သူတို့ရဲ့ကျောရိုးကို ထပ်ပြီးရိုက်ချိုးပစ်ရမယ်
Vol. 34 Ch. 475
အခန်း (၄၇၅) သူတို့ရဲ့ကျောရိုးကို ထပ်ပြီးရိုက်ချိုးပစ်ရမယ်
ရန်တိက သိုင်းသူတော်စင်အဆင့်သို့ ယခုမှ ရောက်ရှိသည်ဖြစ်ရာ ရှည်လျားသောတိုက်ပွဲတွင်ပါဝင်ရန် သက်လုံမကောင်းမည်ကို စုန့်ဝူလျန်က စိုးရိမ်နေသည်။ သို့သော် လက်ရှိ ရန်တိအသုံးပြုလိုက်သောဓားချက်က ကမ္ဘာတစ်ဝှမ်းလုံးရှိ သက်ရှိများအားလုံးကို လွှမ်းမိုးနိုင်စွမ်းအပြည့်ဖြင့် အားအင်ပြည့်ဝနေသည်ပင်။
ဒေါသချောင်းချောင်းထွက်နေသော မဟာမီးတောက်မိစ္ဆာဘုရင်သည်ပင် ရန်တိ၏တိုက်ခိုက်မှုကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ ခေါင်းမဖော်နိုင်ဖြစ်ခဲ့ရသည်။ ယခုအချိန်တွင် ဟွမ်ကွမ်လီ ၊ အဘိုးအို’မော့’ ၊ စုန့်ဝူလျန်နှင့် အခြားသူများသည် မဟာမီးတောက်မိစ္ဆာဘုရင်ကြောင့် ဒဏ်ရာရခဲ့ကြပြီး ကျောက်စိမ်းပင်လယ်ပင်မအစီအရင်ကြီးမှာလည်း ပျက်ဆီးသွားခဲ့ပြီ ဖြစ်၏။
မီးတောက်မိစ္ဆာဘုရင်များကို ရင်ဆိုင်ရန် နဂိုကပင် အင်အားချင်းမမျှသော လူသားသိုင်းသမားများမှာ အခြေအနေဆိုးရွားနေခဲ့ရသည်။ လက်ရှိတွင် ရန်တိက မဟာမီးတောက်မိစ္ဆာဘုရင်ကို တိုက်ခိုက်နေသည့်တိုင် စုန့်ဝူလျန်နှင့် အခြားသူများအတွက် လွယ်ကူလှသည် မဟုတ်ပေ။
အဘိုးအို’မော့’ က လေးလံသောအသံဖြင့်...
“ဒီ အကျပ်အတည်းက ပြေလည်ဖို့ ဝေးသေးတယ် ၊ မဟာမီးတောက်မိစ္ဆာဘုရင်ကို မဟာမီးတောက်မိစ္ဆာဘုရင်လို့ ဘာလို့ခေါ်ရလဲဆိုတဲ့ ထူးခြားတဲ့အကြောင်းရင်းတစ်ခု ရှိတယ်”
ထိုစကားကြားတော့ ဟွမ်ကွမ်လီနှင့် အခြားသူများ မျက်မှောင်ကြုတ်လိုက်ကြသည်။
သူတို့ရှေ့မှ အခြေအနေက ခုခံရခက်ခဲနေသည့်တိုင် ဤအချက်ကြောင့် အခြားအန္တရယ်များကို မေ့လျော့နေသည်ဟု မဆိုလိုပေ။ အတိတ်တစ်ချိန် မီးတောက်မိစ္ဆာများ ပထမဆုံးအကြိမ် အစွန်းရောကရှစ်ပါးကမ္ဘာသို့ ကျူးကျော်ဝင်ရောက်လာချိန်တွင် မဟာမီးတောက်မိစ္ဆာဘုရင်တစ်ယောက် ပါဝင်ခဲ့ကြောင်း အားလုံး သိရှိကြသည်။
သာမန်ဆိုလျှင် မဟာမီးတောက်မိစ္ဆာဘုရင်က သိုင်းသူတော်စင် တတိယအဆင့်နှင့် ညီမျှသည်။
သို့သော် မဟာမီးတောက်မိစ္ဆာဘုရင်နှင့် အခြားသောမီးတောက်မိစ္ဆာဘုရင်များ မတူကွဲပြားရသည့်အကြောင်းရင်းတစ်ခု ရှိသည်။
ထိုအကြောင်းရင်းမှာ...
