← Chapters

ဝါးတောဆီသို့ ပြန်လည်ရောက်ရှိခြင်း

Vol. 12 Ch. 144

ဝါးတောဆီသို့ ပြန်လည်ရောက်ရှိခြင်း

Vol. 12 Ch. 144

ပင့်ကူမျှင်က ပြွန်တစ်ခုသဖွယ် အသွင်ပြောင်းလဲလျက် နင်ဟုန်ယွီ၏ ခန္ဓာကိုယ်အတွင်းမှ သွေးအမြောက်အမြားကို စုပ်ယူလိုက်လေတော့၏။

နင်ဟုန်ယွီမှာမူ မျက်စောင်းလှလှလေး တစ်ချက် ထိုးလိုက်မိပြီး ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်ဖြင့် ဖော်ပြမတတ်သော ခံစားချက်တို့ ပြည့်နှက်နေတော့သည်။

“ဒါကတော့ ငါ့ကို သတ်ပစ်တာပဲ.. စောင့်နေရတာ ဒီလောက်တောင် ကြာပြီကို မင်း တကယ် လိုချင်တာက ဒါပဲလား”

သူမသည် ကိုယ်ကို မတ်မတ်ဆန့်လျက် အံကြိတ်ကာ ဆိုလိုက်သည်။

လီယွမ်ကမူ ပခုံးတွန့်ပြလိုက်ရင်း သွေးများကို သူ၏ အိတ်အတွင်းသို့ လျင်မြန်စွာ သိမ်းဆည်းလိုက်၏။

“စီနီယာအစ်မကြီးပဲ ရှုံးတဲ့သူက အရှုံးအတိုင်း ခံရမယ်လို့ ပြောခဲ့တာ မဟုတ်လား”

နင်ဟုန်ယွီမှာမူ စိတ်တိုတိုဖြင့် ရန်တွေ့လိုက်ပြန်သည်။

“အခုတော့ မင်းက ငါ့ကို လက်ထပ်ပြီးသား ဖြစ်နေပြီပဲ.. လိုချင်သလောက် သွေးကို ဘာပြဿနာမှ မရှိဘဲ ယူလို့ရနေတာကို”

“အဲဒါကတော့ မဖြစ်ဘူးလေ ကျွန်တော့်ဇာတိမှာ စကားပုံတစ်ခု ရှိတယ်.. အိမ်ထောင်ပြုခြင်းဟာ အချစ်ရဲ့ သင်္ချိုင်းပဲ တဲ့”

လီယွမ်က နောက်ပြောင်သည့် လေသံဖြင့် ချေပ လိုက်၏။

စီနီယာအစ်မကြီးသည် သူ့အပေါ် အမှန်တကယ် ကောင်းမွန်ပြီး နက်ရှိုင်းသော သံယောဇဉ်ရှိကြောင်း သူ ဝန်ခံပါ၏။

သူတို့နှစ်ဦးမှာလည်း အလွန်ပင် လိုက်ဖက်လှသည့် လက်တွဲဖော်များ ဖြစ်ကြသည်။ သို့သော်ငြားလည်း ဤနူးညံ့သိမ်မွေ့မှုများမှာ တစ်ဝက်ခန့်သာ အစစ်အမှန် ဖြစ်နိုင်ချေ ရှိပါသည်။

အခြေအနေ အရပ်ရပ်နှင့် ဒုတိယစီနီယာအစ်ကို ဖေးလော့ချန်၏ တုံ့ပြန်မှုများကို ကြည့်ခြင်းအားဖြင့် စီနီယာအစ်မကြီးတွင် ‘ဒေါသနဂါး’ သွေးမျိုးဆက် ရှိနေကြောင်း လီယွမ်.. အတည်ပြုနိုင်ခဲ့၏။

သူမသည် ဘယ်သောအခါမျှ နူးညံ့ပျော့ပျောင်းသော သိုးငယ်လေးတစ်ကောင် မဟုတ်နိုင်ပါချေ။

သူ သယ်ဆောင်ထားရသော တာဝန်များမှာလည်း စီနီယာအစ်မကြီးနှင့် ထိပ်တိုက်တွေ့ရန် ကံပါလာခဲ့ခြင်း ဖြစ်ရပေမည်။

