်။ တစ်နေ့နေ့တွင်မူ အသင့်တော်ဆုံး အချိန်၌ မင်းသားငယ် ပေါ်ထွက်လာလိမ့်မည်ဟု သူ ယုံကြည်ထားသည်။ ကြီးမြတ်သော အမွေအနှစ်၏ ဆန္ဒနှင့် သူ၏ အလိုဆန္ဒအတိုင်းပင် ဖြစ်လာရပေမည်။
ချန်းလန်နယ်မြေ၊ မြို့တော်။
ရက်ပေါင်းများစွာ ဆွေးနွေးညှိနှိုင်းပြီးနောက်တွင်မူ ချန်းလန်ဘုရင်အသစ် ရှောင်လီသည် ကျန်းအင်ပါယာမှ ဆင်းသက်လာသူ မုရုံစုနှင့် ပူးပေါင်းဆောင်ရွက်ရန် နောက်ဆုံးတွင် သဘောတူလိုက်၏။ နှစ်ဖက်စလုံးမှာ သဘောတူညီမှု ရရှိသွားကြသည်။
ချန်းလန်နယ်မြေမှ ကျန်းအင်ပါယာသို့ နယ်မြေတစ်ခု ပေးအပ်မည်ဖြစ်ပြီး ထိုနေရာတွင် စစ်တပ်များကို လေ့ကျင့်စေကာ ချပ်ဝတ်များနှင့် လက်နက်များကို သွန်းလုပ်ခွင့် ပြုမည် ဖြစ်၏။ မုရုံစု၏ စစ်တပ်နှင့် ပညာရှင်များမှာလည်း ရှောင်လီ၏ အမိန့်ကို နာခံရမည်ဖြစ်ပြီး ချန်းလန်စစ်တပ်၏ လှုပ်ရှားမှုများကို ကူညီပေးရမည် ဖြစ်တော့၏။
စံအိမ်တော်အတွင်း၌..
ချန်းလန်နယ်မြေမှ ဗိုလ်ချုပ် ကျိုးရှန်းသည် စံအိမ်တော်တံခါးဝသို့ ရောက်ရှိလာခဲ့သည်။ သူသည် ဓားကို ကိုင်ဆောင်ကာ ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူ၏ မျက်နှာမှာ အလွန်ပင် လေးနက်နေ၏။ သူသည် ဘုရင်၏ ရှေ့မှောက်တွင် ဒူးထောက်ခြင်း မရှိဘဲ၊ ပြင်းထန်သော လေသံဖြင့် မေးခွန်းထုတ်လိုက်သည်။
“ အရှင်မင်းကြီး.. အရင်မင်းဆက်ရဲ့ အကြွင်းအကျန်တွေကို စစ်သည်စုဆောင်းဖို့နဲ့ လေ့ကျင့်ဖို့ နေရာပေးထားတယ်လို့ ကျွန်တော်မျိုး ကြားသိရပါတယ်.. အရှင်မင်းကြီးက တကယ်ပဲ ပုန်ကန်ဖို့ ကြံစည်နေတာလား”
“ ကျိုးရှန်း..မင်းရဲ့ အဆင့်အတန်းကို မင်း သတိရစမ်း..ဘယ်သူ့ကို စကားပြောနေတယ်လို့ ထင်နေတာလဲ” ရှောင်လီက ဒေါသတကြီး ကြုံးဝါးလိုက်၏။
“ ကွယ်လွန်သူ ဘုရင်မင်းမြတ် မသေဆုံးခင်မှာ ကျွန်တော်မျိုးကို ပထမဆုံး အရေးကြီးဆုံးအနေနဲ့ မှာကြားခဲ့တာက အရှင်မင်းကြီးကို ကောင်းကောင်း စောင့်ရှောက်ပေးဖို့ပါပဲ..”
