ဟေးထုံနှင့် ပိုင်ထုံတို့အား သုတ်သင်ခြင်း
Vol. 12 Ch. 139
အခြားတစ်ဖက်ရှိ တိုက်ပွဲနယ်မြေသို့ ရောက်ရှိလာသော လီယွမ်က ခြေလှမ်းတို့ကို ရပ်တန့်လိုက်၏။
ထျန်းဝေ့ထျန်းမှ ရောက်ရှိလာသော ဟေးထုံနှင့် ပိုင်ထုံတို့က သူ့အား စကားတစ်ခွန်းမျှ မဆိုဘဲ စူးစိုက်ကြည့်နေကြ၏။ ခဏချင်း၌ပင် သူတို့၏ တိုက်ခိုက်မှုများက ရုတ်ချည်း စတင်လာတော့သည်။
လီယွမ်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်၏။
ဤသည်မှာ သူ၏ဘဝတွင် သိုင်းသူတော်စင်အဆင့်ရှိ ပညာရှင်တစ်ဦးအား ထိပ်တိုက်ရင်ဆိုင်ရခြင်း ဖြစ်၏။ ဤမတိုင်မီကမူ သူသည် ယူဘုရင် လင်းယွဲ့နှင့် တစ်ကြိမ် ညဇီးကွက်ဘုရင်၏ သိုင်းဝိညာဉ်ပုံရိပ်ယောင်နှင့် တစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသော်လည်း ထိုအရာတို့မှာ ပြည့်စုံမှုမရှိသဖြင့် အဆင့်အတန်းတစ်ခုအဖြစ် တိုင်းတာ၍ မရနိုင်ပေ။ ရှေ့မှောက်ရှိ ရန်သူများသာလျှင် သူ၏ခွန်အားကို စမ်းသပ်မည့် စစ်မှန်သော ပြိုင်ဘက်များ ဖြစ်သည်။
"ဝှစ်"
"ဝှစ်"
ဟေးထုံနှင့် ပိုင်ထုံတို့မှာ လျှပ်တစ်ပြက် အရှိန်အဟုန်တို့ဖြင့် လှုပ်ရှားလာကြသည်။ သူတို့၏ ပုံရိပ်များမှာ အဖြူနှင့် အမည်း မျဉ်း နှစ်ကြောင်းအလား လေဟာနယ်ထဲတွင် စီးဆင်းနေပြီး သာမန်မျက်စိဖြင့်ပင် မြင်တွေ့ရန် ခက်ခဲလှချေ၏။
“ဆန်းကြယ်ပုံရိပ် နယ်ပယ်”
ဤမျှ မြန်ဆန်လှသော ဓားသိုင်းအစွမ်းများရှေ့တွင် လီယွမ်က သူ၏ အပြင်းထန်ဆုံး သတ်ကွက်တစ်ခုကို ထုတ်ဖော်လိုက်၏။ ဆန်းကြယ်ပုံရိပ်ကူကောင်အား အသက်သွင်းလိုက်၏။ သူ၏ပတ်လည် ငါးပေပတ်လည်အတွင်း၌ နယ်ပယ်တစ်ခု ဖြန့်ကျက်သွားလေတော့သည်။ ထိုငါးပေပတ်လည် စက်ဝိုင်းက လီယွမ်အား ပေးစွမ်းနိုင်သော အကျိုးကျေးဇူးမှာ မှန်းဆ၍ပင် မရနိုင်ပေ။ ထိုနယ်ပယ်အတွင်းရှိ အရာရာတိုင်းကို သူက အံ့ဩဖွယ်ရာကောင်းလောက်အောင် အာရုံခံနိုင်စွမ်း ရှိသည်။ လောကကြီးကို သူ၏ စိတ်ကြိုက် ထိန်းချုပ်နေသည့်အလားပင်။ ငါးပေပတ်လည်အတွင်း၌ သူသည် သီးသန့်ဘုရင်တစ်ပါးပင် ဖြစ်သည်။