နက်ရှိုင်းလှသော ကလဲ့စားချေမှုများနှင့် နိုင်ငံရေး ကိစ္စများကို ခေတ္တဖယ်ထားလျှင်တောင်မှ ရှောင်ချိုက်၊ ဝူမေ့ နှင့် သူ၏ ပင်မကူကောင်များမှာတင် မည်သူ့ကိုမဆို ခေါင်းခဲသွားစေရန် လုံလောက်လှသည်။

ထူးဆန်းလှသော ဓားနတ်သမီးအကြောင်းကိုမူ ဆိုဖွယ်ရာ မရှိတော့ချေ။

အကယ်၍သာ စီနီယာအစ်မကြီးအနေဖြင့် ဝါးတောအတွင်းရှိ ကုတင်တစ်ခုတည်းပေါ်တွင် သူနှင့် ဓားနတ်သမီးတို့ ညစဉ် အတူအိပ်စက်နေကြောင်း သိသွားခဲ့လျှင် သူ၏ အခြေအနေမှာ မည်သို့ ဖြစ်သွားမည်နည်း။

ထို့ကြောင့်ပင် သွေးအနည်းငယ် ရရှိရုံဖြင့် ကျေနပ်ရပေမည်။

ဒါက အားလုံးအတွက် အကောင်းဆုံး ဖြစ်သလို ချစ်ခင်ရသော မိသားစုအဖြစ်လည်း ဆက်လက် တည်ရှိနိုင်မည်သာ။

“မင်းလို ဂျူနီယာ မောင်လေးမျိုး ရှိနေတာက ငါ့အတွက်တော့ တကယ့်ကို ကောင်းချီး တစ်ခုပါပဲ.. ”

နင်ဟုန်ယွီမှာ အမှန်တကယ် ဒေါသထွက်နေခြင်း မဟုတ်ဘဲ ရယ်ချင်စိတ်ကိုသာ အောင့်ထားရသည်။

သူမနှင့် ဂျူနီယာ မောင်လေးကြားတွင် အလွန်ကောင်းမွန်သော ဆက်ဆံရေး ရှိသော်လည်း တစ်ခုခု လိုအပ်နေသကဲ့သို့ ခံစားနေရဆဲ ဖြစ်ပြီး ထိုအတားအဆီးကိုလည်း မကျော်ဖြတ်နိုင်သေးပါချေ။

သူမက မျက်လုံးလေး ကစားလျက် ပြုံးလိုက်ပြန်၏။

“မင်းကို နောက်ထပ် လျှို့ဝှက်ချက်တစ်ခု ပြောပြဦးမယ်.. ”

“ဘာလဲ”

လီယွမ်မှာ အာရုံများ လွင့်ပျံ့နေမိသည်။ သူသည် ဝါးတောအတွင်းရှိ သူ၏ အခြေစိုက်စခန်းသို့ အမြန်ပြန်ကာ ယခုခရီးစဉ်မှ ရရှိခဲ့သည်များကို အသုံးချလျက် ကူကောင်များကို သန့်စင်လိုစိတ် ပြင်းပြနေခဲ့၏။

“ငါ့ရဲ့ သွေးတွေက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာကနေ ထွက်လာသလဲ ဆိုတာပေါ် မူတည်ပြီး အာနိသင်တွေ မတူကြဘူး.. ”

နင်ဟုန်ယွီ၏ စကားကြောင့် လီယွမ်၏ မျက်လုံးများမှာ တောက်ပသွားခဲ့သည်။

သူသည် စီနီယာအစ်မကြီးအား ဤမျှအထိ လောဘတကြီး အကြည့်မျိုးဖြင့် တစ်ခါမျှ မကြည့်ခဲ့ဖူးပါချေ။

