← Chapters

အလှည့်အပြောင်းအခြေအနေများ

Vol. 34 Ch. 477

အလှည့်အပြောင်းအခြေအနေများ

Vol. 34 Ch. 477

အခန်း (၄၇၇) အလှည့်အပြောင်းအခြေအနေများ

ထိုက်ယီချိုးဖျက်အစီအရင် အားကောင်းလာလေ ရန်တိနှင့် အခြားသူများသည်လည်း ပိုမိုအားကောင်းလာလေ ဖြစ်သည်။

တိုက်ပွဲအစီအရင်၏ ကြီးမားသောစွမ်းအားက မီးတောက်ပင်လယ်ပြင်ကို အဖြူရောင်အလင်းကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားစေခဲ့သည်။ မီးတောက်မီးလျှံများနှင့် အဖြူရောင်အလင်းတန်းများ တွေ့ဆုံရာနေရာသည် ကမ္ဘာနှစ်ခု၏ နယ်နိမိတ်အလား မပြတ်သား တုန်ခါလျှက် ရှိ၏။

ရန်တိနှင့်အခြားသူများ၏ မရပ်မနားတိုက်စစ်ဆင်မှုအောက်တွင် အဖြူရောင်အလင်းတန်းများ ဖုံးလွှမ်းခံရသည့် မီးတောက်မိစ္ဆာများက နှေးကွေးသည်ထက် နှေးကွေးလာသည်။ မီးတောက်မိစ္ဆာများက ဒေါသတကြီးဖြင့် အဆက်မပြတ်အော်ဟစ်နေကြသော်လည်း ရန်တိနှင့် အခြားသူများက ဆက်တိုက်ဖိအားပေးတိုက်ခိုက်နေသဖြင့် နောက်သို့သာ ဆုတ်နေရသည်။

မီးတောက်မိစ္ဆာကမ္ဘာက မီးတောက်မိစ္ဆာများကို ပိုမိုအင်အားကြီးထွားလာစေသဖြင့် နယ်မြေအားသာချက် ဖြစ်ပေါ်စေသည်။ သို့သော် ယခု ထိုက်ယီချိုးဖျက်အစီအရင်က မီးတောက်မိစ္ဆာများ၏ နယ်မြေအားသာချက်ကို ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်၏။

လောင်ကျွမ်းနေသည့်မီးကို စီးဆင်းနေသောရေဖြင့် ငြိမ်းသတ်လိုက်သည့်အလား အဖြူရောင်အလင်းတန်းများက မီးတောက်များကို ငြိမ်းသတ်လိုက်လေရာ အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ မိုးမြေတစ်ခွင်သည် မူလပုံစံအတိုင်း ပြန်လည်ဖြစ်တည်လာပြီး မီးတောက်မီးလျှံများကို အဆက်မပြတ် သန့်စင်ပစ်နိုင်ခဲ့သည်။

အဖြူရောင်အလင်းတန်းကိုထိမိတိုင်း မီးတောက်မိစ္ဆာများအတွက် အချိန်က ရပ်တန့်သွားဟန်ပင်။

ရန်တိနှင့် အခြားသူများကတော့ အစီအရင်မှ အဖြူရောင်အလင်းတန်း၏ ကာကွယ်လွှမ်းခြုံမှုအောက်တွင် ခံစစ်ရော တိုက်စစ်ပါြမင့်မားနေပြီး မီးတောက်မိစ္ဆာများ ခေါ်ငးမဖော်နိုင်သည်အထိ တန်ပြန်တိုက်ခိုက်ခဲ့ကြ၏။

မီးတောက်မိစ္ဆာအလုံးအရင်းနှင့်အတူ ဆုတ်ခွာသွားသော မဟာမီးတောက်မိစ္ဆာဘုရင်သည် အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် မီးတောက်မိစ္ဆာကမ္ဘာချိတ်ဆက်ထားသည့် ကမ္ဘာဖြတ်လမ်းကြောင်းဝင်ပေါက် ရောက်သည်အထိ တစ်လျှောက်လုံး ဒေါသတကြီး အော်ဟစ်နေခဲ့သည်။