မဟာမီးတောက်မိစ္ဆာဘုရင်က မီးတောက်မိစ္ဆာကမ္ဘာအတွင်း အဆုံးမဲ့တောက်လောင်နေသောမီးတောက်များကို ကမ္ဘာဖြတ်လမ်းကြောင်းမှတစ်ဆင့် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆွဲယူနိုင်စွမ်းရှိပြီး လက်ရှိကမ္ဘာ၏မိုးမြေတစ်ခွင်ကို လောင်ကျွမ်းသွားအောင် ပြုလုပ်နိုင်စွမ်း ရှိသည်။
ထိုစဉ်အခါက မိုးမြေတစ်ခုလုံး လောင်ကျွမ်းသွားသော အဆုံးမရှိသည့် မီးလျှံများကြောင့် အရှေ့ပင်လယ်တစ်ခုလုံး ပျောက်ကွယ်သွားခဲ့သည်။ ပင်လယ်အောက်မှ ကျောက်ဆောင်များသာမက ကောင်းကင်ပြင် ၊ မိုးကုတ်စက်ဝိုင်းသည်ပင် ကွယ်ပျောက်သွားခဲ့လေသည်။
တစ်လောကလုံး မီးတောက်မိစ္ဆာကမ္ဘာနှင့်တူညီအောင် ပြောင်းလဲသွားခြင်း ဖြစ်သည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ အရှေ့ပင်လယ်ဒေသတစ်ခုလုံးရှိ ဝိညာဉ်စွမ်းအားစီးဆင်းမှုနှင့် ပကတိမြေပြင်သွေးကြောလည်ပတ်မှုများအားလုံး ပျက်ဆီးလုနီးပါး ဖြစ်ခဲ့ရသည်။
မဟာမီးတောက်မိစ္ဆာကမ္ဘာကြောင့် ဖြစ်တည်လာသော မီးတောက်မိစ္ဆာကမ္ဘာ အသက်ဝင်လာပြီး ကမ္ဘာဖြတ်လမ်းကြောင်းဝင်ပေါက်မှ မီးတောက်မီးလျှံများက လောကကို ဝါးမျိုရန် ကြိုးပမ်းနေသည့် မကောင်းဆိုးဝါးကြီးတစ်ကောင်၏ ပါးစပ်ကြီးပမာ ပြောင်းလဲသွားသည်။
နောက်ဆုံးတွင် ဟန်ထျန်းပုဂ္ဂိုလ်မြတ် ကျန်းဒေါင်ဂီဦးဆောင်သော လူသားသိုင်းသမားများက မီးတောက်မိစ္ဆာများ ဆုတ်ခွာသွားစေရန် ဖိအားပေးတိုက်ခိုက်ခဲ့ပြီး မီးတောက်မိစ္ဆာကမ္ဘာအဖြစ် ပြောင်းလဲသွားသော မူမမှန်မှုများကို ဖယ်ရှားနိုင်ခဲ့သည်။
သို့တိုင် အရှေ့ပင်လယ် ပြန်လည်ကောင်းမွန်လာရန်အတွက် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ရသည်။
မကြာခင်က ရင်ဆိုင်ခဲ့ရသောတိုက်ပွဲတွင်လည်း ပကတိမီးသွေးကြောများ ပြောင်းလဲသွားခဲ့ပြီး ပင်လယ်ရေများ ပွက်ပွက်ဆူလျှက် ထပ်မံပျက်ဆီးခဲ့ရပြန်သည်။ သို့သော် ထိုသို့ပျက်ဆီးခြင်းက အတိတ်တစ်ချိန်က မီးတောက်မိစ္ဆာကမ္ဘာအဖြစ်ပြောင်းလဲသွားသော ကပ်ဆိုးကြီးနှင့် နှိုင်းယှဉ်လျှက် အသေးအဖွဲမျှသာပင်။
အခြားစကားဖြင့်ဆိုရလျှင် ထိုစဉ်အချိန်က အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး မီးတောက်မိစ္ဆာကမ္ဘာအဖြစ် ပြောင်းလဲသွားနိုင်သည်အထိ မီးတောက်မိစ္ဆာများက ကျူးကျော်ခဲ့ကြခြင်း ဖြစ်၏။
မီးတောက်မိစ္ဆာကမ္ဘာ၏ ကျူးကျော်မှုကို တွန်းလှန်ရခြင်းကြောင့် ဟန်ထျန်းပုဂ္ဂိုလ်မြတ် ကျန်းဒေါင်ဂီသည် ငယ်ရွယ်စဉ်တွင် သူရဲကောင်းဆန်ဆန် မြင့်မြတ်စွာ ကျဆုံးခဲ့ရသလို အစွန်းရောက်ရှစ်ပါးကမ္ဘာမှ အခြားသော ထိပ်တန်းသိုင်းသမားများစွာသည်လည်း အသက်ဆုံးခဲ့ရသည်။
အဘိုးအို’မော့’ သည် ထိုခေတ်ထိုအခါကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ဖူးသူ ဖြစ်၏။
သူက ခပ်တိုးတိုးလေသံဖြင့်...
