ထျန်းဝေ့ထျန်း
Vol. 12 Ch. 138
“ မင်းရဲ့ လှုပ်ရှားမှုနောက်ကို လိုက်ရမယ်.. ဒါက ဘာကို ဆိုလိုတာလဲ”
နင်ဟုန်ယွီမှာ နားမလည်နိုင်ဘဲ တွေဝေသွားရတော့သည်။ သို့သော်လည်း သူမ ထပ်မံ၍ မေးမြန်းရန် အချိန်မရလိုက်ခင်မှာပင် လီယွမ်က စတင် လှုပ်ရှားလိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် လေဟုန်စီး လိပ်ပြာများ အုပ်စုလိုက် ပျံသန်းထွက်ပေါ်လာကာ သူတို့နှစ်ဦးအား လင်းယုန်ကျောပေါ်မှ မလျက်သား ဆောင်ကြဉ်းသွားပြီး အဝေးသို့ လျင်မြန်စွာ ပျံသန်းသွားကြသည်။ နင်ဟုန်ယွီမှာမူ ထိုအခြေအနေကို သဘောပေါက်သွားပြီးနောက် အံ့ဩဝမ်းသာသွားရတော့၏။
“ ဂျူနီယာ မောင်လေး မင်းရဲ့ စိတ်အာရုံ စွမ်းအားက ငါ့ထက်တောင် ပိုပြီး ကြွယ်ဝတာပဲ.. တစ်ပြိုင်နက်တည်းမှာ လေဟုန်စီး လိပ်ပြာ အများကြီးကို ထိန်းချုပ်နိုင်တာ တကယ့်ကို အံ့ဩစရာပဲ.. ”
လိပ်ပြာများ၏ အတောင်ပံ ခတ်သံများနှင့်အတူ လေဟုန်၏ အဟုန်က လီယွမ်နှင့် နင်ဟုန်ယွီတို့ကို ဝေးရာသို့ ခေါ်ဆောင်သွားသည်။ ထျန်းဝေ့ထျန်းမှ ရောက်ရှိလာသော သိုင်းသူတော်စင် သုံးဦးမှာလည်း ထိုမြင်ကွင်းကြောင့် တစ်ခဏမျှ မှင်သက်သွားကြရ၏။
ခုနတင်ကမှ သူတို့နှင့် တင်းမာနေသော ဝတ်ရုံနီနှင့် မိန်းကလေးမှာ ယခုတော့ အားနည်းပုံရသော ကောင်လေးနှင့်အတူ မဆိုင်းမတွ ထွက်ပြေးသွားလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ပေ။
“ လိုက်ကြ”
ပန်ရှန်း သိုင်းသူတော်စင်ကြီးသည် လေဟာနယ်ကို နင်းခြေကာ သက်တန့်ရောင်စဉ်တစ်ခုအလား ပြောင်းလဲ၍ လိုက်လံ ဖမ်းဆီးလေတော့သည်။
“အဲဒီ ကူသခင်က ကူကောင် အများကြီးကို တစ်ပြိုင်နက် ထိန်းချုပ်နေတာဆိုတော့ ကြာကြာတော့ ခံမှာ မဟုတ်ဘူး.. ”
နှစ်ဖက်စလုံးမှာ တိမ်တိုက်များနှင့် မြူခိုးများကို ဖြတ်သန်းကာ အသေအလဲ လိုက်တမ်းပြေးတမ်း ကစားနေကြ၏။
“ ဂျူနီယာ မောင်လေး.. တောင့်ခံနိုင်ရဲ့လား.. ငါပဲ လွှဲယူလိုက်ရမလား”
လိပ်ပြာအုပ်ကြီး ဝန်းရံလျက် လေဟုန်နှင့်အတူ လွင့်မျောနေသော နင်ဟုန်ယွီမှာ လီယွမ်၏ အခြေအနေအတွက် စိုးရိမ်မကင်း ဖြစ်နေရသည်။
သူတို့ကဲ့သို့ အဆင့်မျိုးတွင်မူ ကူသခင်တိုင်းမှာ ကင်းထောက်ရန် လက်အောက်ခံကူ တစ်မျိုးနှင့် အမြန်နှုန်းအတွက် လက်အောက်ခံကူ တစ်မျိုးစီကို သန့်စင်ထားလေ့ ရှိကြသည် မဟုတ်ပါလော။