"ဝှစ်"
ဟေးထုံနှင့် ပိုင်ထုံတို့၏ ဓားချက်များက ရုတ်တရက် ခုတ်ပိုင်းကျလာ၏။ ဓားချီစွမ်းအင်များ ငါးပေပတ်လည်အတွင်းသို့ ဝင်ရောက်လာသောအခါမှသာ လီယွမ်က ထိုသဲလွန်စကို ဖမ်းဆုပ်နိုင်သည်။
သူသည် ကမ္ဘာမြေ၏ စွမ်းအားများကို လိုက်နာလျက် ဘီလူး ဝိဉာဉ်ကူကောင်ကို ပူးကပ်စေလိုက်လေ၏။ သူ၏လက်နှစ်ဖက်တွင် သွေးချီများ ရစ်ပတ်သွားပြီး အဖြူနှင့် အမည်း ဓားချီစွမ်းအင်တို့ကို လှမ်း၍ ဖမ်းဆုပ်လိုက်၏။
“ဂျုန်း”
ဓားချီစွမ်းအင်များမှာ ချက်ချင်းပင် ကြေမွသွားရတော့၏။ တောအုပ်အတွင်း၌ ဟေးထုံနှင့် ပိုင်ထုံတို့၏ ပုံရိပ်များမှာလည်း အံ့ဩမှုကြောင့် တစ်ခဏမျှ တန့်သွားကြသည်။ လက်ဗလာဖြင့်ပင် ဓားချီစွမ်းအင်ကို ချေမှုန်းပစ်လိုက်သည်လား။ သတ္တမအဆင့် ကူသခင်တစ်ဦးက သိုင်းသူတော်စင် မောင်နှမနှစ်ဦး၏ ပူးပေါင်းတိုက်ကွက်ကို အလွယ်တကူ ဖြိုခွဲပစ်လိုက်ခြင်းပင်။
“ရှောင်ချိုက်၊ ဝူမေ့”
ရန်သူများ မှင်သက်နေစဉ်အတွင်း လီယွမ်က ကူကောင်တို့ကို ထုတ်ဖော်လိုက်ပြန်သည်။ ရှောင်ချိုက်က အရောင်စုံမီးတောက်များကို မှုတ်ထုတ်လိုက်ရာ မြင်ကွင်းထဲရှိ အရာရာတိုင်းကို ဗုံးကြဲလိုက်သည့်အလား ရှိနေတော့၏။
မျက်စိတစ်မှိတ်အတွင်း၌ ဟေးထုံနှင့် ပိုင်ထုံတို့ ရှိရာနေရာတစ်ခုလုံး မီးလျှံများ ဖုံးလွှမ်းသွားသည်။ ထိုထူးဆန်းသော မီးလျှံများက ရုပ်ခန္ဓာကိုသာမက စိတ်ဝိညာဉ်ကိုပါ တိုက်ခိုက်နိုင်စွမ်းရှိသဖြင့် ရန်သူများ၏ တုံ့ပြန်မှုမြန်နှုန်းကို နှေးကွေးသွားစေသည်။ ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံမှ ပင့်ကူမျှင်များ ကျဆင်းလာပြီး သူတို့အား ရစ်ပတ်ဖမ်းဆုပ်ရန် ကြိုးစားတော့၏။
‘အစ်ကို ဒီကူသခင်က တော်တော် ထူးဆန်းနေတယ်.. ’