ရန်တိနှင့်အခြားသူများ အားသာချက်ကိုအရင်းပြုပြီး မီးတောက်မိစ္ဆာများကို ဆက်လက်လိုက်ပါတိုက်ခိုက်လျှက်ရှိသည်။ ယခုတော့ ကမ္ဘာဖြတ်လမ်းကြောင်းဝင်ပေါက်မှာ အပြည့်အဝ ကြက်သွေးရောင်စွန်းထင်းနေသည်ကို တွေ့ရသည်။ ထိုလမ်းကြောင်းအဝင်ဝတစ်ခုလုံး ကြောက်မက်ဖွယ်ရာ ချော်ရည်များပြည့်နက်နေပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာဆီသို့ စီးဆင်းဝင်ရောက်လာသည်။

သေသေချာချာ ကြည့်လိုက်တော့ ဤသည်က သာမန်ချော်ရည်များ မဟုတ်ပေ။ ချော်ရည်နှင့်အသွင်တူသော ကြက်သွေးရောင်အင်းသင်္ကေတများ ဖြစ်ကြသည်။ ထိုချော်ရည်အင်းသင်္ကေတများမှတစ်ဆင့် အဆုံးမရှိသော အပူလှိုင်းက အစွန်းရောက်ရှစ်ပါးကမ္ဘာအတွင်း တိုးဝင်လာသည့်အခါ မိုးမြေတစ်ခွင် ရှုခင်းများကို ပြန်လည်ပြောင်းလဲသွားစေသည်။

ပျက်ဆီးခြင်းတရားနှင့် ကပ်ဘေးလေထုများ ဧရိယာတစ်ခုလုံး ပြည့်လျှံလျှက် မိုးမြေကို တုန်လှုပ်သွားစေသည်။

ကမ္ဘာဖြတ်လမ်းကြောင်းဆီသို့ ဆုတ်ခွာသွားပြီးနောက် မီးတောက်မိစ္ဆာများက သူတို့၏စိတ်ဓာတ်နှင့်ခွန်အားကို ပြန်လည်မြှင့်တင်လျှက် နောက်ပြန်ဆုတ်ခြင်းမရှိတော့ဘဲ ရပ်တန့်လိုက်ကြ၏။

ဤနေရာက သူတို့၏ မီးတောက်မိစ္ဆာကမ္ဘာနှင့် ခြားနားခြင်း မရှိဘူး မဟုတ်လား။

မဟာမီးတောက်မိစ္ဆာဘုရင်က ဒေါသချောင်းချောင်းထွက်နေသော်လည်း ရန်တိနှင့် အခြားသူများကို မျက်စိမှိတ်တိုက်ခိုက်ခြင်း မပြုပေ။ သူက မီးတောက်မိစ္ဆာကမ္ဘာမှ မီးတောက်မီးလျှံများကို အစွန်းရောက်ရှစ်ပါးကမ္ဘာအတွင်း စိမ့်ဝင်ရောနှောစေရန် အာရုံစိုက် လုပ်ဆောင်နေသည်။

မီးတောက်မီးလျှံများ ပတ်ဝန်းကျင်တွင် ပြင်းထန်စွာ လောင်ကျွမ်းလာသည်နှင့်အမျှ မီးတောက်မိစ္ဆာများ စွမ်းအားမြင့်တက်လာပြီး တန်ပြန်တိုက်ခိုက်ရန် ကြိုးပမ်းကြသည်။ အဆုံးမဲ့တောက်လောင်နေသော မီးပင်လယ်အတွင်း လူသားသိုင်းသမားများကို ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ပစ်ကြသည်။

ရန်တိက ထိုက်ယီချိုးဖျက်အစီအရင်ကိုအသုံးပြုလျှက် ကမ္ဘာဖြတ်လမ်းကြောင်းဝင်ပေါက်ဆီသို့ မကြောက်မရွံ့ ဆက်လက်ချီတက်နေပြီး မီးတောက်မိစ္ဆာများကိုတိုက်ခိုက်ရင်း ကမ္ဘာတစ်ခုလုံးတုန်လှုပ်စေမည့်တိုက်ပွဲကို ဆင်နွှဲနေသည်။ ဤအခိုက်အတန့်တွင် နှစ်ဘက်လုံးက စိတ်ပူပန်နေကြပြီး သူတို့အောက်မှ မြေပြင်၏လက်မတစ်ခုချင်းစီတိုင်းကို လွှမ်းမိုးနိုင်ရန် အသက်ပေးတိုက်ခိုက်နေကြသည်။