နင်ဟုန်ယွီ သန့်စင်ထားသော အရိပ်လိုက်ကူကောင်မှာ လေဟုန်စီး လိပ်ပြာထက် ပိုမို မြန်ဆန်သော်လည်း ကြံ့ခိုင်မှုပိုင်းတွင်မူ လျော့နည်းလှသည်။
“ လဲစရာ မလိုပါဘူး.. ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်.. ”
အကယ်၍သာ စီနီယာအစ်မကြီး ဘေးတွင် မရှိပါက လီယွမ်အနေဖြင့် ဆန်းကြယ်ပုံရိပ်ကူကောင်ကို အသုံးပြု၍ လမ်းရှင်းနိုင်သည် ဖြစ်ရာ ယခုထက် များစွာ ပိုမို မြန်ဆန်ပြီး ရန်သူကိုလည်း အလွယ်တကူ မျက်ခြေဖြတ်နိုင်လိမ့်မည်သာ။
လိုက်လံ ဖမ်းဆီးမှုမှာ အချိန်အတော်ကြာ မြင့်ခဲ့၏။ နောက်ကွယ်မှ ထပ်ကြပ်မကွာ လိုက်ပါလာသော ပန်ရှန်း သိုင်းသူတော်စင်ကြီးမှာလည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိလိုက်သည်။
“ ဘာလို့ ဒီကောင်က အားမကုန်သေးတာလဲ”
ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက သူ၏ အခြေအနေမှာလည်း ထိခိုက်လာနိုင်ပြီး အကောင်းဆုံး စွမ်းရည်ဖြင့် တိုက်ခိုက်နိုင်တော့မည် မဟုတ်ချေ။ လုပ်ကြံသတ်ဖြတ်သူ တစ်ဦးအတွက်မူ ဤသည်မှာ သေစေနိုင်သော အားနည်းချက်ပင် ဖြစ်တော့သည်။ သို့သော်လည်း သူသည် မဖြစ်မနေ လိုက်ရပေမည်။ ဤအခွင့်အရေးကိုသာ လက်လွှတ်လိုက်ပါက နောက်တစ်ကြိမ် ပစ်မှတ်ကို ရှာဖွေရန်မှာ အလွန်ပင် ခက်ခဲသွားလိမ့်မည်။
“ ဟေးထုံ၊ ပိုင်ထုံ၊ မင်းတို့ နှစ်ယောက် သူတို့ကို အတင်းအကျပ် တားဆီးလိုက်”
ပန်ရှန်း သိုင်းသူတော်စင်ကြီးက အမိန့်ပေးလိုက်၏။
သည်အတိုင်းသာ ဆက်လက် လိုက်နေမည်ဆိုပါက တစ်ချိန်ချိန်တွင် မမျှော်လင့်ထားသော ကိစ္စများ ပေါ်ပေါက်လာနိုင်သည် မဟုတ်ပါလော။
“ ဟုတ်ကဲ့”
ထျန်းဝေ့ထျန်းမှ လုပ်ကြံသတ်ဖြတ်သူများမှာ ကိုယ်ပိုင် ထူးခြားသော စွမ်းရည်များ ရှိကြပြီး ခြေရာခံခြင်း၊ ပုန်းအောင်းခြင်းနှင့် လုပ်ကြံခြင်းတို့တွင် အလွန်ပင် ကျွမ်းကျင်ကြသည်။ ဟေးထုံနှင့် ပိုင်ထုံမှာ အမြွှာမောင်နှမများ ဖြစ်ကြ၏။ သူတို့နှစ်ဦးမှာ ငယ်စဉ်ကတည်းက သိုင်းပညာကို အတူတကွ လေ့ကျင့်ခဲ့ကြသူများ ဖြစ်ရာ သူတို့၏ သိုင်းကွက်များမှာလည်း အပြန်အလှန် အထောက်အကူပြုပြီး တစ်သားတည်း ကျနေတော့သည်။
ဟေးထုံနှင့် ပိုင်ထုံတို့မှာ ဓားများကို တစ်ပြိုင်နက်တည်း ဆွဲထုတ်လိုက်ကြသည်။ ဟေးထုံက ဓားဖြူတစ်လက်ကို ကိုင်ဆောင်ထားပြီး ပိုင်ထုံကမူ ဓားမည်းတစ်လက်ကို ကိုင်ဆောင်ထား၏။ ဓားနှစ်လက်မှာ တစ်ခုနှင့်တစ်ခု ရစ်ပတ်သွားကြပြီး သူတို့၏ အရောင်များမှာလည်း ရောယှက်သွားကာ အစစ်အမှန်နှင့် ပုံရိပ်ယောင်တို့ ထိတွေ့နေသည့်အလား ဖြစ်နေတော့၏။
