← Chapters

ရန်ကျောက်ကဲ၏ “ထိုက်ယီချိုးဖျက်အစီအရင်”

Vol. 34 Ch. 476

ရန်ကျောက်ကဲ၏ “ထိုက်ယီချိုးဖျက်အစီအရင်”

Vol. 34 Ch. 476

အခန်း (၄၇၆) ရန်ကျောက်ကဲ၏ “ထိုက်ယီချိုးဖျက်အစီအရင်”

ရန်တိ ၊ အဘိုးအို’မော့’ ၊ ဟွမ်ကွမ်လီနှင့် စုန့်ဝူလျန်တို့ကို ဗဟိုပြု၍ စက်ဝိုင်းပုံသဏ္ဌန် (၄)ခု ပေါ်လာပြီး ကောင်းကင်ထက်တွင် လွင့်မျောလျှက် မိုးကုတ်စက်ဝိုင်းဆီသို့ ပေါင်းစပ်သွားသည်။ စက်ဝိုင်းသဏ္ဌန် (၄)ခုက လေးထောင့်သဏ္ဌန် ဝိညာဉ်အစီအရင်ကြီး၏ ထောင့်လေးထောင့်တွင် တည်ငြိမ်စွာ နေရာယူလိုက်ကြ၏။

မဟာဝိညာဉ်ကျောက်တုံးအမြုတေဖြင့် ပြုလုပ်ထားသည့် များပြားလှစွာသော အစီအရင်ထောက်ပံ့လက်နက်များက လေထဲရှိ အစီအရင်ကြီးထဲတွင် လွင့်ပျံနေကြပြီး မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများကို ချိတ်ဆက်ပေးသည့် အဆစ်များအဖြစ် တည်ရှိနေကြသည်။

ဝိညာဉ်အလင်းတန်းများက ကောင်းကင်ထက်သို့တက်သွားသည်နှင့် ချက်ချင်းပင် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားကာ အဖြူရောင်အလင်းတန်းများနှင့် ထိတွေ့သည့်နေရာတိုင်း မီးတောက်မီးလျှံများ ချက်ချင်း ပျံ့ကျဲလွင့်ပြယ်သွားသည်။ အတိုင်းအဆမဲ့နက်ရှိုင်းသော ဝိညာဉ်သင်္ကေတများက ကောင်းကင်ထက်တွင် သိပ်သည်းပျံ့နှံသွားပြီး လေထုထဲတွင် ရေးထွင်းထားသည့်ပမာ ထင်မှတ်ရသည်။

ထိုဝိညာဉ်သင်္ကေတများ လင်းလက်လာသည်နှင့် မိုးမြေတစ်ခုလုံး တုန်လှုပ်သွားသည်။

ဘေးနားက ရပ်ကြည့်နေသူများကိုအသာထား အဘိုးအို’မော့’ ၊ ဟွမ်ကွမ်လီနှင့် စုန့်ဝူလျန်တို့သည်ပင် ထိတ်လန့်တုန်လှုပ်သွားကြရသည်။

“ဒီလို စွမ်းအားမြင့်မားပြီး နက်ရှိုင်းတဲ့ တိုက်ပွဲအစီအရင်မျိုး အရင်က အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ တစ်ခါမှ မတွေ့ဖူးဘူး”

အဖြူရောင်အလင်းတန်းများက ပတ်ဝန်းကျင်ဧရိယာသို့ တဖြည်းဖြည်း စတင်ကျယ်ပြန့်လာသည်။

ထိုအလင်းတန်းများနှင့် ထိတွေ့မိသည်နှင့် မိုးမြေတစ်ခွင် တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များက နောက်သို့ပြန်လည်ဆုတ်ခွာသွားသည်။ မဟာမီးတောက်မိစ္ဆာကြီးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး အစီအရင်ရှိရာသို့ လက်သည်းနှစ်ဖက်လုံးဖြင့် ကုတ်ခြစ်ချလိုက်၏။