“ငါတို့ရှေ့က မဟာမီးတောက်မိစ္ဆာဘုရင်က အရင်တုန်းကတစ်ယောက်လောက် စွမ်းအားမကြီးဘူး ၊ သူက အခုမှ အဆင့်တက်ပြီးစပဲ ဖြစ်ပုံရတယ် ၊ ဒါပေမဲ့ သူ့မှာလည်း မီးတောက်မိစ္ဆာကမ္ဘာက မီးလျှံတွေကို ဆွဲယူပြီး ငါတို့ကမ္ဘာကို မီးတောက်မိစ္ဆာကမ္ဘာအဖြစ် ပြောင်းလဲပစ်နိုင်ဖို့ စွမ်းအားရှိနေမှာ ငါ စိုးရိမ်တယ် ၊ အရှေ့ပင်လယ်သာ မီးတောက်မိစ္ဆာကမ္ဘာအဖြစ် ပြောင်းလဲသွားရင် မီးတောက်မိစ္ဆာတွေရဲ့စွမ်းအားက တဟုန်ထိုး မြင့်တက်လာလိမ့်မယ်”
အဘိုးအို’မော့’ ၏ မျက်နှာက တည်ကြည်လေးနက်နေသည်။
သူ့မျက်ဝန်းများက အတိတ်တစ်ချိန်ကို ပြန်လည်သတိရသွားဟန် လွင့်မျောသွား၏။
အတိတ်တစ်ချိန်က တိုက်ပွဲကြီးသည် အဘိုးအို’မော့’ ကြုံဖူးသမျှ ကြေကွဲဖွယ်အကောင်းဆုံး တိုက်ပွဲဖြစ်သည်။ ကောင်းကင်ပြိုကျ မြေကြီးအက်ကွဲလျှက် ကမ္ဘာ့အဆုံးသတ်မြင်ကွင်းနှင့်ပင် အလွန်ဆင်တူသည်။
ထိုတိုက်ပွဲမြင်ကွင်းများသည် သူ့မှတ်ဉာဏ်များထဲတွင် နက်နက်ရှိုင်းရှိုင်းမြှုပ်နှံထားပြီး ဘယ်သောအခါမှ မေ့နိုင်မည်မဟုတ်သော မြင်ကွင်းများ ဖြစ်သည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးသော တိုက်ပွဲကြီးတွင် ထိုခေတ်ထိုအခါက လောကကိုလွှမ်းမိုးခဲ့သော ဝါဒတောင်မှသူရဲကောင်းသည် မီးတောက်မိစ္ဆာကမ္ဘာအဖြစ်ပြောင်းလဲသွားသော အရှေ့ပင်လယ်တစ်ခွင်တွင် မားမားမတ်မတ်ရပ်တည်လျှက် မဟာမီးတောက်မိစ္ဆာဘုရင်ကို ရက်စက်စွာ သတ်ဖြတ်ပစ်ခဲ့သည်။ အခြားသော သိုင်းသူတော်စင်ဒုတိယအဆင့်ရှိသော မီးတောက်မိစ္ဆာဘုရင် (၄)ယောက်ကိုလည်း သတ်ဖြတ်ပစ်ခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။
ကြီးကျယ်ခမ်းနားသောဓားအလင်းတန်းက မီးတောက်မိစ္ဆာကမ္ဘာကို ထက်ပိုင်းခွဲပစ်လိုက်ပြီး အဆုံးမရှိသောမီးတောက်များသည် ကမ္ဘာဖြတ်လမ်းကြောင်းမှတစ်ဆင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။
“ဟန်ထျန်းပုဂ္ဂိုလ်မြတ်’ကျန်းဒေါင်ဂီ’ ဟာ ကမ္ဘာကိုလွှမ်းမိုးပြီး ကောင်းကင်ကို လှုပ်ခါနိုင်စွမ်းရှိတယ် ၊ မဟာကပ်ဘေးကြီး ပြီးဆုံးတဲ့နောက် အစွန်းရောက်ရှစ်ပါးကမ္ဘာရဲ့ လောကပထမလို့ ခေါ်ဆိုထိုက်တယ်”
အဘိုးအို’မော့’ က သက်ပြင်းချရင်း...