“ အမည်းနဲ့ အဖြူ..လျှပ်တစ်ပြက် ဓားချက်”
မောင်နှမ နှစ်ဦးက တညီတညွတ်တည်း အော်ဟစ်လိုက်ရင်း ဓားများကို တစ်ပြိုင်နက်တည်း ခုတ်ပိုင်းလိုက်ကြသည်။ လျှပ်တပြက်ပင် ဓားချီစွမ်းအင်များမှာ အမည်းနှင့် အဖြူရောင်များ ရောယှက်လျက် ကောင်းကင်ယံကို လျှပ်တစ်ပြက် ဖောက်ထွင်းသွား၏။ လမ်းကြောင်းပေါ်ရှိ တိမ်တိုက်ဖြူဖြူများကိုလည်း ကောင်းကင်ကြီး တစ်ခုလုံးကို နှစ်ခြမ်း ခွဲပစ်လိုက်သကဲ့သို့ ကြေမွသွားစေတော့သည်။
“ ငါ ကိုင်တွယ်လိုက်မယ်.. ”
နင်ဟုန်ယွီသည် စစ်မှန်သောချစ်ခြင်းကူကို အစွမ်းကုန် အသက်သွင်းလိုက်၏။ စစ်မှန်သောချစ်ခြင်းကူထံမှ ရွှေရောင် အာရုံခံမျှင် နှစ်ခု ထွက်ပေါ်လာခဲ့ပြီး သူမ၏ နောက်ကွယ်တွင်မူ ကပ်ကြေးကြီး တစ်လက်ကို ကိုင်ဆောင်ထားသော ကူအိမ်၏ ကောင်းကင်ဖြစ်စဉ် ပုံရိပ်ယောင် အမျိုးသမီးကြီးက ရုတ်တရက် ခုတ်ပိုင်းလိုက်သည်။
“ချွမ်”
ဓားချင်း ထိတွေ့မိသွားသော အခိုက်အတန့်၌ အမည်းနှင့် အဖြူရောင် ဓားချီစွမ်းအင်များမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ပြတ်တောက်သွားရတော့၏။
နင်ဟုန်ယွီမှာလည်း ထိုတုန်ခါမှုကြောင့် နောက်သို့ လွင့်စင်သွားခဲ့ရပြီး ကြေမွသွားသော ဓားချီစွမ်းအင်များမှာ အရပ်မျက်နှာ အနှံ့သို့ လွင့်စင်သွားကာ သူမအား ဖောက်ထွင်းရန် ကြိုးစားသလို လေဟုန်စီး လိပ်ပြာများကိုလည်း သတ်ဖြတ်သွားသည်။
“ ဓားနတ်သမီး”
လီယွမ်က ညင်သာစွာ ခေါ်လိုက်၏။ ထိုအခါ..ဓားနတ်သမီးသည် သူမ၏ ကျဆင်းနေသော နှင်းပွင့်ကြွေဓားကို ဆွဲထုတ်လိုက်ပြီး ကျက်သရေရှိလှသော ခုတ်ချက်တစ်ခုဖြင့် ပြတ်တောက်နေသော ဓားချီစွမ်းအင်များကို နှင်းပွင့်ကလေးများအဖြစ် ပြောင်းလဲလိုက်၏။
လှပသော်လည်း သေစေနိုင်လောက်သော ထိုနှင်းပွင့်များမှာ သူတို့နောက်မှ လိုက်ပါလာသော လူသုံးဦးထံသို့ လွင့်မျောသွားတော့၏။ တစ်ပြိုင်နက်တည်းမှာပင် လီယွမ်သည် နောက်ထပ် ဘူးသီးတစ်လုံးကို ဖွင့်ကာ လေဟုန်စီး လိပ်ပြာ အမြောက်အမြားကို ထပ်မံ ထုတ်လွှတ်ပြီး သူ၏ ထွက်ပြေးမှုကို ဆက်လက် လုပ်ဆောင်လိုက်တော့သည်။
“ တကယ်ကို လှပတာပဲ.. ”
နင်ဟုန်ယွီမှာ ကျဆင်းနေသော နှင်းပွင့်များကို ငေးကြည့်ရင်း ချီးကျူးလိုက်၏။