စီနီယာအစ်မကြီးသည် တကယ့်ကို ရတနာသိုက်ကြီး တစ်ခုပင် ဖြစ်တော့၏။

နင်ဟုန်ယွီက သူမ၏ ဝတ်ရုံစကို အသာအယာ ဆွဲချလိုက်ရင်း ဆိုလိုက်သည်။

“အဖိုးတန်ဆုံး အရာကတော့ ဒီနေရာမှာ ရှိတယ်.. ငါ့ရဲ့ နှလုံးသွေး ပေါ့ မင်း အစောကြီးကတည်းက ဒီနေရာကို ထိုးဖောက်ခဲ့သင့်တာ”

လီယွမ်မှာမူ ထိုအချက်ကို အမှန်တကယ် တွေးတောခဲ့ဖူးသည်။ သူသည် နတ်ဆိုးပေါင်း တစ်သောင်းကျော်ကို ခွဲစိတ်လေ့လာခဲ့သူ ဖြစ်ရာ နှလုံးသွေး၏ တန်ဖိုးကို အဘယ်ကြောင့် မသိဘဲ ရှိပါမည်နည်း။

သို့သော်လည်း ဤသူမှာ စီနီယာအစ်မကြီး ဖြစ်ပြီး နတ်ဆိုးတစ်ကောင် မဟုတ်ပါချေ။ သူသည် အင်အားအပြည့်အဝ အသုံးမပြုနိုင်ခဲ့ဘဲ မဟုတ်ပါက များစွာ အကျိုးအမြတ် ရရှိနိုင်လိမ့်မည်။

“ဟဲဟဲ မင်း မလိုချင်ဘူးလား.. အားမကျဘူးလား.. အဲဒါကို နောက်ကျရင် မင်းအတွက် တန်ဆာပလာအဖြစ် ပေးအပ်မှာပါ”

နင်ဟုန်ယွီက ပြုံးရယ်လိုက်၏။

အချိန်တို့သည် လျင်မြန်စွာ ကုန်လွန်သွားခဲ့လေသည်။

မှောင်မိုက်သော လိုဏ်ဂူအတွင်း ခေတ္တမျှ ပုန်းကွယ်နေပြီးနောက် လီယွမ်နှင့် နင်ဟုန်ယွီတို့မှာ ပြင်ပရှိ လှုပ်ရှားမှုများကို အာရုံခံမိလိုက်ကြ၏။ နဝမကူနန်းတော်မှ စစ်ကူများ ရောက်ရှိလာခဲ့၏။

“ဟုန်ယွီ အားယွမ်”

ရင်းနှီးလှသော အသံများမှာ တောတောင်အုပ်အတွင်း ပဲ့တင်ထပ်သွားသည်။

“စီနီယာအစ်မကြီး ဂျူနီယာ မောင်လေး”

ပြင်ပမှနေ၍ တစ်စုံတစ်ဦးက လှမ်းခေါ်နေခြင်းပင် ဖြစ်တော့၏။

ဂူအတွင်း ပုန်းကွယ်နေသော သူနှစ်ဦးမှာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

နင်ဟုန်ယွီမှာ ဝမ်းသာအားရ ရေရွတ်လိုက်သည်။

“ဆရာ ရောက်လာပြီ ဖေးကျူး လည်း ပါလာတယ်.. ”

“ဟူး ….နောက်ဆုံးတော့ ဘေးကင်းသွားပြီပေါ့”

လီယွမ်မှာလည်း သက်ပြင်းကို အရှည်ကြီး ချလိုက်မိတော့သည်။

လွန်ခဲ့သော ရက်များအတွင်း ဘာမျှ မဖြစ်ပျက်ခဲ့သော်လည်း စိုးရိမ်ပူပန်မှုနှင့် ထိတ်လန့်မှုတို့ကိုမူ ရှောင်လွှဲ၍ မရနိုင်ခဲ့ပါချေ။

အထူးသဖြင့် နင်ဟုန်ယွီမှာ စိုးရိမ်စိတ်များဖြင့် လေးလံနေခဲ့ရရှာသည်။ သူမသည် အပြင်ပန်းတွင် မည်မျှပင် ပေါ့ပေါ့ပါးပါးနှင့် ပျော်ရွှင်နေဟန် ပြသနေပါစေ သူမ၏ စစ်မှန်သော ခံစားချက်များကိုမူ အသေးစိတ် အချက်အလက်များတွင် မဖုံးကွယ်ထားနိုင်ခဲ့ပါချေ။