ပိုင်ထုံ၏ အသံက ဟေးထုံ၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
သူတို့မောင်နှမနှစ်ဦးမှာ စိတ်ချင်းဆက်သွယ်နေကြသဖြင့် စကားပြောရန်ပင် မလိုအပ်ချေ။
‘အင်း သတ္တမအဆင့် ကူသခင် တစ်ယောက်က ဒီလောက်အထိ အစွမ်းမထက်နိုင်ဘူး.. ဒါက နဝမကူနန်းတော်ရဲ့ နှစ်တစ်ထောင်မှာ.. တစ်ယောက် ပေါ်တဲ့ ပါရမီရှင်ပဲ ဖြစ်ရမယ်.. ’
‘ဒါဆို ငါတို့ ဘာလုပ်ကြမလဲ ’
‘လောလောဆယ် သူ့ကို အချိန်ဆွဲထားကြစို့ ဗိုလ်ချုပ်ရှန်းက အဲဒီဝတ်ရုံနီနဲ့ မိန်းကလေးကို ဖမ်းမိသွားတာနဲ့ ငါတို့တာဝန်ပြီးပြီ’
သို့သော်လည်း လီယွမ်က ရန်သူများ၏ ရည်ရွယ်ချက်ကို ရိပ်မိသွားသည်။ သူတို့၏ တိုက်ခိုက်လိုစိတ်များ လျော့နည်းသွားခြင်းမှာ အချိန်ဆွဲလိုသောကြောင့်သာ ဖြစ်ရပေမည်။
“ဒါဆိုရင်တော့ ငါ့အလှည့်ပဲပေါ့”
ဤကဲ့သို့သော တိုက်ပွဲမျိုးတွင် စိတ်ဓာတ်ပျော့ညံ့သွားခြင်းမှာ သေစေနိုင်သော အားနည်းချက်ပင် ဖြစ်တော့၏။
“ပက်ကျိ ငါ့ကို ကူညီတော့”
လီယွမ်က နယ်ပယ်ကို ရုပ်သိမ်းလိုက်ပြီး ဆန်းကြယ်ပုံရိပ်ကူကောင်ကို တောအုပ်ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်အောင် ပြောင်းလဲလိုက်၏။ ဘီလူး ဝိဉာဉ်ကူကောင်ကလည်း နောက်တစ်ကြိမ် ပူးကပ်လာပြန်သည်။ သူ၏သွေးများမှာ ဆူပွက်လာခဲ့၏။
လီယွမ်က သူ၏အရှိန်အဟုန်ကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်ပြီး ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲကာ ရန်သူများထံသို့ တိုးဝင်သွားတော့သည်။
ဟေးထုံနှင့် ပိုင်ထုံတို့မှာလည်း ကျွမ်းကျင်စွာ ပူးပေါင်းကာ ခုခံနေကြ၏။
“မင်းတို့နှစ်ယောက် ပူးပေါင်းမှုက တကယ်ကို ကောင်းတာပဲ.. ”
လီယွမ်က လှောင်ပြောင်လိုက်သည်။
“သေချာတာပေါ့ ငါနဲ့ အစ်ကိုက ဒီလောကမှာ စိတ်ချင်း အနီးစပ်ဆုံးသူတွေပဲ..နင် ဘယ်တော့မှ နားလည်မှာ မဟုတ်တဲ့ ခံစားချက်မျိုးပဲ..”