တိုက်ပွဲအစီအရင်အတွင်းမှ ကြောက်မက်ဖွယ်ရာစွမ်းအားကို ခံစားမိသည့်အခါ အမြဲတမ်းဒေါသတကြီးဖြင့် တိုက်ခိုက်သတ်ဖြတ်ရသည်ကို သဘောကျသော မီးတောက်မိစ္ဆာများမှာ သူတို့ထက်ပိုမိုအားကောင်းသောရန်သူကို ရင်ဆိုင်ရသည့်ပမာ ခံစားကြရသည်။

ကြီးကျယ်ခမ်းနားသော တိုက်ပွဲအစီအရင်မှ ကြောက်မက်ဖွယ်ရာစွမ်းအားများက မဟာမီးတောက်မိစ္ဆာဘုရင်ကို ဒေါသထွက်လာစေပြီး အစွမ်းကုန်တိုက်ခိုက်ရန် လှုံ့ဆော်ပေးသည်။

သူက အစီအရင်ထဲတွင်ရှိနေသည့် ရန်တိကို စူးစိုက်ကြည့်လိုက်သည်။ သူ့မျက်ဝန်းများက သတ်ဖြတ်လိုသည့်အငွေ့အသက်များပြည့်နက်နေပြီး ဘယ်လိုအခက်အခဲရှိပါစေ ရန်တိကို သတ်ဖြတ်ပစ်တော့မည့်အလားပင်။

ကြောက်မက်ဖွယ်ရာတောက်လောင်နေသောမီးတောက်များက ချက်ချင်းသိပ်သည်းသွားပြီး အဆက်မပြတ် သန့်စင်လာသည်။ ထို့နောက် မီးတောက်အတွင်းမှ စွမ်းအားများစုစည်းသွားပြီး ပြင်းထန်သောအရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်သွားသည်။

သို့သော် အစီအရင်၏ အဖြူရောင်အလင်းတန်းအတွင်း အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသောမီးတောက်များက ချက်ချင်းပင် ရပ်တန့်သွားသည်။ အဖြူရောင်အလင်းတန်းဖြင့် လွှမ်းခြုံထားခြင်းခံရသော ရန်တိနှင့် အခြားသူများရှေ့တွင် မီးတောက်များက အနှေးပြကွက်အလား အလွန်တရာ နှေးကွေးသွားသည်။

ပိုပြီးကြောက်စရာကောင်းသည်မှာ အစီအရင်နှင့်ထိတွေ့သည်နှင့် တောက်လောင်နေသည့်မီးတောက်များက နှေးကွေးသွားသည်သာမက မသေမသပ် ပုံပျက်သွားခြင်း ဖြစ်သည်။

ကျင်းကျုန်းနှင့် အခြားသောမီးတောက်မိစ္ဆာဘုရင်များက ရန်တိနှင့် အခြားသူများကို ပြင်းပြင်းထန်ထန် ဝင်ရောက်တိုက်ခိုက်ကြသည်။ သို့သော် အစီအရင်၏ အဖြူရောင်အလင်းတန်းများကြားတွင် သူတို့တိုက်ခိုက်မှုက နှေးကွေးသွားသည်သာ။

သိုင်းသူတော်စင်ပထမအဆင့်နှင့်ညီမျှသော မီးတောက်မိစ္ဆာဘုရင်များမှ ထုတ်လွှတ်သောမီးတောက်မီးလျှံများက အစီအရင်၏ အဖြူရောင်အလင်းတန်းများ ပိတ်ဆို့ထားခြင်းကို ခံရသည်။ အဖြူရောင်အလင်းတန်းများအပြင်ဘက်တွင် အရှိန်ပြင်းစွာတောက်လောင်နေသော မီးတောက်များက ထို အဖြူရောင်အလင်းတန်းနယ်နိမိတ်ကို ဖြတ်ကျော်လိုက်သည်နှင့် ချက်ချင်း ရပ်တန့်သွားသည်။