သူတို့နှစ်ဦးသည် မြေအောက်မြစ်နက်ကြီး၏ ဂူအတွင်းမှ ထွက်ခွာလာခဲ့ကြသည်။

“သူတို့.. ဟိုမှာ”

ယွီဟန်ချွမ်းသည် သူတို့နှစ်ဦးကို ချက်ချင်း မြင်တွေ့သွားပြီးနောက် သူတို့ရှိရာသို့ ပျံသန်းလာခဲ့သည်။ ဆေးဝါးများဖြင့် ပြန်လည် ကုသပြီးနောက် ကူလမ်းစဉ်အပေါ် ပိုမို နက်ရှိုင်းစွာ နားလည်လာခဲ့သည့် ယွီဟန်ချွမ်းသည် အဋ္ဌမအဆင့်၏ ပထမဆုံး အခြေအနေသို့ ပြန်လည် ရောက်ရှိနေပြီပင်။

သူသည် အထွတ်အထိပ် ခေတ်ကာလကကဲ့သို့ မစွမ်းဆောင်နိုင်သေးသော်လည်း ပြန်လည် မွေးဖွားလာသော သူ၏ စိတ်ဓာတ်မှာမူ အလွန်ပင် ကျေနပ်ဖွယ်ရာ ကောင်းနေလေသည်။

“ဟုန်ယွီ၊ အားယွမ်၊ မင်းတို့ အဆင်ပြေရဲ့လား.. ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ”

ယွီဟန်ချွမ်းက စိုးရိမ်တကြီး မေးမြန်းလိုက်၏။

“အဲဒါကတော့... ”

နင်ဟုန်ယွီမှာ မည်သည့်နေရာမှ စတင် ပြောဆိုရမှန်း မသိ ဖြစ်နေရသည်။

လီယွမ်က သက်ပြင်းချလိုက်ရင်း မှာကြားလိုက်၏။

“အရင်ဆုံး နဝမကူတောင်တန်းကို ပြန်ကြရအောင်ပါ အဲဒီကျမှ အကြောင်းစုံကို ဖြည်းဖြည်းချင်း ပြောပြပါ့မယ်.. ”

ဝါးတောအတွင်းသို့ ပြန်လည် ရောက်ရှိလာခဲ့၏။

ပြန်လမ်းတစ်လျှောက်တွင် လီယွမ်နှင့် နင်ဟုန်ယွီတို့သည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ပြောပြခဲ့ကြသည်။ အရှေ့ပိုင်း ယူနယ်မြေသို့ ရတနာ သွားရောက် ရွေးချယ်ခြင်းမှအစ၊ မကောင်းဆိုးဝါး သတ္တဝါများ ပေါ်ပေါက်လာခြင်းနှင့် ထျန်းဝေ့ထျန်းမှ လုပ်ကြံသတ်ဖြတ်သူများ၏ ကြားဖြတ်တိုက်ခိုက်မှုကို ခံခဲ့ရပုံများအထိ အရာရာကို တင်ပြခဲ့ကြ၏။

“ဆရာ ဆရာ သိသလား.. ဒါက စီနီယာအစ်မကြီးရဲ့ စစ်မှန်တဲ့ အမှတ်အသားများလား”

တပည့်သုံးဦးစလုံး၏ အကြည့်မှာ ယွီဟန်ချွမ်းထံသို့ ရောက်ရှိသွားသည်။

“ငါ မသိဘူး.. ”

ယွီဟန်ချွမ်းက ခေါင်းခါယမ်းလိုက်၏။

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ချန်းလန်နယ်မြေရဲ့ ကမ်းခြေဒေသတွေမှာ ကပ်ဘေးတစ်ခု ဖြစ်ပွားခဲ့ပြီး ပင်လယ်သတ္တဝါတွေနဲ့ ရတနာတွေ အမြောက်အမြား ကုန်းပေါ်ကို ရောက်လာခဲ့ဖူးတယ်.. ”