“ခရမ်းရောင်နေသူတော်စင်’ကျန်းချောင်’ က သိုင်းသူတော်စင် တတိယအဆင့်ကို တက်လှမ်းခဲ့တယ်ဆိုရင်တောင် ကျန်းဒေါင်ဂီနဲ့ မယှဉ်နိုင်ပါဘူး ၊ ကျန်းဒေါင်ဂီသာ သိုင်းသူတော်စင် ဒုတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့မယ်ဆိုရင် ဘယ်လောက်တောင် စွမ်းအားကြီးမားလိမ့်မလဲ ၊ သူသာ အသက်ငယ်ငယ်ရွယ်ရွယ်မှာ သူရဲကောင်းဆန်ဆန် မကျဆုံးခဲ့ဘူးဆိုရင် အနာဂတ်မှာ သေချာပေါက် ဦးဆောင်သူတစ်ယောက်ဖြစ်လာမှာပဲ”
အဘိုးအို’မော့’ က ရန်တိကို စူးစိုက်ကြည့်ရင်း...
“အခု ကျန်းဒေါင်ဂီရဲ့ မျိုးဆက်က သူ့ထက်တောင်သာသွားပြီပဲ ၊ ဒါတောင်မှ ရန်တိက အခုမှ သိုင်းသူတော်စင်အဆင့်ကို ရောက်စပဲ ရှိသေးတာ”
“သူသာ ကျန်းဒေါင်ဂီလို သိုင်းသူတော်စင်အဆင့် ဒုတိယအဆင့်ကို တက်လှမ်းခဲ့ရင် မင်းထက်တောင် အစွမ်းထက်လိမ့်မယ် ထင်တယ် ၊ စိတ်မကောင်းစရာက မိုးကောင်းကင်က သူ့ကို အချိန်အလုံအလောက် မပေးခဲ့ဘူး ၊ ငါတို့အစွန်းရောက်ရှစ်ပါးကမ္ဘာကို အချိန်အလုံအလောက် မပေးခဲ့ဘူး”
အန်းချင်လင်က အံတင်းတင်းကြိတ်ရင်း...
“ကျွန်မတို့ သူ့ကို ဒီမှာပဲ ထိန်းထားလိုက်မယ်လေ ၊ ကမ္ဘာဖြတ်လမ်းကြောင်းကို ပြန်ဆုတ်ပြီး မီးတောက်မိစ္ဆာကမ္ဘာက မီးတောက်တွေကို ဆွဲယူဖို့ အခွင့်အရေးမပေးတော့ဘူး”
ဤသို့ပြုလုပ်ရန်က ခက်ခဲသည်ဆိုသော်လည်း ယွမ်ကျန်းဖုန်းနှင့် ချန်လီတို့ မြေကမ္ဘာနယ်မြေမှ ပြဿနာများကို ဖြေရှင်းပြီးသည်အထိ ထိန်းထားနိုင်လျှင် အခြေအနေကို ကျော်ဖြတ်နိုင်မည် ဖြစ်သည်။
သို့သော် အရှေ့ပင်လယ်တစ်ခုလုံး မီးတောက်မိစ္ဆာကမ္ဘာအဖြစ် ပြောင်းလဲသွားလျှင်တော့ မည်သူမှ ကုစားနိုင်မည် မဟုတ်တော့ပေ။
စုန့်ဝူလျန်က...