ရန်တိနှင့် အခြားသူများ မီးတောက်မိစ္ဆာဘုရင်များကို ရွပ်ရွပ်ချွန်ချွန် တွန်းလှန်နိုင်မှုကြောင့်  ပင်လယ်ပြင်အခြေအနေက ဘေးအန္တရယ်မှ သက်သာရာရသွားသည်။ လူသားမျိုးနွယ်သိုင်းသမားများက ပင်မအုပ်စုမှ ခွဲထွက်လာသော မီးတော်ကမိစ္ဆာမှန်သမျှကို သတ်ဖြတ်ပစ်ကြသည်။

မီးတောက်မိစ္ဆာ အမြောက်အမြားသတ်ဖြတ်ခံရပြီး အခြားသောမီးတောက်မိစ္ဆာများမှာ အရှေ့ပင်လယ်သို့ ဆုတ်ခွာသွားကြကာ သူတို့နောက်မှလိုက်လာသော လူသားသိုင်းသမားများကို တွန်းလှန်ရန် ထိုနေရာတွင်လွှမ်းခြုံထားသောမီးတောက်များကို အသုံးပြုလျှက် နယ်မြေအသာစီး ပြန်လည်ရယူခဲ့ကြသည်။

တိုက်ပွဲက အထွတ်ထိပ်အဆင့် ပြင်းထန်သောအခြေအနေသို့ ရောက်ရှိသွား၏။

မဟာမီးတောက်မိစ္ဆာဘုရင် ရှိနေသေးသဖြင့် လူသားမျိုးနွယ်သိုင်းသမားများမှာ သတိတစ်ချက် မလွတ်ရဲကြပေ။

အစွန်းရောက်ရှစ်ပါးကမ္ဘာကို စွန်းထင်းစေမည့် မီးတောက်မီးလျှံများကို အပြည့်အဝ မရှင်းလင်းနိုင်ပါက ဤကမ္ဘာကြီးတွင် အဆုံးမဲ့အန္တရယ်များ ထပ်မံဖြစ်ပွားပေဦးမည်။ မီးတောက်မိစ္ဆာများ၏ ခြိမ်းခြောက်မှုကို အပြည့်အဝ မဖယ်ရှားနိုင်ပါက အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ကံကြမ္မာက ခန့်မှန်း၍မရနိုင်သေးပေ။

ကမ္ဘာဖြတ်လမ်းကြောင်းအဝင်ဝတွင် လူသားမျိုးနွယ်မှ ထိပ်တန်းသိုင်းသမားများနှင့် မီးတောက်မိစ္ဆာများ ပြင်းထန်သော တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

တိုက်ပွဲက ပြီးဆုံးရန် ဝေးနေသေးသည်။

သို့သော် အန္တရယ်အရှိဆုံးအဆင့်ကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်သဖြင့် ကံ‌ကောင်းသည်ဟု ဆိုနိုင်သည်။ လူသားသိုင်းသမားများ ယခင်ကထက်ပိုပြီး အခြေအနေကောင်းလာပြီ ဖြစ်၏။

ယခုအချိန် မြေကမ္ဘာနယ်မြေမှ ပြဿနာကိုဖြေရှင်းပြီး ယွမ်ကျန်းဖုန်းနှင့် ချန်လီတို့ သူတို့ထံ စစ်ကူလာရောက်အားဖြည့်ပါက အစွန်းရောက်ရှစ်ပါးကမ္ဘာအတွက် ပိုမိုအကျိုးရှိမည်သာပင်။

***

ထိုအချိန်...