မူလက မရပ်မနား ကျယ်ပြန့်ပေါက်ကွဲထွက်နေသော မီးတောက်များသည် တိုက်ပွဲအစီအရင်နှင့် ထိတွေ့သည်နှင့် ချက်ချင်းပင် ရပ်တန့်သွားသည်။ မည်မျှပြင်းထန်သော မီးတောက်ဖြစ်ပါစေ တိုက်ပွဲအစီအရင်နှင့် ထိတွေ့လိုက်သည်နှင့် စက္ကူထက်ရေးဆွဲထားသော ပန်းချီရုပ်ပုံများပမာ ပြောင်းလဲသွားရသည်။

အသက်ဝင်ပြီး အနုစိတ်သိမ်မွေ့သော မီးတော်ကများသည်သည် သဘာဝနိယာမများကို ဆန့်ကျင်ကာ  လောင်ကျွမ်းလှုပ်ရှားနေခြင်း မရှိတော့ပေ။

အခြားမီးတောက်မိစ္ဆာများနှင့်ယှဉ်လျှင် ကျင်းကျုန်းနှင့် သိုင်းသူတော်စင်ဒုတိယအဆင့် မီးတော်ကမိစ္ဆာဘုရင် (၃)ယောက်က အခြေအနေပိုမိုကောင်းမွန်သည်။ သူတို့၏ မီးတောက်မီးလျှံများက အဖြူရောင်အလင်းတန်းနှင့် ဝေးကွာသောနေရာများတွင် ငြိမ်းသတ်သွားခြင်းမရှိဘဲ ဆက်လက်တောက်လောင်နိုင်စွမ်း ရှိကြသည်။

သို့သော် သူတို့၏လှုပ်ရှားမှုများက အလွန်နှေးကွေးပြီး မီးတောက်များအတွင်းမှ ကြောက်မက်ဖွယ်ရာ စွမ်းအားများက အဆက်မပြတ် လွင့်ပြယ်နေသည်။

အခြားသောမီးတောက်မိစ္ဆာများက ထောက်ပံ့ပေးနေသဖြင့် မဟာမီးတောက်မိစ္ဆာဘုရင်ထံမှ ထုတ်လွှတ်သော မီးတောက်မီးလျှံများကတော့ အဖြူရောင်အလင်းတန်းများကြားမှာပင် အသက်ဝင်နေဆဲ ဖြစ်၏။ သို့ပေသိ အဖြူရောင်အလင်းတန်းများ၏ လွှမ်းခြုံမှုအောက်တွင် လှုပ်ရှားမှုက နှေးကွေးနေဆဲ ဖြစ်သည်။

အစီအရင်ထဲတွင်ရှိနေသော ရန်တိက...

“ဒီ ‘ရန်’ မျိုးနွယ်က အဓိကတိုက်ခိုက်သူအဖြစ် တိုက်ခိုက်ပါ့မယ် ၊ ကျေးဇူးပြုပြီး ငါ့ဘက်က မောက်မာမှုကို ဘယ်လိုမှ သဘောမထားဘဲ ခွင့်လွှတ်ပေးပါ”

ပြောပြီးသည်နှင့် သူက ရှေ့သို့တိုးသွားပြီး ဓားဖြင့်ခုတ်ပိုင်းချလိုက်သည်။

မည်သည့်အရာနှင့်မှ မယှဉ်နိုင်အောင် လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ဓားဝိညာဉ်က မီးတောက်မိစ္ဆာများဆီသို့ တဟုန်ထိုးဝင်ရောက်သွားပြီး မိုးမြေတစ်ခုလုံးကို ထက်ခြမ်းခွဲပစ်လိုက်သည်။

အဖြူရောင်အလင်းတန်းများကြားတွင် မီးတောက်မိစ္ဆာများ၏ တိုက်ခိုက်မှုက အလွန်နှေးကွေးနေသည့်တိုင် ရန်တိကတော့ အစီအရင်စွမ်းအားကို အသုံးပြုလျှက် အလွန်လျှင်မြန်လွန်းသည်။ စက္ကန့်ပိုင်းအတွင်း မဟာမီးတောက်မိစ္ဆာဘုရင်ရှေ့သို့ ရန်တိ ရောက်ရှိသွားသည်။