ကျိုးရှန်းက သွားကို တင်းတင်းကြိတ်ကာ ဆိုလိုက်၏။
“ ကွယ်လွန်သူ ဘုရင်မင်းမြတ်က မိန့်ကြားခဲ့ဖူးတယ်.. အရှင်မင်းကြီး အနေနဲ့ တာ့ယန်အင်ပါယာကို မုန်းတီးလို့ ရတယ်.. ညဇီးကွက်ဘုရင်ကိုလည်း မထီမဲ့မြင် လုပ်လို့ ရတယ်.. ဒါပေမဲ့ မင်းရဲ့ ကိုယ်ကျင့်တရားတွေကိုတော့ လုံးဝ အပျောက်မခံပါနဲ့ ရှောင်မိသားစုရဲ့ ဘိုးဘေးတွေရဲ့ မှာကြားချက်တွေကိုလည်း မချိုးဖောက်ပါနဲ့ တဲ့”
“ အရင်မင်းဆက်ရဲ့ အကြွင်းအကျန်တွေနဲ့ ပူးပေါင်းပြီး ပုန်ကန်တာဟာ ဘယ်လောက်တောင် ကြီးမားတဲ့ ပြစ်မှုလဲ ဆိုတာကို အရှင်မင်းကြီး သိသင့်ပါတယ်.. ”
“ တစ်ခါ
စစ်မီးတောက်လောင်သွားပြီဆိုရင်၊ ချန်းလန်နယ်မြေ တစ်ခုလုံးဟာ ဒုက္ခတွင်းထဲကို နစ်မွန်းသွားရတော့မှာပါ၊ အကယ်၍ အရှင်မင်းကြီးက ပြည်သူတွေကို လျစ်လျူရှုမယ်ဆိုရင်တော့၊ အရှင်မင်းကြီးဟာ ဘုရင်တစ်ပါး ဖြစ်ဖို့ မထိုက်တန်ပါဘူး.. ”
သမိုင်းတစ်လျှောက်ရှိ ချန်းလန်ဘုရင်များ အားလုံးမှာ၊ ရှောင်မိသားစု၏ ပထမဆုံး ချန်းလန်ဘုရင်၏ သွန်သင်ချက်များကို လိုက်နာကာ ပြည်သူများကို ချစ်ခင်မြတ်နိုးသော၊ ဖြောင့်မတ်မှန်ကန်သည့် မင်းကောင်းမင်းမြတ်များသာ ဖြစ်ခဲ့ကြသည်။ ရှောင်လီကဲ့သို့ အစွန်းရောက်ပြီး စွဲလမ်းမှု ကြီးမားသော ဘုရင်မျိုး တစ်ခါမျှ မရှိခဲ့ဖူးပါချေ။
“ ကျွန်တော် ချန်းလန်ပြည်သူတွေကို ဒုက္ခမရောက်စေရပါဘူး.. ”
ရှောင်လီက နာကျည်းစွာဖြင့် မှာကြားလိုက်၏။
“ ကျွန်တော်က ညဇီးကွက်ဘုရင်ကိုပဲ ထိုက်တန်တဲ့ အဖိုးအခ ပေးစေချင်တာပါ၊ ကျွန်တော်ကတော့ စစ်ပွဲအသစ်တစ်ခုကို ဘယ်တော့မှ စတင်မှာ မဟုတ်ပါဘူး.. အကယ်၍ အဲဒီနေ့သာ ရောက်လာခဲ့ရင်၊ ကျွန်တော့်ရဲ့ ခေါင်းကိုပဲ အဖြတ်ခံပြီး အရာရာကို အဆုံးသတ်ပေးလိုက်ပါ့မယ်..”