မြေကမ္ဘာနယ်မြေ၏ ချောက်နက်ကြီးအလယ်ဗဟိုတွင်တော့ ယွမ်ကျန်းဖုန်း ၊ ချန်လီနှင့် အခြားသောသိုင်းသမားများက ငရဲကိုးထပ်မှဖြစ်ပေါ်လာသော မူမမှန်မှုများကို အစွမ်းကုန်နှိမ်နင်းနေကြသည်။

မြေကမ္ဘာနယ်မြေအပြင်ဘက်မှ ကြည့်မည်ဆိုလျှင် ယခင်က ပင့်ကူမျှင်ပမာ ကြီးမားကျယ်ပြန့်စွာ မိုးမြေတစ်ခွင်လွှမ်းခြုံထားသော ရွှေရောင်အလင်းတန်းများ ရှိမနေတော့ကြောင်း တွေ့ရပေမည်။ အောက်ဘက်ရှိ နက်ရှိုင်းသောချောက်နက်ကြီးထဲတွင်တော့ နက်မှောင်သောအခိုးအငွေ့များကြား ရွှေရောင်အလင်းတန်းများနှင့် အနက်ရောင်ကြိုးများက ဝေဝါးစွာ ရွေ့လျားနေလေသည်။

သို့ပေသိ စည်းတံဆိပ်၏ဖိနှိပ်မှုအောက်တွင် အနက်ရောင်ကြိုးများက အောက်သို့ အဆက်မပြတ် ဆင်းသက်သွားကြသည်။ ချောက်နက်ကြီးအတွင်းပိုင်းတွင်တော့ ကြီးမားသောရွှေရောင်နေဝန်းကြီးက ပတ်ဝန်းကျင်ကိုလွှမ်းခြုံသော အလင်းရောင်များဖြင့် တောက်ပနေဆဲ ဖြစ်၏။

ထိုနေဝန်းကြီးအောက်တွင် ပြင်းထန်သောအမှောင်ထုကလည်း အဆက်မပြတ် ထကြွနေသည်။

ယွမ်ကျန်းဖုန်းသည် ကြီးမားသော နေဝန်းကြီးအထက်ဘက် လေထုထဲတွင် ခိုင်မာမြဲမြံစွာရပ်တည်နေပြီး လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ယှက်ထားသည်။ သူက နေဝန်းကြီးကို လက်ဖဝါးများဖြင့် ရိုက်ချဖိနှိပ်ထားခြင်း မရှိသော်လည်း သူ၏ခန္ဓာကိုယ်မှထွက်ပေါ်နေသော ပုံရိပ်ယောင် ဧရာမလက်ဖဝါးကြီးတစ်ဖက်က နေဝန်းကြီးကို ဖိနှိပ်လျှက် စည်းတံဆိပ်ကို ထောက်ပံ့ပေးထားသည်။

ယွမ်ကျန်းဖုန်းခန္ဓာကိုယ်ထက် လွှမ်းခြုံထားသော အဆုံးမရှိနက်နဲသည့် ကြယ်တာရာသန့်စင်ချီဝတ်ရုံက ပတ်ဝန်းကျင်မိုးမြေတစ်ခုလုံးကို လွှမ်းခြုံထားသည်။ ကြယ်တာရာသန့်စင်ချီဝတ်ရုံမှ မရေမတွက်နိုင်သော ကြည်လင်သည့်ချီစွမ်းအားစီးကြောင်းများက တဟုန်ထိုးလွင့်ပျံလျှက် ပတ်ဝန်းကျင်တွင် လွင့်ပျံလျှက် ရှိ၏။

ယွမ်ကျန်းဖုန်း၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ကြည်လင်သောအဝါရောင်ချီစွမ်းအားများ တောက်ပလျှက်ရှိသည်။

ကြယ်တာရာချီစွမ်းအားများက အနက်ရောင်တစ်ဝက် အဝါရောင်တစ်ဝက် တောက်ပနေပြီး ခံနိုင်ရည်အားအလွန်ခက်ခဲသည့် လေးလံမှုတစ်ခုပါရှိကြောင်း တွေ့ရသည်။

ယွမ်ကျန်းဖုန်းက သူ၏ကိုယ်ပိုင်စွမ်းအားအပြင် ကြယ်တာရာသန့်စင်ချီဝတ်ရုံမှ ကြီးမားသောစွမ်းအားကို အသုံးချလျှက် ရွှေရောင်နေဝန်းကြီးကို ပိုမိုအားကောင်းလာစေသည်။