“အဲဒီသတင်းကို ကြားတော့ ငါနဲ့ ငါ့ရဲ့ ဂိုဏ်းတူညီအစ်ကိုတွေက အမြတ်တစ်ခုခု ရနိုးနဲ့ အဲဒီကို အပြေးအလွှား သွားခဲ့ကြတာပေါ့”

“ဟင်းရည်တောင် သောက်ခွင့်ရမှာ မဟုတ်ဘူးလို့..ငါ မထင်ထားခဲ့ဘူး.. စိတ်ဓာတ်ကျနေတဲ့ အချိန်မှာပဲ အမှတ်မထင် ကမ်းခြေမှာ မြှုပ်နေတဲ့ မိန်းကလေးငယ်လေး တစ်ယောက်ကို တွေ့ခဲ့တာပဲ.. ”

“ငါက ကလေးတွေကို သိပ်မနှစ်သက်ပေမဲ့ ဘာကြောင့်မှန်း မသိဘဲ သူ့ကို ခေါ်လာခဲ့မိတယ်.. တပည့်အဖြစ် မွေးစားပြီး ကူပညာရပ်တွေကို သင်ကြားပေးခဲ့တာပေါ့”

ယွီဟန်ချွမ်း၏ စိတ်ထဲတွင် ဒါက သာမန် မှတ်ဉာဏ်တစ်ခုမျှသာ။

နင်ဟုန်ယွီတွင် ဤမျှအထိ ထူးခြားသော နောက်ခံသမိုင်းကြောင်း ရှိနေလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပါချေ။

“ဒါပေမဲ့လည်း... ”

ယွီဟန်ချွမ်းက စကားလမ်းကြောင်း လွှဲလိုက်ပြန်သည်။

“မင်းတို့ရဲ့ အတွေ့အကြုံအရဆိုရင် အလုပ်ရှင်ကတော့ သာမန်လူ မဟုတ်ဘူး.. ထျန်းဝေ့ထျန်းက ထိပ်တန်း ပညာရှင်တွေကိုတောင် စေလွှတ်နိုင်တယ် ဆိုတော့လေ”

“ဟုန်ယွီ မင်းမှာတော့ တုန်လှုပ်စရာကောင်းတဲ့ အတိတ်တစ်ခု ရှိနေတာ သေချာတယ်.. မင်းရဲ့ အတွေးကို ပြောပြစမ်းပါဦး”

အားလုံးက နင်ဟုန်ယွီအား စူးစိုက်ကြည့်လိုက်ကြသည်။ ဤကိစ္စ မည်သို့ ဆက်လက် ဖြစ်ပျက်လာမည်မှာ သူမ၏ ဆန္ဒအပေါ်တွင်သာ မူတည်နေသည် မဟုတ်ပါလော။

“ကျွန်မအတွက်တော့ အတိတ်ဆိုတာ မရှိပါဘူး.. ဒါကပဲ ကျွန်မရဲ့ ဘဝပါ”

နင်ဟုန်ယွီက ပြတ်သားစွာ ဆိုလိုက်၏။

“ကျွန်မ မေ့လျော့ခဲ့သမျှ အရာအားလုံးက ကျွန်မ မဟုတ်သလို သူတို့ ရှာနေတဲ့သူကလည်း ကျွန်မ မဟုတ်ပါဘူး.. ”

“အဟဲ…စီနီယာအစ်မကြီး ကျွန်တော်တို့ အားလုံး အစ်မကြီးဘက်က ရှိနေမှာပါ”

ဖေးလော့ချန်က ရယ်လိုက်၏။

“ဘယ်လို နတ်ဆိုးတွေ ဘယ်လို မိစ္ဆာတွေပဲ ဖြစ်ဖြစ်၊ နဝမကူနန်းတော်မှာဆိုရင်တော့ စစ်မှန်တဲ့ နတ်ဘုရားတောင် ဒူးထောက်ရလိမ့်မယ်..”

