ကြားဖြတ်တားဆီးမှုနှင့် ရင်ဆိုင်ရခြင်း
Vol. 12 Ch. 137
အရှေ့ပိုင်း ယူနယ်မြေ။
ကောင်းကင်ယံ အမြင့်ထက်တွင် လင်းယုန်ကြီး တစ်ကောင်သည် လေဟုန်စီးကာ ပျံသန်းနေ၏။ ထိုလင်းယုန်ကျောပေါ်၌ လီယွမ်နှင့် နင်ဟုန်ယွီတို့မှာ အတူတကွ ထိုင်ပါလာကြ၏။ယခုခရီးစဉ်တွင်မူ သူတို့နှစ်ဦးတည်း မဟုတ်ဘဲ လောကီအညစ်အကြေး ကင်းစင်လှသော ဓားနတ်သမီးပါ ပါဝင်လာသည်။
နင်ဟုန်ယွီသည် နတ်မိမယ်တစ်ပါးအလား လှပလွန်းသော ဓားနတ်သမီးကို ငေးကြည့်ရင်း အတွေးထဲ နစ်ဝင်နေ၏။
“အဲဒီတုန်းက ငါ ဘာလို့ မတွေးမိခဲ့တာပါလိမ့်..တကယ်ကို အလွယ်တကူ လှည့်စားခံလိုက်ရတာပဲ.. ” ဟု သူမက တိုးတိုးလေး ရေရွတ်လိုက်၏။မိမိကိုယ်ကိုယ် အနည်းငယ်မျှပင် အူကြောင်ကြောင် နိုင်လှသည်ဟု သူမ ခံစားနေရသည် မဟုတ်ပါလော။
သာမန် မိန်းကလေးတစ်ဦးမှာ ဤကဲ့သို့ လောကီရေးရာများနှင့် ကင်းကွာကာ အေးစက်တည်ငြိမ်သည့် အလှတရားမျိုးကို ပိုင်ဆိုင်နိုင်မည် မဟုတ်ချေ။ လီယွမ်က သူမအား ‘ဝမ်းကွဲညီမ’ ဟု ပြောစဉ်က သူမသည် အကြွင်းမဲ့ ယုံကြည်ခဲ့ပြီး ‘ဓားနတ်သမီး’ ဖြစ်နိုင်သည်ဟု လုံးဝ မတွေးမိခဲ့ပေ။
“ ဟားဟား.. စီနီယာအစ်မကြီးက တကယ်ကို ချစ်ဖို့ကောင်းတာပဲ.. ” ဟု လီယွမ်က နောက်ပြောင်လိုက်၏။
“ သတ်ပစ်ချင်စရာပဲ.. ”
နင်ဟုန်ယွီက ရှက်ကိုးရှက်ကန်းဖြင့် ဒေါသထွက်ဟန် ပြလိုက်၏။
“ မင်းက ငါ့ရဲ့ ယုံကြည်မှုကို အလွဲသုံးစား လုပ်လိုက်တာပဲ.. ”
“ အခုတော့ ကျွန်တော် ပြောပြလိုက်ပြီလေ”
လီယွမ်က ရယ်လျက် ပြန်ပြောလိုက်သည်။
“ ဟွန့်..ငါသာ အမှတ်မထင် တွေ့မသွားရင် မင်း ငါ့ကို ဘယ်တော့မှ ပြောပြမှာ မဟုတ်ဘူး.. ”
နင်ဟုန်ယွီက နှာခေါင်းရှုံ့ကာ ဆို၏။
“ ဒါက ကံကြမ္မာပဲလေ”
လီယွမ်က အလွန်တည်ကြည်သော လေသံဖြင့် ဆိုလိုက်သည်။
နင်ဟုန်ယွီသည် ခေါင်းလေးကို စောင်းကာ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလာသည်က..