“မီးတောက်မိစ္ဆာတွေက ကြမ်းတမ်းပြီး ဒေါသထွက်လွယ်တယ် ၊ သူတို့ဒေါသကို အဆက်မပြတ်လှုံ့ဆောက်ပေးနေသရွေ့ သူတို့ ဥမင်လမ်းကြောင်းဆီကို ပြန်ဆုတ်ခွာမှာ မဟုတ်တော့ဘူး”
အဘိုးအို’မော့’ က သက်ပြင်းချကာ ခေါင်းခါယမ်းရင်း...
“မဟာမီးတောက်မိစ္ဆာဘုရင် အစွန်းရောက်ရှစ်ပါးကမ္ဘာကို ရောက်လာပြီဆိုကတည်းက မီးတောက်မိစ္ဆာကမ္ဘာအဖြစ် ပြောင်းလဲဖို့ အစပြုနေပြီ ၊ သူက ဥမင်ဝင်ပေါက်ကို ပြန်မဆုတ်ဘူးဆိုရင်တောင်မှ မီးတောက်တွေ ဝင်ရောက်လာတာ နှေးကွေးတာပဲရှိမှာ ဘာမှမထူးခြားဘူး ၊ သူက ဝင်ပေါက်ကို ပြန်ဆုတ်သွားရင်တော့ မီးတောက်တွေကို ဆွဲယူတာ ပိုပြီးမြန်လာလိမ့်မယ်”
သူက ဆက်ပြောသည်။
“အရှေ့ပင်လယ် ပုံစံပျက်သွားမှာ ငါ စိုးရိမ်တယ်”
သူ့စကားကြားတော့ အားလုံး ရင်ထဲနင့်ကြရသည်။
ဟွမ်ကွမ်လီက မီးတောက်မိစ္ဆာဘုရင် ကျင်းကျုန်း၏တိုက်ခိုက်မှုကို လက်ဖဝါးဖြင့် ရိုက်ထုတ်လိုက်ပြီး ပတ်ဝန်းကျင်ကို တိတ်ဆိတ်စွာ အကဲခတ်နေသည်။
ထိုစဉ်...
“နည်းလမ်းတစ်ခုရှိတယ်...”
ဓားသွားပမာထက်ရှသော အသံတစ်သံ ထွက်ပေါ်လာသည်။
ထိုအသံက မဟာမီးတောက်မိစ္ဆာဘုရင်နှင့် တိုက်ခိုက်နေသော ရန်တိထံမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း အားလုံး ရှင်းရှင်းလင်းလင်း သိလိုက်ကြသည်။
သို့သော် ထိုအသံကိုကြားသည့်အခါ လူတိုင်း အံ့သြထိတ်လန့်သွားကြပြီး...
“သူက သိုင်းသူတော်စင်အဆင့်ရောက်ပြီးတာနဲ့ ချက်ချင်းပဲ သိုင်းသူတော်စင် ဒုတိယအဆင့်ကို ရောက်သွားတာလား”
ရန်တိက ဓားကိုဝှေ့ယမ်းလျှက် မဟာမီးတောက်မိစ္ဆာဘုရင်နှင့် တိုက်ခိုက်ရင်း တစ်ချိန်တည်းပင် ဘယ်ဘက်လက်ကိုလည်း ဝှေ့ယမ်းလိုက်သည်။
ထိုအခါ အဘိုးအို’မော့’ ၊ ဟွမ်ကွမ်လီနှင့် စုန့်ဝူလျန်တို့ဆီသို့ အလင်းတန်း (၃)ခု ရောက်ရှိလာသည်။
သူတို့ (၃)ယောက် အလင်းတန်းများကို လက်ခံရရှိပြီးသည်နှင့် အဆက်မပြတ်လှည့်ပတ်နေသည့် တောက်ပသောအလင်းတန်းများကိုကြည့်ရင်း ခဏမျှ အတွေးနက်သွားကြသည်။
ရန်တိက...