မဟာမီးတောက်မိစ္ဆာဘုရင်၏ ကြီးမားသောစွမ်းအားသည်ပင် သူ၏စွမ်းအားမြင့်မားသောဓားချက်ကို အလွယ်တကူ ရင်ဆိုင်နိုင်ခြင်း မရှိခဲ့ပေ။ မဟာမီတောက်မိစ္ဆဘုရင်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ရန်တိ၏ဓားချက်ကို စွမ်းအားရှိသမျှတွန်းလှန်ရန် ကြိုးစားလိုက်သော်လည်း မည်သို့မှမတတ်နိုင်ဘဲ နာကျင်စွာအော်ဟစ်လိုက်သည်။

သူ၏မီးတောက်အရေခွံထက်သို့ ဝိညာဉ်သင်္ကေတများကျရောက်သွားသည်နှင့် သွေးများကျဆင်းသည့်ပမာ လက်မောင်းထက်မှ မီးတောက်မီးလျှံများ ဖြာခနဲကျသွားသည်။

ရန်တိက ရှေ့တန်းတွင်တိုက်ခိုက်နေချိန် အခြားသောသိုင်းသူတော်စင် (၃)ယောက်က အစီအရင်ကို ထောက်ပံ့ပေးထားကြသည်။

တစ်လောကလုံးရှိ သက်ရှိများကိုလွှမ်းမိုးနိုင်စွမ်းရှိသော ရန်တိ၏ ဓားဝိညာဉ်အလင်းတန်းက မိုးမြေတစ်ခွင် ပျံ့နှံ့သွားပြီး သိုင်းသူတော်စင်ပထမအဆင့်ရှိသော မီးတောက်မိစ္ဆာဘုရင် (၂)ယောက်ကို ခန္ဓာကိုယ်များ ထက်ပိုင်းပြတ်ထွက်သွားစေရန် ခုတ်ပိုင်းချလိုက်သည်။

သိုင်းသူတော်စင် ဒုတိယအဆင့်နှင့်ညီမျှသော မီးတောက်မိစ္ဆာဘုရင် ကျင်းကျုန်းမှာလည်း လက်တစ်ဖက်ပြတ်တောက်သွားပြီး အဝေးသို့လွင့်ထွက်သွားကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

ရန်တိ၏ ဓားအလင်းတန်းက ရပ်တန့်မသွားဘဲ မဟာမီးတောက်မိစ္ဆာဘုရင်ထံသို့ ဝင်ရောက်သွားသည်။ သူ၏တိုက်ခိုက်မှုက လျှင်မြန်လွန်းသဖြင့် ရှောင်တိမ်းရန် အလွန်ခက်ခဲသဖြင့် မဟာမီးတောက်မိစ္ဆာဘုရင် ချက်ချင်းဒဏ်ရာရသွားပြီး သူ၏ခန္ဓာကိုယ်ထက်တွင် ကြောက်မက်ဖွယ်ရာ ဒဏ်ရာတစ်ခု ထွက်ပေါ်လာသည်။

မီးတောက်မိစ္ဆာများသာမက လူသားသိုင်းသမားများသည်ပင် ထိတ်လန့်တုန်လှုပ်သွားကြရသည်။

ထိုက်ယီချိုးဖျက်အစီအရင်က ‘အကြောင်း’ နှင့် ‘အကျိုး’ ကြား ပြောင်းလဲခြင်းတရားများမှတစ်ဆင့် ထိတ်လန့်တုန်လှုပ်ဖွယ်စွမ်းအားများ ထုတ်ဖော်လျှက် အဆုံးမရှိသောအဓိပ္ပါယ်များ ပေါင်းစပ်ပါဝင်သည်။

ဒဏ်ရာရအထိနာသွားသည့်အတွက် ခဏမျှမလှုပ်ရှားနိုင်ဖြစ်သွားသော ချူးယန်နှင့် မိုးဖြိုပုဆိန် ၊ ထူးကဲယင်သရဖူကိုဆောင်းထားသော မန်ဝမ်နှင့် အန်းချင်လင်တို့သည်လည်း ထိုက်ယီချိုးဖျက်အစီအရင်အတွင်းသို့ ဝင်ရောက်လာသည်။