ပိုင်ထုံက ဂုဏ်ယူစွာဖြင့် ပြန်လည်တုံ့ပြန်လိုက်၏။
“ဟုတ်လား.. ဒါပေမဲ့ ငါ့မှာလည်း အဲဒီလိုမျိုး နားလည်မှုရှိတဲ့ လက်တွဲဖော်ရှိတယ် ဆိုတာ မင်းတို့ သိရဲ့လား”
လီယွမ်က ပြုံးဖြီးဖြီး လုပ်လိုက်၏။ ကောင်းကင်နှင့် မြေကြီးကြားတွင် နှင်းပွင့်များ ကျဆင်းလာခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်သွားရတော့၏။
“ဝှစ်”
လေဟာနယ်ထဲမှနေ၍ ကျဆင်းနေသော နှင်းပွင့်ကြွေဓားက ရုတ်တရက် ပေါ်ထွက်လာပြီး ပိုင်ထုံ၏ လည်ပင်းဆီသို့ ဦးတည်ခုတ်ပိုင်းလိုက်သည်။ ဟေးထုံက လှမ်း၍ ကူညီရန် ပြင်လိုက်စဉ်မှာပင် လီယွမ်က လက်သီးချက်များဖြင့် တားဆီးလိုက်သဖြင့် မောင်နှမနှစ်ဦး ကွဲကွာသွားရတော့၏။
“ဓား..လာခဲ့”
လီယွမ်က ညင်သာစွာ ဟစ်ကြွေးလိုက်၏။
ထိုအခိုက်အတန့်မှာ..ကောင်းကင်ယံမှ ထူထပ်လှသော တိမ်တိုက်များကြားမှနေ၍ ကျက်သရေရှိလှသော နတ်မိမယ်ပုံရိပ်တစ်ခု ဆင်းသက်လာခဲ့သည်။
သူမ၏ ဆံကေသာများမှာ ငွေရောင်မြစ်တစ်စင်းအလား လွင့်ပျံနေပြီး ရင်သပ်ရှုမောဖွယ်ရာ အလှတရားကို ပိုင်ဆိုင်ထားသည်။
နတ်သမီးလေးက သူမ၏လက်ကလေးကို မြှောက်ကာ ဓားကို အသာအယာ ပွတ်သပ်လိုက်လေ၏။ ပြင်းထန်လှသော ဓားစိတ်ဆန္ဒများက ဟေးထုံထံသို့ တည့်တည့်မတ်မတ် ချိန်ရွယ်သွားတော့သည်။
“ခုတ်ပိုင်းစေ”
လီယွမ်က ဓားဖြင့် ထိုးနှက်လိုက်၏။ ဓားနတ်သမီး၏ ကောင်းကင်စွမ်းအားများ ပါဝင်သော ဓားစိတ်ဆန္ဒမှာ ဧရာမ ရေစီးကြောင်းကြီးအလား ပြေးဝင်သွားပြီး လမ်းကြောင်းတစ်လျှောက်ရှိ အရာရာကို ဖောက်ထွင်းသွားတော့၏။
ဟေးထုံမှာ နေရာတွင်ပင် မှင်သက်ရပ်တန့်သွားပြီး သူ၏ဗိုက်ကို ငုံ့ကြည့်လိုက်သည်။ ထိုနေရာတွင် ဘာမျှမရှိတော့ပေ။ သူ၏ခန္ဓာကိုယ်မှာ ဓားချီစွမ်းအင်များကြောင့် အပေါက်ကြီး ဖြစ်သွားခဲ့လေပြီ။
“အစ်ကို”
ပိုင်ထုံမှာ ဒေါသကြောင့် မျက်လုံးများ သွေးရောင်လွှမ်းသွားတော့၏။ ဤမျှ မြန်ဆန်လှသော အခြေအနေပြောင်းလဲမှုကို သူတို့ လုံးဝ မထင်မှတ်ထားခဲ့ပေ။
ဓားနတ်သမီးကမူ မည်သည့် ခံစားချက်မျှ မရှိဘဲ ဓားကို ဆက်လက် ဝှေ့ယမ်းလိုက်ပြန်သည်။
‘သူ... သူက... လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်က ဓားနတ်သမီးပဲ.. ’
ဟေးထုံမှာ သေဆုံးခါနီးအချိန်၌ တစ်စုံတစ်ခုကို သတိရသွားသည်။
‘ကူ... သူက မင်းရဲ့ ကူကောင်ပဲလား.. ’
အမှန်တရားကို သူ သိရှိသွားချိန်တွင်မူ အရာရာ နောက်ကျသွားခဲ့၏။ ဓားနတ်သမီး၏ ဓားချက်က သူ၏လည်ပင်းကို ဖြတ်ကျော်သွားပြီးနောက် ဦးခေါင်းမှာ မြေပြင်ပေါ်သို့ လိမ့်ကျသွားကာ ကူကောင်အုပ်ကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။