“အခု တခြားကမ္ဘာက ပြင်ပရန်သူတွေနဲ့ တိုက်ခိုက်နေရတာ ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး အခက်အခဲ ရင်ဆိုင်နေရတယ် ၊ တစ်ယောက်နဲ့တစ်ယောက် ကူညီရမယ့် အချိန်ပါပဲ”
သူက ဆက်ပြောသည်။
“ဒီ ‘ရန်’ မျိုးနွယ်က မင်းတို့မှာတိုက်ခိုက်ဖို့ စွမ်းအားရှိသေးလားလို့မေးတော့ တိုက်ခိုက်မယ်လို့ ပြောခဲ့ကြတယ် မဟုတ်လား ၊ ဒီတော့ စ လိုက်ကြရအောင်”
ပြောပြီးသည်နှင့် ရန်တိ၏ဦးခေါင်းထက်တွင် အလင်းတန်းများ ဖြာလင်းလာပြီး မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများထွက်ပေါ်လာကာ မိုးကုတ်စက်ဝိုင်းအထိ မြင့်တက်သွားပြီး ကြီးမားသော ဝိညာဉ်အစီအရင်တစ်ခု ဖြစ်တည်လာသည်။
ဟွမ်ကွမ်လီတို့ (၃)ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ကြ၏။
ထို့နောက် သူတို့ (၃)ယောက်လုံး ကျင့်ကြံထားသည့် သိုင်းပညာများကို အတူတကွ တိတ်ဆိတ်စွာ ဖြန့်ကျက်လိုက်ကြလေရာ သူတို့ဦးခေါင်းထက်မှ ဝိညာဉ်အလင်းတန်းများက ကောင်းကင်ထက်သို့ မြင့်တက်သွားပြီး ဝိညာဉ်သင်္ကေတများအဖြစ်ပြောင်းလဲသွားကာ ဝိညာဉ်အစီအရင်နှင့် ချိတ်ဆက်သွားသည်။
ရန်တိက လက်တစ်ဖက်မြှောက်လိုက်သည်နှင့် အလင်းတန်းများ နောက်တစ်ကြိမ် ပျံသန်းသွားပြီး ပုံမှန်မဟုတ်သော ရောင်ဝါများတောက်ပနေသည့် လက်နက်များ ထွက်ပေါ်လာသည်။ ထိုလက်နက်များက လေထဲတွင် လွင့်မျောနေပြီး အစီအရင်နှင့်အတူ ရန်တိ ၊ အဘိုးအို’မော့’ ၊ ဟွမ်ကွမ်လီနှင့် စုန့်ဝူလျန်တို့အား လွှမ်းခြုံဖုံးအုပ်သွားသည်။
အစီအရင်ကို ထောက်ပံ့ပေးထားသော များပြားလှသည့် လက်နက်များက မဟာဝိညာဉ်ကျောက်တုံးအမြုတေများဖြင့် ပြုလုပ်ပေါင်းစပ်ထားခြင်းဖြစ်ပြီး ချက်ချင်းပင် မိုးမြေကိုတုန်လှုပ်စေသော အာဏာစက်စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
သာမန်မီးတောက်မိစ္ဆာများသာမက မဟာမီးတောက်မိစ္ဆာဘုရင်နှင့် အခြားသော မီးတောက်မိစ္ဆာဘုရင်များပင်လျှင် စိတ်ထဲတွင် ကြောက်ရွံ့မှုကို ရုတ်ချည်းခံစားလိုက်ကြရသည်။
ရန်တိ၏စကားသံက မိုးမြေတစ်ခွင် ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
“ဒီအစီအရင်က မဟာကပ်ဘေးကြီးမတိုင်ခင်က သိုင်းအမွေအနှစ်တွေထဲက ငါ့သား ရန်ကျောက်ကဲ ရှာဖွေတွေ့ရှိခဲ့တာ ၊ ဒီအစီအရင်ရဲ့စွမ်းအားက ပြိုင်ဘက်ကင်းပြီး အဆုံးမရှိဘူး”
သူက ဆက်ပြောသည်။
“အခု ငါတို့က လေ့ကျင့်ချိန်မရဘဲ အလျင်စလို ထ လုပ်ရတာဆိုတော့ အစီအရင်ရဲ့ စွမ်းအားကို အပြည့်အဝ အသုံးပြုနိုင်မှာ မဟုတ်ဘူး ၊ ဒါပေမဲ့ မီးတောက်မိစ္ဆာတွေကို တိုက်ခိုက်ဖို့တော့ လုံလောက်ပါတယ်”
“ဒီကောင်တွေက မှတ်ဉာဏ်ကောင်းတဲ့ကောင်တွေ မဟုတ်တော့... ဒီနေ့ သူတို့ရဲ့ ကျောရိုးကို ထပ်ပြီး ရိုက်ချိုးပစ်ရမယ်”