“ ဓားနတ်သမီး ဆိုတဲ့အတိုင်းပဲ.. သူ့ရဲ့ ဓားသိုင်းတွေကလည်း ရင်သပ်ရှုမောစရာ ကောင်းလွန်းတယ်.. ”
လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်က ပါရမီရှင်များ ပေါများလှသော ခေတ်ကာလတွင် ‘ဓားနတ်သမီး’ ဟူသော အမည်ကို ရရှိရန်မှာ တစ်လောကလုံး၏ အသိအမှတ်ပြုခြင်းကို ခံရမှသာ ဖြစ်နိုင်သည် မဟုတ်ပါလော။
၎င်းမှာ အချည်းနှီး ပေးထားသော ဘွဲ့အမည် တစ်ခု မဟုတ်သည်မှာတော့ သေချာလှသည်။
“ ဟမ်”
လိုက်လံ ဖမ်းဆီးနေသော ပန်ရှန်း သိုင်းသူတော်စင်ကြီးမှာ အံ့ဩသွားပြီး စိတ်မအေး ဖြစ်လာရတော့၏။
“ တတိယမြောက် လူတစ်ယောက် ရှိနေတာလား.. ဘယ်ကနေ ထွက်လာတာလဲ၊ ဒီဓားကွက်ကလည်း ရင်းနှီးနေသလိုပဲ.. ”
သတ္တမအဆင့် ကူသခင် တစ်ဦးက ဤမျှအထိ မြန်ဆန်နေမည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။ ထိုကောင်လေးတွင် သိုင်းသူတော်စင် တစ်ဦးထက်ပင် ပိုမို ကြွယ်ဝသော ချီစွမ်းအင်များနှင့် ပိုမို မြန်ဆန်သော အဟုန်များ ရှိနေသည် မဟုတ်ပါလော။
အခြား နည်းလမ်း မရှိတော့ချေ။ ပန်ရှန်း သိုင်းသူတော်စင်ကြီးမှာ အချိန်ထပ်၍ မဖြုန်းလိုတော့ပေ။
သူသည် သူ၏ သိုင်းပညာ ကောင်းကင်ဖြစ်စဉ်ကို နောက်တစ်ကြိမ် ထပ်မံ ထုတ်ဖော်လိုက်ရာ ၎င်းမှာ ဧရာမ တောင်တန်းကြီးတစ်ခု ပုံသဏ္ဍာန်ပင် ဖြစ်၏။
“ တောင်တန်းက ကမ္ဘာမြေကို ဖိနှိပ်ခြင်း”
ပန်ရှန်း သိုင်းသူတော်စင်ကြီးက သူ၏ လက်ဝါးကို အောက်သို့ ရိုက်ချလိုက်ရာ၊ တောင်တန်းကြီးမှာ မူလနေရာမှ ပျောက်ကွယ်သွားပြီး လီယွမ်၏ အထက်တည့်တည့်တွင် ရုတ်တရက် ပေါ်ထွက်လာကာ ဖိနှိပ်လိုက်လေတော့သည်။
တောင်ကြီးတစ်လုံးလုံး လီယွမ်တို့၏ အပေါ်သို့ ပြိုကျလာနေခဲ့၏။
“ ဒုန်း၊ ဒုန်း၊ ဒုန်း”
ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကြောင့် လေဟုန်စီး လိပ်ပြာများမှာ ချက်ချင်းပင် ကြေမွသွားရတော့သည်။
“ ထျန်းဝေ့ထျန်း က လူတွေက တကယ်ကို မထင်မှတ်
ထားလောက်အောင် စွမ်းတာပဲ.. အလယ်ပိုင်းဒေသရဲ့ အင်အားကြီး ခုနစ်ခုထဲမှာ ထိပ်ဆုံးက ရှိနေတာ မဆန်းပါဘူး.. ”
နင်ဟုန်ယွီမှာ ထိုမျှအထိ အစွမ်းထက်သော ခွန်အားကို အသိအမှတ်ပြုလိုက်ရသည်။
“ တောင်တန်းတွေထဲကို ဆင်းပြီး သူတို့ကို သတ်ကြတာပေါ့”
လီယွမ်သည် အောက်ဘက်သို့ ထိုးဆင်းသွား၏။ ထွက်ပြေးရန်မှာ မဖြစ်နိုင်တော့သည်မှာ ရှင်းလှသည်။ သို့သော် လေထဲတွင် တိုက်ခိုက်ရန်မှာလည်း သူ ဆန္ဒမရှိချေ။ ၎င်းမှာ အာရုံစိုက်မှုကို ခံရလွန်းလှပြီး သူ၏ ပုံစံနှင့်လည်း မကိုက်ညီလှပေ။