“ အဲဒါလည်း ဟုတ်သားပဲ.. ဒီလို လျှို့ဝှက်ချက်မျိုးကို ငါတစ်ယောက်တည်း သိနေရတာက တကယ့်ကို ကံကြမ္မာပါပဲ.. မင်းက ငါ့ကို သဘောကျနေတုန်းပဲပေါ့”
သူမက ပြောရင်း တခစ်ခစ် ရယ်နေတော့၏။
လီယွမ်က သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ချလိုက်၏။
“ စီနီယာအစ်မကြီး... ဘာလို့ အဲဒီဘက်ကိုပဲ အမြဲတွေးနေရတာလဲ စစ်မှန်သောချစ်ခြင်းကူက အစ်မကြီးရဲ့ ဦးနှောက်ကိုများ လွှမ်းမိုးထားတာလား”
“ အဲဒီလိုပဲ ဆိုပါတော့..ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ မင်းကိုပဲ သဘောကျတာ”
နင်ဟုန်ယွီက မကွယ်မဝှက်ဘဲ ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်လေသည်။
“ ဒီမှာတင် အဆုံးသတ်လိုက်ကြရအောင်”
လီယွမ်မှာလည်း ဘာမှ ဆက်မပြောနိုင်တော့ဘဲ လက်မှိုင်ချလိုက်ရ၏။
နင်ဟုန်ယွီသည်လည်း သူ့အား ဆက်၍ မစနောက်တော့ဘဲ ဓားနတ်သမီးဘက်သို့ လှည့်ကြည့်လိုက်ငည်။
“ သူက မင်းနဲ့အတူ ရှိနေတာ ကြာပြီလေ ဒါပေမဲ့ အခုထိ အူတူတူ ပုံစံမျိုးပဲ ရှိနေသေးတယ်.. သူ့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးက တကယ်ပဲ ပြန်ကောင်းလာနိုင်မှာလား”
“ ကျွန်တော် ထင်တာကတော့... ရမှာပါ”
ပြန်လည် ကောင်းမွန်လာမည်မှာ သေချာသော်လည်း အချိန်မည်မျှ ကြာမြင့်မည်ကိုမူ လီယွမ်လည်း မသိချေ။
“ တကယ်လို့ မင်းက အိုမင်းရင့်ရော်ပြီး ဆံပင်ဖြူတွေ နားထင်မှာ အရေးအကြောင်းတွေနဲ့ ဖြစ်သွားတဲ့အချိန်မှာ ဓားနတ်သမီးက အခုလိုပဲ လှပနုပျိုနေတုန်းဆိုရင် မင်း သူ့အတွက် စိတ်မပူဘူးလား.. မင်းသာ ကွယ်လွန်သွားခဲ့ရင် သူက လောကကြီးရဲ့ ယုတ်မာမှုတွေကို တစ်ကိုယ်တည်း ရင်ဆိုင်ရတော့မှာလေ”
ဤစကားများမှာ တစ်ဝက်မှာ နောက်ပြောင်ခြင်း ဖြစ်သော်လည်း တစ်ဝက်မှာမူ အနာဂတ်တွင် အမှန်တကယ် ဖြစ်လာနိုင်သည့် အချက်များပင် ဖြစ်ပါသည်။
“ ကျွန်တော် ..သူ့ကို နိုးထလာအောင် လုပ်မှာပါ” ဟု လီယွမ်က ယုံကြည်မှု အပြည့်ဖြင့် ဆိုလိုက်၏။
“ တကယ်လို့သာ မနိုးလာခဲ့ရင်ရော”
နင်ဟုန်ယွီက ထပ်မံ မေးမြန်းလိုက်သည်။
လီယွမ်သည် တိတ်ဆိတ်သွားခဲ့၏။ သို့သော် သူ၏ စိတ်ထဲ၌ ‘တကယ်လို့သာ’ ဟူသော အချက်မှာ မရှိချေ။
ဓားနတ်သမီးသည် သူ၏ ပင်မကူကောင် ဖြစ်သလို သူနှင့် အသက်ဆက်ထားသူလည်း ဖြစ်သည်။သေတူရှင်ဖက် မြဲမြံစွာ ချည်နှောင်ထားသည့်အတွက် သူတို့သည် ထာဝရ အတူရှိနေကြမည်သာ။