“စီနီယာအစ်မကြီး ..မသွားချင်ရင်တော့ ဘယ်သူမှ လာခေါ်လို့ မရစေရဘူး.. ”

လီယွမ်သည် ဤကဲ့သို့ မာန်ပါသော စကားမျိုး ပြောခဲလှသည်။

“ကျေးဇူးပါပဲ.. ”

နင်ဟုန်ယွီ၏ မျက်ဝန်းများ နီမြန်းလာခဲ့ပြီး မျက်ရည်များကြားမှ သူမ ပြုံးလိုက်၏။

“စီနီယာအစ်မကြီး အဲဒီလိုကြီး မလုပ်ပါနဲ့ အစ်မကြီးက အခုလို နူးညံ့ပြီး တိုးတိုးလေး ပြောနေတာက တကယ်ကို ထူးဆန်းနေတယ်.. ”

ဖေးလော့ချန်က စနောက်လိုက်သည်။

“သွားစမ်း”

နင်ဟုန်ယွီက ခြေလှမ်းတစ်ချက်ဖြင့် လှမ်းကန်လိုက်တော့၏။

“ဟားဟားဟား…အဲဒါမှ ငါတို့ရဲ့ အစ်မကြီး အစစ်ပေါ့”

ကန်ထုတ်ခံလိုက်ရသော ဖေးလော့ချန်မှာ ကျယ်လောင်စွာ ရယ်နေတော့သည်။

“ဟုန်ယွီ အခုတော့ ထျန်းဝေ့ထျန်းက လူတွေက မင်းကို မြင်သွားကြပြီ မင်းက ကူသခင် တစ်ယောက်ဆိုတာကိုလည်း သိသွားကြပြီဆိုတော့ မကြာခင်မှာ မင်းရဲ့ အမှတ်အသားကို သူတို့ သိသွားကြလိမ့်မယ်.. ပြီးတော့ မင်းဆီကိုလည်း လာကြလိမ့်ဦးမှာပဲ.. ”

ယွီဟန်ချွမ်းက ဆက်လက် သုံးသပ်ပြလိုက်၏။

“မင်းက သူတို့နဲ့ လုံးဝ မတွေ့ဘဲ ရှောင်နေမှာလား.. ဒါမှမဟုတ် အရာရာကို ပြတ်ပြတ်သားသား ဖြေရှင်းလိုက်မှာလား”

နင်ဟုန်ယွီက တွေးတောလိုက်၏။ တစ်ဖက်လူ၏ စွမ်းဆောင်ရည်အရ သူမသာ ရှောင်နေမည်ဆိုပါက ထိုလူများမှာ အမြဲတမ်း နှောင့်ယှက်နေကြမည် ဖြစ်ပြီး အားလုံး၏ ကျင့်ကြံခြင်းကိုပါ ထိခိုက်စေနိုင်သည် မဟုတ်ပါလော။

“ဒါဆိုရင်တော့ တွေ့ပြီးတော့ အရာရာကို တစ်ခါတည်း အဆုံးသတ်လိုက်ကြတာပေါ့”

ယခုအခါ နန်းတော်သခင်များ အားလုံးမှာ ပြင်ပဒေသများတွင် ရှိနေကြသဖြင့် ဤနေရာမှာ အလွန်ပင် ဘေးကင်းလှသည်။ ထိုလူများ မည်မျှပင် အစွမ်းထက်ပါစေ သူမအား ဤနေရာမှ အတင်းအကျပ် ခေါ်ဆောင်သွားနိုင်မည် မဟုတ်ချေ။ အခြေအနေမှာ ဤသို့ဖြစ်နေမှတော့ ထိုလူများကို လုံးဝ လက်လျှော့သွားအောင် လုပ်ဆောင်ခြင်းကသာ အကောင်းဆုံး ဖြစ်လိမ့်မည်။

“ကောင်းပြီလေ”

ယွီဟန်ချွမ်းက ခေါင်းညိတ်လိုက်၏။

“ဟုန်ယွီ မင်း ဘယ်လိုပဲ ရွေးချယ်ပါစေ မင်းရဲ့ ဆရာနဲ့ ဂိုဏ်းသားတွေက မင်းဘက်ကနေ ဝန်းရံပေးမှာပါ”

“လာမယ့် အချိန်တွေမှာတော့ ငါတို့ ဒီမှာပဲ နေပြီးတော့ အဲဒီလူတွေ ရောက်လာမယ့်အချိန်ကို စောင့်နေကြတာပေါ့”

All Chapters