ကြီးမားသောတိုက်ပွဲအစီအရင်က ဝန်းရံထားသဖြင့် သူတို့အားလုံး မီးတောက်မိစ္ဆာများ၏တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိကြသည်။ တိုက်ပွဲအစီအရင် အားကောင်းလာသည်နှင့်အမျှ အစောပိုင်းက ကမ္ဘာပျက်သည့်အလား မိုးမြေပြိုကျမည့်မမာ လောင်ကျွမ်းနေသောမီးတောက်များက ကြောက်မက်ဖွယ်ရာ မကောင်းတော့ပေ။

အခြားသောသိုင်းသမားများကလည်း မီးတောက်မိစ္ဆာများကို တန်ပြန်တိုက်ခိုက်ခဲ့ကြသည်။

ရန်တိက သူ၏ဓားကို အဆက်မပြတ်ဝှေ့ယမ်းလျှက် လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ဓားကွက်များကို ဖော်ထုတ်တိုက်ခိုက်လေရာ မီးတောက်မိစ္ဆာများ ခုခံရန်ပင် အချိန်မရတော့ပေ။

ရန်တိက အစွန်းရောက်ကောင်းကင်လွှမ်းခြုံဓားသိုင်းအပြင် အခြားသော သိုင်းပညာများစွာကိုလည်း တတ်ကျွမ်းသူ ဖြစ်သည်။ ယခု သူက အတိုင်းအဆမဲ့ ကောင်းကင်တစ်ဖက်သွားဓားသိုင်း ၊ အစွန်းရောက်ရှစ်ပါးသိုင်းပညာရှစ်ရပ် ၊ ဝါဒတောင်မှစုစည်းထားသည့် အခြားသောထိပ်တန်းသိုင်းပညာများကိုပင် တစ်ခုပြီးတစ်ခု ထုတ်ဖော်တိုက်ခိုက်ခဲ့သည်။

ရန်တိက သူတတ်ကျွမ်းသမျှ သိုင်းပညာအကုန်လုံးကို ထုတ်ဖော်အသုံးပြုရင်း သူ၏တိုက်ခိုက်မှုက မီးတောက်မိစ္ဆာများထံသို့ အဆုံးမရှိသော လှိုင်းလုံးများပမာ ဝင်ရောက်သွားသည်။

မိုးမြေကြားတွင် မီးလျှံများက အဆုံးမဲ့စီးဆင်းနေပြီး မီးတောက်မိစ္ဆာ အသေကောင်များနှင့် ပြတ်တောက်နေသော မီးတောက်မိစ္ဆာခြေလက်အင်္ဂါများမှာ အောက်ဘက်ရှိ ပင်လယ်ထဲသို့ အဆက်မပြတ် ပြုတ်ကျလျှက် ရှိ၏။

“ထိုက်ယီချိုးဖျက်အစီအရင်” က အရှိန်အဟုန်ဖြင့် ကျယ်ပြန့်ကြီးမားလာပြီး အဖြူရောင်အလင်းတန်းများက မီးတောက်မိစ္ဆာများကို အဆက်မပြတ် နောက်ဆုတ်သွားစေသည်။ မီးတောက်မိစ္ဆာများမှာ ထိန်းမနိုင်သိမ်းမရ ဒေါသများပြင်းထန်နေကြသည့်တိုင် အဆုံးသတ်မှာတော့ ဖြည်းဖြည်းချင်း ပြန်လည်ဆုတ်ခွာသွားကြရသည်။

အချိန်ကြာလာသည်နှင့်အမျှ မီးတောက်မိစ္ဆာများစွာ သတ်ဖြတ်ခံခဲ့ရသည်။

သူတို့ဆုတ်ခွာသွားသည်နှင့် မိုးမြေတစ်ခွင် ပြင်းထန်စွာတောက်လောင်နေသော မီးတောက်အပူလှိုင်းများ လျော့နည်းသွားပြီး မိုးမြေနယ်နိမိတ်မျဉ်းသည်လည်း မှုံဝါးစွာဖြင့် ပြန်လည်ထွက်ပေါ်လာသည်။ သွေးနီရောင်မီးတောက်များဖြင့် ပြည့်နက်မနေတော့ဘဲ အပြာရောင်ကောင်းကင်နှင့် အစိမ်းရောင်ပင်လယ်ရေပြင်ကို ပြန်လည်တွေ့မြင်ရသည်။