လီယွမ်၏ လေးနက်နေသော အမူအရာကို မြင်တွေ့ရသောအခါ နင်ဟုန်ယွီသည် ဆက်၍ မမေးတော့ဘဲ
“ ငါ ဆိုလိုတာက... ငါတို့နှစ်ယောက် ကလေးတစ်ယောက် ယူလိုက်ကြရင်ကော ငါတို့ရဲ့ ကလေးကြီးလာတဲ့အခါ ဓားနတ်သမီးကို ဆက်ပြီး စောင့်ရှောက်ပေးလို့ ရတာပေါ့”
သူမက ထိုသို့ ဆိုကာ ရယ်လိုက်ပြန်၏။
“ ... ”
လီယွမ်မှာကား ဆွံ့အသွားရတော့၏။
နင်ဟုန်ယွီက နောက်ထပ် စကားတစ်ခွန်း ဆိုရန် ပြင်လိုက်စဉ်မှာပင် လီယွမ်သည် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ အဝေးရှိ ‘လေပြေကူ’ ထံမှ သတိပေးချက်တစ်ခု ရောက်ရှိလာခြင်းပင်။
“ရွှစ် ရွှစ် ရွှစ်”
ချက်ချင်းဆိုသလိုပင် သူတို့ လွှတ်ထားသော ကင်းလှည့်အဖွဲ့များနှင့် ကင်းထောက်အဖွဲ့များ အားလုံးမှာ တစ်ပြိုင်နက်တည်း သုတ်သင် ရှင်းလင်းခြင်း ခံလိုက်ရ၏။
“ တစ်ယောက်ယောက် လာနေပြီ အစွမ်းထက်တဲ့သူ တစ်ယောက်ပဲ ဖြစ်ရမယ်.. ” လီယွမ်က အသက်ကို ပြင်းပြင်း ရှူသွင်းရင်း ဆိုလိုက်၏။
“ ဘယ်သူလဲ”
နင်ဟုန်ယွီသည်လည်း အရှိန်အဝါ သုံးခု လျင်မြန်စွာ ချဉ်းကပ်လာသည်ကို အာရုံခံမိလိုက်သည်။
“ ညဇီးကွက်အစောင့်တပ်က လူတွေလား.. ငါတို့ကို အမြစ်ဖြတ်ဖို့ ကြံစည်နေတာလား”
“ မဖြစ်နိုင်ဘူး.. ညဇီးကွက်အစောင့်တပ်က ဒီလို လုပ်စရာ အကြောင်း မရှိပါဘူး.. ” ဟု လီယွမ်က ခေါင်းခါယမ်းလိုက်၏။
ညဇီးကွက်ဘုရင်မှာ လူမိုက် မဟုတ်ချေ။ သူ၏ ရည်မှန်းချက် အောင်မြင်သွားပြီ ဖြစ်ရာ သူတို့ကို ကြားဖြတ်တားဆီးခြင်းဖြင့် ရရှိမည့် အကျိုးအမြတ်မှာ မရှိသလောက်ပါပင်။ ထို့အပြင် ဤသို့ လုပ်ဆောင်ခြင်းက သူ၏ စေ့စပ်သေချာလှသော အစီအစဉ်များကိုပါ ပျက်စီးသွားစေနိုင်သည် မဟုတ်ပါလော။
“ ဒါဆိုရင် ဘယ်သူလဲ”
နင်ဟုန်ယွီက မျက်မှောင်ကြုတ်လိုက်ရာ သူမ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များမှာ လှိုင်းထလာပြီး ကူနန်းတော်၏ ကောင်းကင်ဖြစ်စဉ် ပုံရိပ်ယောင်များမှာ တဖျပ်ဖျပ် ပေါ်ထွက်လာ၏။
“ ကြည့်လိုက်ရင် သိရမှာပါ”
လီယွမ်က အဝေးသို့ လှမ်းကြည့်လိုက်ရာ ရောင်စဉ်ခုနစ်သွယ် သက်တန့် သုံးခုသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ၏ အမှတ်အသားများ ပေါ်ပေါက်သွားသဖြင့် အမည်မသိ အစွမ်းထက် ပုဂ္ဂိုလ်များ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရခြင်းများလားဟု သူ စိုးရိမ်နေမိ၏။