“ အရှင်မင်းကြီးက ငယ်ပါသေးတယ်.. ”
ကျိုးရှန်းက ခါးသီးစွာ ဆိုလိုက်၏။
“ တချို့ကိစ္စတွေက တစ်ခါ ဖြစ်သွားပြီဆိုရင် ထိန်းချုပ်လို့ မရတော့ပါဘူး.. လူတစ်ယောက်ရဲ့ ခေါင်းကို ဖြတ်လိုက်ရုံနဲ့ ဒါမှမဟုတ် လူတစ်ယောက်ရဲ့ သွေးကို စတေးလိုက်ရုံနဲ့တင် ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ပါဘူး.. ”
“ ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ”
ရှောင်လီက ပြတ်သားစွာ ဆိုလိုက်၏။
“ ဘယ်လို ပြစ်မှုမျိုးပဲ ဖြစ်ပါစေ၊ ထာဝရ အပြစ်သားအဖြစ် အမည်ပျက်ရမယ် ဆိုရင်တောင်မှ၊ ကျွန်တော် အရာရာကို တာဝန်ယူပါ့မယ်.. ညဇီးကွက်ဘုရင်ကတော့ သေချာပေါက် ပေးဆပ်ရမှာပဲ.. ”
ထိုသို့ပြောပြီးနောက် ချန်းလန်ဘုရင်အသစ်မှာ လှည့်ထွက်သွားလေတော့၏။
လေ့ကျင့်ရေး ကွင်းပြင်အတွင်း၌..
ပြန်လည် နိုးထလာကြသော မိသားစုဝင်များကို ကြည့်ရင်း၊ မုရုံစုသည် တစ်ခါမျှ မခံစားဖူးသော ကြည်နူးမှုမျိုးကို ခံစားနေရသည်။ တောက်ပသော အနာဂတ်မှာ သူ့အား စောင့်ကြိုနေသကဲ့သို့ ရှိနေတော့၏။ ဘိုးဘေးတို့၏ အမွေအနှစ်မှာ ဤမျိုးဆက်တွင် ပြန်လည် တောက်ပလာတော့မည်သာ။
“ သခင်လေး၊ ထျန်းဝေ့ထျန်းကနေ သတင်းတစ်ခု ရောက်ရှိလာပါတယ်.. ”
ထိုစဉ် အစောင့်တစ်ဦးက သတင်းတစ်ခုကို ဆောင်ကြဉ်းလာခဲ့သည်။
“ ဪ”
မုရုံစုသည် သတင်းကို လှမ်းယူကာ အသေအချာ ဖတ်ရှုလိုက်ရာ၊ သူ၏ မျက်နှာထက်တွင် ဝမ်းသာအားရသည့် အမူအရာများ ပေါ်ပေါက်လာခဲ့သည်။
“ သဲကန္တာရ ဆယ့်ခြောက် ပြည်ထောင်က ရှာနေတဲ့ လူကို သူတို့ တွေ့ပြီတဲ့လား”
အလယ်ပိုင်းဒေသ၏ အင်အားကြီး ခုနစ်ခုတွင် ထိပ်ဆုံးမှ ရှိနေသော ထျန်းဝေ့ထျန်း (ထျန်းဝေ့ထျန်း-
ကောင်းကင်ဘုံ အလွန် ကောင်းကင်ဘုံ ဟု အဓိပ္ပာယ်ရပါသည် )
၏ ဂုဏ်သတင်းမှာ သူ၏ စွမ်းဆောင်ရည်ကို သက်သေပြနေခြင်းပင် ဖြစ်၏။ ဤအဖွဲ့အစည်းမှာ အဖြူအမည်း မသဲကွဲဘဲ၊ မည်သည့်အရာကိုမဆို လုပ်ဆောင်ရဲသလို လုပ်ဆောင်နိုင်စွမ်းလည်း ရှိသည်။
“ ကောင်းကင်ဘုံက ကျန်းအင်ပါယာကို ကူညီနေတာပဲ ဖြစ်ရမယ်.. ”
မုရုံစုက လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်၏။
“ အဲဒီကို သွားပြီးတော့ လူကို ခေါ်လာခဲ့ပါ ဒါပေမဲ့ သဲကန္တာရ ဆယ့်ခြောက် ပြည်ထောင်က သံတမန်တွေကိုတော့ လောလောဆယ် အသိမပေးနဲ့ဦး”