မီးတောက်မိစ္ဆာများ ကျူးကျော်ဝင်ရောက်လာစဉ်က မိုးမြေတစ်ခွင်လုံး မီးတောက်မီးလျှံများ ပြည့်နက်လျှက်ပင်။ ပင်လယ်ကွယ်ပျောက်လျှက် တစ်လောကလုံးသည် အဖျက်တရားနှင့် မီးတောက်များသာ လွှမ်းခြုံနေသည်။

ယခု မီးတောက်မိစ္ဆာများ အဆက်မပြတ် ဆုတ်ခွာသွားသည့်အခါ အရှေ့ပင်လယ်သည် မူလအခြေအနေသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာသည်။ မီးတောက်မိစ္ဆာကမ္ဘာအဖြစ် ပြောင်းလဲနေသော ပင်လယ်ရေပြင်သည် သာမန်ကမ္ဘာလောကအဖြစ် ပြောင်းလဲသွား၏။

မီးတောက်မိစ္ဆာများ ကျူးကျော်လာစဉ်က သူတို့အားလုံး ပျော်ရွှင်မှု ၊ လွတ်မြောက်မှု ၊ ခံစားချက်အပြည့်ဖြင့် ရူးသွပ်စွာ အော်ဟစ်ခဲ့ကြသည်။

မဟာမီးတောက်မိစ္ဆာဘုရင်၏ ဦးဆောင်မှုဖြင့် မီးတောက်မိစ္ဆာဘုရင်များစွာက တိုက်ပွဲဝင်လျှက် ပတ်ဝန်းကျင်မှ မီးတောက်မီးလျှံများက သူတို့ခန္ဓာကိုယ်ထက်မှ ဒဏ်ရာများကို ပျောက်ကင်းအောင်ကုသနိုင်စွမ်းရှိသည်။

တိုက်ပွဲတွင် သေချာပေါက် အနိုင်ရမည်ဟု မီးတောက်မိစ္ဆာများ အသေအချာ ယုံကြည်ခဲ့ကြသည်။

သို့သော် တကယ်တမ်းတွင် သူတို့ကို စောင့်ကြိုနေသည်က လွှမ်းမိုးနိုင်စွမ်းမြင့်မားသောဓားချက်များသာ ဖြစ်၏။

ကြောက်မက်ဖွယ်ရာ ဓားအလင်းတန်းက မီးတောက်ပင်လယ်ကို ဖြိုခွင်းလျှက် မဟာမီးတောက်မိစ္ဆာဘုရင်၏ပခုံထက်မှ ကျန်ရှိနေသောဦးချိုကို ဖြတ်တောက်ပစ်လိုက်သည်။

ထိုက်ယီချိုးဖျက်အစီအရင်စွမ်းအားဖြင့် ပိုမိုစွမ်းအားမြင့်မားလာသော ရန်တိက ဓားချက်များကို မရပ်မနားထုတ်ဖော်တိုက်ခိုက်သည်။ တိုက်ပွဲအစီအရင်မှ အဖြူရောင်အလင်းတန်းများ ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ မီးတောက်မိစ္ဆာများမှာလည်း လှုပ်ရှားမှု နှေးကွေးသည်ထက် နှေးကွေးလာသည်။

အချို့သောမီးတောက်များဆိုလျှင် အစိုင်အခဲအဖြစ်သို့ပင် ပြောင်းလဲသွားကြပြီ ဖြစ်၏။

ရန်တိ အောက်သို့ငုံ့ကြည့်လိုက်တော့ သဲပန်းပုရုပ်များပမာ အစိုင်အခဲဖြစ်သွားသော မီးတောက်များက သဲမှုန်များပမာ ကြေမွအက်ကွဲသွားသည်ကို တွေ့ရလေသည်။

All Chapters