သက်တန့်ရောင်စဉ်များ ကျဆင်းလာခဲ့ရာ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ပေါ်ထွက်လာကြ၏။ သူတို့ အားလုံးမှာ သိုင်းသူတော်စင် နယ်ပယ်ရှိ ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း မျက်နှာများမှာမူ သူစိမ်းများ ဖြစ်နေကြပြီး ဝတ်ဆင်ထားသော ဝတ်ရုံများမှာ အလယ်ပိုင်းဒေသမှ ဖြစ်ကြောင်း ညွှန်ပြနေတော့သည်။
စည်ကားလှသော အလယ်ပိုင်းဒေသတွင်ပင် သိုင်းသူတော်စင် သုံးဦးကို တစ်ပြိုင်နက်တည်း စေလွှတ်နိုင်သော အင်အားစုမှာ အနည်းငယ်မျှသာ ရှိ၏။ အလယ်ပိုင်းဒေသ၏ အင်အားကြီး အဖွဲ့အစည်း ခုနစ်ခုနှင့် ရှေးဟောင်း သိုင်းပညာ မိသားစုများမှအပ သာမန် အင်အားစုများမှာ ဤမျှအထိ သတ္တိရှိကြမည် မဟုတ်ပေ။
“ ရှင်တို့က... ထျန်းဝေ့ထျန်း က လူတွေလား”
နင်ဟုန်ယွီက ရောက်ရှိလာသူများကို မေးမြန်းလိုက်၏။
အလယ်ပိုင်းဒေသ၏ အင်အားကြီး ခုနစ်ခုမှာ မိုးထိအောင် မြင့်မားသည့် တောင်ထွတ် ( ထျန်းဝေ့ထျန်း-
ကောင်းကင်ဘုံ အလွန် ကောင်းကင်ဘုံ) ၊ ခမ်းနားကြီးကျယ်သော စံအိမ်တစ်ခု၊ ပြိုင်ဘက်ကင်း ဂိုဏ်းကြီး နှစ်ခုနှင့် သေမျိုး ကမ္ဘာကို ဖြတ်တောက်နိုင်သော တောင်တန်းသုံးခုတို့ ဖြစ်ကြ၏။
ထျန်းဝေ့ထျန်း မှအပ ကျန်ရှိသော အဖွဲ့အစည်း ခြောက်ခုမှာ ကိုယ်ပိုင် ဂုဏ်သိက္ခာများ ရှိကြပြီး သူတို့ကို အကြောင်းမဲ့ ကြားဖြတ်တားဆီးကြမည် မဟုတ်ချေ။ ငွေကြေးအတွက်သာ အရာရာကို လုပ်ဆောင်လေ့ရှိသည့် ထျန်းဝေ့ထျန်း သာလျှင် ဤကဲ့သို့ ပြုမူတတ်သည်။
“ အဟမ်း... အဟမ်း... ”
သိုင်းသူတော်စင် သုံးဦးထဲမှ ခပ်ဝဝ အမျိုးသားကြီးက စကားစလိုက်၏။
“မိန်းကလေး ခန့်မှန်းတာ မှန်ပေမဲ့လည်း ငါတို့ကတော့ ဝန်ခံမှာ မဟုတ်ဘူး.. ”
“ ဘာလုပ်ချင်လို့လဲ”
နင်ဟုန်ယွီက မျက်မှောင်ကြုတ်လိုက်သည်။
“ ကျွန်မတို့ နဝမကူနန်းတော်နဲ့ ရှင်တို့ ထျန်းဝေ့ထျန်းကြားမှာ ဘာပတ်သက်မှုမှ မရှိဘူး မဟုတ်လား.. ဒါမှမဟုတ် တစ်ယောက်ယောက်က ရှင်တို့ကို ငွေအမြောက်အမြား ပေးပြီး ခိုင်းလိုက်တာလား”
“ ငါ ပြောပြီးပြီလေ ငါတို့ ဝန်ခံမှာ မဟုတ်ဘူးလို့
ပန်ရှန်း သိုင်းသူတော်စင်ကြီးက ပြုံးဖြီးဖြီးဖြင့် ဆိုလိုက်၏။
“ ကြည့်ရတာ အဲဒီလိုပဲ ဖြစ်ရမယ်.. ”
သိုင်းသူတော်စင် သုံးဦးနှင့် ရင်ဆိုင်နေရသော်လည်း နင်ဟုန်ယွီသည် အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိဘဲ
“ ရှင်တို့က ကျွန်မကို ရှာနေတာလား.. ဒါမှမဟုတ် ကျွန်မရဲ့ ဂျူနီယာ မောင်လေးကို ရှာနေတာလား” ဟု ထပ်မံ မေးမြန်းလိုက်ပြန်သည်။
“ ငါတို့က မိန်းကလေးကို ရှာနေတာပါ” ပန်ရှန်း သိုင်းသူတော်စင်ကြီးက ပြန်လည် ဖြေကြားခဲ့၏။
ယခုတစ်ကြိမ်တွင်မူ လီယွမ်မှာ မျက်မှောင်ကြုတ်ရမည့် အလှည့် ရောက်ရှိသွားခဲ့ပြီ။
သူ၏ နောက်ကြောင်းမှာ မပေါ်ပေါက်သေးဘဲ စီနီယာအစ်မကြီးမှာ အဘယ်ကြောင့် ပစ်မှတ်ထား ခံနေရသနည်း။
စီနီယာအစ်မကြီး၏ အမူအရာကို ကြည့်ရသည်မှာလည်း သူမကိုယ်တိုင်ပင် အူတူတူ ဖြစ်နေပုံ ရ၏။
သူ့လိုပင် စီနီယာအစ်မကြီးတွင်လည်း ဖုံးကွယ်ထားသော နောက်ခံသမိုင်းကြောင်းများ ရှိနေသလော။
လီယွမ်သည် သူ၏ ဆရာဖြစ်သူ ယွီဟန်ချွမ်း ပြောပြခဲ့ဖူးသော စီနီယာအစ်မကြီး၏ နောက်ကြောင်းကို ပြန်လည် သတိရလိုက်၏။ နင်ဟုန်ယွီနှင့် ဒုတိယစီနီယာအစ်ကို ဖေးလော့ချန် တို့မှာ မွေးစားကလေးများ ဖြစ်ကြသည် ဟူ၍။ နင်ဟုန်ယွီကို ချန်းလန်နယ်မြေ၏ ကမ်းခြေတစ်ခုတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကာ ဖေးလော့ချန်ကိုမူ စစ်ဘေးသင့်နေသော မြို့ပျက်တစ်ခုအတွင်းမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“ ကျွန်မဆီကနေ ဘာလိုချင်လို့လဲ”
နင်ဟုန်ယွီမှာ နားမလည်နိုင် ဖြစ်နေ၏။ သူမသည် မည်သူ့ကိုမျှ ရန်မစခဲ့ပါလေ။
“ မိန်းကလေးကို ခေါ်ဆောင်သွားဖို့ ငါတို့ တာဝန်ပေးအပ် ခံထားရပါတယ်.. ငါတို့နဲ့အတူ လိုက်ခဲ့ပါ”
ပန်ရှန်း သိုင်းသူတော်စင်ကြီးသည် ရှေ့သို့ တစ်လှမ်း တိုးလာခဲ့၏။
ဓားကို ကိုင်ဆောင်ထားသော အမျိုးသားနှင့် အမျိုးသမီးတို့မှာလည်း သူ၏ နောက်မှ ခြေလှမ်းမှန်မှန်ဖြင့် လိုက်ပါလာကြ၏. သူတို့၏ မျက်နှာများမှာ အလွန်တရာ ဆင်တူလှရာ အမြွှာမောင်နှမများ ဖြစ်ရပေမည်။
“ ရပ်လိုက်”
နင်ဟုန်ယွီသည် လီယွမ်အား သူမ၏ နောက်ကွယ်တွင် အကာအကွယ်ပေးထားလိုက်ပြီး ကူအိမ်၏ ကောင်းကင်ဖြစ်စဉ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်သည်။ လူသားပုံသဏ္ဍာန် ပြောင်းလဲထားသော စစ်မှန်သောချစ်ခြင်းကူသည် ရွှေရောင် ကပ်ကြေးကြီး တစ်လက်ကို ကိုင်ဆောင်လျက် ဆင်းသက်လာခဲ့ရာ အရှိန်အဝါများ ဖြာထွက်လာ၏။
“ ငါတို့က တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး.. ”
ပန်ရှန်း သိုင်းသူတော်စင်ကြီးက လက်သီးဆုပ်ကာ အရိုအသေ ပေးလိုက်သော်လည်း သူ၏ အပြုံးမှာမူ အတင်းအဓမ္မ လုပ်ယူထားသည့်နှယ် ရှိနေသည်။