“ ကောင်းပြီလေ”
နင်ဟုန်ယွီသည်လည်း အောက်သို့ လိုက်ပါ ဆင်းသက်သွားသည်။ သိုင်းသူတော်စင် ဆိုသည်မှာ သာမန် အဋ္ဌမအဆင့် ကျင့်ကြံသူ တစ်ဦးထက် အဆင့်တစ်ဆင့် ပို၍ မြင့်မားသော်လည်း ပြိုင်ဘက်ကင်း ဖြစ်နေသည်အထိတော့ မဟုတ်ပါချေ။
သူတို့နှစ်ဦးမှာ လူသူကင်းမဲ့လှသော တောင်တန်းများအတွင်းသို့ ဆင်းသက်သွားကြသည်။ ကောင်းကင်ယံမှ ပန်ရှန်း သိုင်းသူတော်စင်ကြီးမှာလည်း နင်ဟုန်ယွီ၏ လှုပ်ရှားမှုများကို အသေအချာ ချိန်ရွယ်ကာ နောက်မှ လိုက်ပါလာတော့၏။
"ဂျုန်း"
ပန်ရှန်း သိုင်းသူတော်စင်ကြီးမှာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ရာ ဧရာမ တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားပြီး တောအုပ်တစ်ခုလုံးလည်း တုန်ခါသွားရသည်။
သူသည် အနည်းငယ်မျှ မောဟိုက်နေပြီး မျက်နှာမှာလည်း မကျေမနပ် ဖြစ်နေပုံ ရ၏။ ခုနက တိုက်ကွက်မှာ သူ၏ စွမ်းအင်များကို အတော်လေး အသုံးပြုခဲ့ရသည်မှာ ထင်ရှားလှသည်။
“ မိန်းကလေး ဘယ်မှ ထွက်ပြေးလို့ မရပါဘူး.. ”
သူက အတင်းအကြပ် လုပ်ယူ ပြုံးလျက် ဆိုလိုက်၏။
“ အလုပ်ရှင်က ငွေအမြောက်အမြား ပေးထားတာဆိုတော့ ငါတို့ ထျန်းဝေ့ထျန်းက ညီအစ်ကိုတွေ အားလုံးက တော်တော်လေး စိတ်ဝင်စားနေကြတာလေ၊ ငါ ဒီနေ့ ရှုံးသွားရင်တောင်မှ မင်း နောက်ကို လိုက်မယ့် ပိုပြီး အစွမ်းထက်တဲ့သူတွေ ပေါ်လာဦးမှာပဲ.. ”
“ ထျန်းဝေ့ထျန်း က အဲဒီ ညီအစ်ကိုတွေဆိုတာက စရိုက်တွေလည်း ထူးဆန်းပြီး စကားပြောရလည်း ခက်ကြတာလေ၊ ငါနဲ့အတူ လိုက်ခဲ့မယ်ဆိုရင်တော့ မင်း သက်သက်သာသာ ရှိမှာပါ”
“မင်းသာ ဒီအတိုင်း ခေါင်းမာနေဦးမယ်ဆိုရင်တော့ ဒီနေ့မှာ သွေးမြေကျမှုတွေ တကယ် ဖြစ်လာလိမ့်မယ်.. ”
စကားပြောနေစဉ်မှာပင် ပန်ရှန်း သိုင်းသူတော်စင်ကြီးနှင့် ဟေးထုံ၊ ပိုင်ထုံ တို့မှာ လီယွမ်နှင့် နင်ဟုန်ယွီတို့ကို အလယ်တွင် ထားကာ ဝိုင်းရံထားလိုက်ကြ၏။
ဓားနတ်သမီးမှာမူ ဆန်းကြယ်ပုံရိပ်ကူကောင်၏ လွှမ်းမိုးမှုအောက်တွင် အမှောင်ထဲ၌ ပုန်းကွယ်နေဆဲ ဖြစ်၏။
“ ကျွန်မ ပြောပြီးပြီပဲ.. အလုပ်ရှင်က ဘယ်သူလဲဆိုတာ ပြောပြရင် ရှင်တို့နောက်ကို အခုချက်ချင်း လိုက်ခဲ့ပါ့မယ်.. ” နင်ဟုန်ယွီက ပြုံးလျက် ဆိုလိုက်၏။