“ ငါတို့သာ တိုက်ခိုက်ဖြစ်လို့ မိန်းကလေးကို မတော်တဆ ထိခိုက်ဒဏ်ရာ ရသွားစေရင် အလုပ်ရှင်ကို ရှင်းပြရ ခက်လိမ့်မယ်.. ”
“အဟင်း”
နင်ဟုန်ယွီက လှောင်ပြောင်လိုက်၏။
“ အရင်ဆုံး ရှင့်ရဲ့ အလုပ်ရှင်က ဘယ်သူလဲဆိုတာ ပြောပြပါဦး အဲဒီနောက်မှ ကျွန်မ ရှင်တို့နောက်ကို လိုက်ခဲ့မယ်.. ”
ပန်ရှန်း သိုင်းသူတော်စင်ကြီးက ခေါင်းခါယမ်းလိုက်သည်။
“ မိန်းကလေးက တကယ် လိုက်ချင်တဲ့ ဆန္ဒ မရှိဘူးပဲ.. ”
သူ စကားပြောပြီးသည်နှင့် သူ၏ ပေါ့ပေါ့ပါးပါး အမူအရာမှာ ပျောက်ကွယ်သွားခဲ့ချေပြီ။ သူသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများမှာ သူ၏ နောက်ကွယ်တွင် ထူးဆန်းသော တောင်တန်းရှုခင်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွားတော့၏။
“ မိန်းကလေးကိုတော့ ငါတို့ မသတ်နိုင်ဘူး.. ဒါပေမဲ့ မိန်းကလေးကသာ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုရင်တော့... မိန်းကလေးရဲ့ နောက်ကွယ်က ကောင်လေးကတော့ အဲဒီအတွက် ပေးဆပ်ရလိမ့်မယ်.. ”
“ ငါတို့က လူတွေကို အကြောင်းမဲ့ မသတ်ချင်ပါဘူး.. ”
“ ဆုလာဘ်မရတဲ့ ပစ်မှတ်ကို သတ်ရတာက ငါတို့လို လူမျိုးတွေအတွက် တကယ်ကို နှမြောစရာ ကောင်းပြီး အကြီးအကျယ် ဆုံးရှုံးမှု ဖြစ်စေတာလေ”
သူသည် သက်ကြီးရွယ်အိုများမှအစ အမျိုးသမီးနှင့် ကလေးသူငယ်များအထိ လူအမျိုးမျိုးကို သတ်ဖြတ်ခဲ့ဖူးသူ ဖြစ်သည်။ မိသားစု တစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ခြင်းမှာ သူ၏ အတွက် သာမန်ကိစ္စသာ ဖြစ်သော်လည်း ဆုလာဘ်မရဘဲ လူသတ်ရန်မူ သူ ဆန္ဒမရှိချေ။
“ ဂျူနီယာ မောင်လေး... တိုက်မလား.. ပြေးမလား”
နင်ဟုန်ယွီသည် ကူကောင်၏ အသံလွှင့်နည်းလမ်းကို အသုံးပြုကာ တိုးတိုးလေး မေးမြန်းလိုက်၏။
ပြေးရမှာပေါ့။
လီယွမ်သည် လုံးဝကို စိတ်အေးလက်အေး ရှိနေသည်။
ရောက်ရှိလာသူများမှာ ကောင်းကင်နှင့်အမျှ ကြီးမြတ်သော သူတော်စင် တစ်ဦးနှင့် သိုင်းသူတော်စင်အငယ်စား နှစ်ဦးတို့ ဖြစ်ကြရာ အတော်လေး အစွမ်းထက်ကြ၏။ သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်ရန် မလိုအပ်ဘဲ ဖြစ်နိုင်ပါက ထွက်ပြေးခြင်းကသာ အကောင်းဆုံး ဖြစ်လိမ့်မည်။
“ စီနီယာအစ်မကြီး... ခဏနေရင် ကျွန်တော့်ရဲ့ လှုပ်ရှားမှုနောက်ကိုပဲ လိုက်ခဲ့ပါ”