“ မိန်းကလေးက အေးအေးဆေးဆေး ဖြေရှင်းဖို့ ဆန္ဒမရှိဘဲ ငါတို့ကို စည်းကမ်းတွေ ချိုးဖောက်ဖို့ အတင်းအကျပ် လုပ်နေတာလား”
ပန်ရှန်း သိုင်းသူတော်စင်ကြီးက သူမအား စူးစိုက်ကြည့်လိုက်ပြီး ဘာမျှ ဆက်မပြောတော့ပေ။
“ စကြတာပေါ့”
သူ စကားပြောပြီးသည်နှင့် သိုင်းပညာ ကောင်းကင်ဖြစ်စဉ်မှာ ထပ်မံ ထွက်ပေါ်လာခဲ့ပြီး ပန်ရှန်း သိုင်းသူတော်စင်ကြီးမှာ နင်ဟုန်ယွီအား တိုက်ရိုက် တိုက်ခိုက်လေတော့သည်။
သူ၏ လက်သီးချက်နှင့် ခြေကန်ချက် တိုင်းမှာ အလွန်ပင် ခိုင်မာလှပြီး ဖိအားများကို ပေးစွမ်းနေကာ တောင်ကြီးတစ်လုံးနှယ် ဖျက်ဆီး၍ မရနိုင်ပုံ ရသည်။ ဟေးထုံနှင့် ပိုင်ထုံ တို့မှာမူ လီယွမ်ထံသို့ ပြေးဝင်လာကြလေ၏။ ထိုအမြွှာမောင်နှမများ၏ ပြီးပြည့်စုံလှသော ပူးပေါင်းဆောင်ရွက်မှုမှာ လှုပ်ရှားမှုတိုင်းတွင် ပေါ်လွင်နေပြီး ခွဲခြား၍ မရနိုင်လောက်အောင် ဖြစ်နေတော့၏။
“ စီနီယာအစ်မကြီး ခဏလောက် တောင့်ခံထားနော်.. ကျွန်တော် ဒီနှစ်ယောက်ကို အရင်သတ်ပြီးတော့ အစ်မကြီးကို ကူညီဖို့ ပြန်လာခဲ့ပါ့မယ်.. ”
လီယွမ်သည် ကူကောင်၏ အသံလွှင့်နည်းလမ်းကို အသုံးပြုကာ တိုက်ပွဲနယ်မြေကို ရွှေ့ပြောင်းလိုက်ပြီး တောအုပ်၏ အခြားတစ်ဖက်သို့ ထွက်ပြေးသွားသည်။
နင်ဟုန်ယွီမှာ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း... လီယွမ်နှင့် ဓားနတ်သမီးတို့ ပူးပေါင်းကာ ညဇီးကွက်ဘုရင်နှင့် ကြာပန်းနက် နတ်ဆိုးဧကရာဇ်၏ ပုံရိပ်ယောင်ကို တိုက်ခိုက်ခဲ့စဉ်က မြင်ကွင်းကို သတိရသွားပြီး ဘာမျှ မပြောတော့ပေ။
သူမ လုပ်ရမည့်အရာမှာ ဤပန်ရှန်း သိုင်းသူတော်စင်ကြီးကို အချိန်ဆွဲထားရန်သာ ဖြစ်သည် မဟုတ်ပါလော။
“ နဝမကူနန်းတော်က စစ်ကူတွေ မကြာခင် ရောက်လာတော့မှာပါ ရှင်တို့က တကယ်ပဲ အသေအလဲ တိုက်ချင်နေတာလား”
“ တခြားသူတွေကတော့ မင်းတို့ နဝမကူနန်းတော်ကို ကြောက်ကြလိမ့်မယ်.. ဒါပေမဲ့ ထျန်းဝေ့ထျန်း ကတော့ ဘာကိုမှ မကြောက်ဘူး.. ငါတို့ရဲ့ အမြင်မှာတော့ ထိုက်တန်တဲ့ အဖိုးအခ ပေးနိုင်သရွေ့တော့ ငါတို့က ဘာမဆို လုပ်မှာပဲ.. ”
ပန်ရှန်း သိုင်းသူတော်စင်ကြီးက လှောင်ပြောင်လိုက်၏။
“ မိန်းကလေး စကားတွေ အများကြီး ပြောပြီး အချိန်ဆွဲဖို့ မကြိုးစားပါနဲ့ ငါ ပြောပြီးသားပဲ.. အလုပ်ရှင်က ပေးတဲ့ ငွေက အရမ်းကို ဆွဲဆောင်မှု ရှိလွန်းတယ်.. မင်း ဘယ်လိုမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး.. ”