ထိုအချိန် ပတ်ဝန်းကျင်မှ ရွှေရောင်အလင်းတန်းများကြားတွင် အစိမ်းရောင်လျှပ်စီးများတောက်ပလျှက် လေထုထဲ လျှင်မြန်စွာပျံ့နှံ့သွားသည်ကို တွေ့ရသည်။ အစိမ်းရောင်လျှပ်စီးများက အဆက်မပြတ် လှုပ်ရှားနေပြီး ရှင်းရှင်းလင်းလင်းတွေ့မြင်ရန် ခက်ခဲသည်။

ထိုအစိမ်းရောင်လျှပ်စီးကြောင်းများ ရပ်တန့်သွားသည်နှင့် ထိပ်ပြောင်အဘိုးကြီးတစ်ယောက်ပုံရိပ် ပေါ်လာသည်။ အခြားသူမဟုတ် ၊ ကောင်းကင်မိုးကြိုးခန်းမအရှင်သခင် ‘ချန်လီ’ သာပင်။ သူ့ထံမှ ထက်ရှသောဓားဝိညာဉ်က ကြီးမားသောနေဝန်းကြီးကို ဖိနှိပ်လျှက် အောက်ဘက်မှ မိစ္ဆာချီများ၏ ကျူး‌‌ကျော်မှုကိုတွန်းလှန်ရန် ကူညီပေးထားသည်။

အမှောင်ထုအတွင်းမှ အင်းသင်္ကေတများပေါင်းစပ်ထားသော အနက်ရောင်ကြိုးမြောက်မြားစွာ အထက်သို့တက်လာပြီး နေဝန်းကြီးမှ ရွှေရောင်အလင်းတန်းများဖြင့် ထိပ်တိုက်ရင်ဆိုင်ကြသည်။ ချိတ်ပိတ်သည့်လုပ်ငန်းစဉ်ကို နှောက်ယှက်ရန်ရည်ရွယ်ချက်ဖြင့် အနက်ရောင်ကြိုးများအတွင်းမှ မရေမတွက်နိုင်သော နတ်ဆိုးများ မွေးဖွားလာကြသည်။

မြေကမ္ဘာနယ်မြေအတွင်းရောက်ရှိနေသည့် သိုင်းဂိုဏ်းအသီးသီးမှ ထိပ်တန်းအဆင့်သိုင်းသမားများက ထိုနတ်ဆိုးများကို မပျက်မကွက် သုတ်သင်ရှင်းလင်းပစ်ကြသည်။

ချောက်နက်ကြီးအတွင်းပိုင်း နက်ရှိုင်းရာသို့ တရွေ့ရွေ့ရောက်ရှိလာကြသည်နှင့်အမျှ နတ်ဆိုးများနှင့် ထိပ်တိုက်ရင်ဆိုင်နေကြသူများအားလုံး တိုက်ခိုက်မှုနှုန်းများ တဖြည်းဖြည်းလျော့နည်းလာသည်ဟု ခံစားကြရသည်။ သို့သော် အမှောင်ထုထဲမှ ထွက်ပေါ်လာသော နတ်ဆိုးများကတော့ ပိုမိုစွမ်းအားမြင့်မားလာကြသည်။

အောက်ဘက်မှ ချောက်နက်ကြီးနှင့် ပိုမိုနီးကပ်လာလော ငရဲကိုးထပ်သည်လည်း သူတို့နှင့် ပိုမိုနီးကပ်လာလေ ဖြစ်သည်။

ရန်‌ကျောက်ကဲနှင့် အခြားသော သိုင်းဆရာသခင်များမှာ ငရဲကိုးထပ်ရောင်ဝါလွှမ်းမိုးမှုကြောင့် အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များကို လေးလံစွာဖြင့် မသက်မသာ ခံစားကြရသည်။ သို့သော် သူတို့အားလုံး စိတ်တည်ငြိမ်အောင်ကြိုးစားရင်း ငရဲကိုးထပ်၏လွှမ်းမိုးမှုကိုတွန်းလှန်ခဲ့ကြ၏။

ယွမ်ကျန်းဖုန်းနှင့် ချန်လီတို့ စည်းတံဆိပ်ကို စွမ်းအားဖြည့်တင်းပေးမှု အောင်မြင်တော့မည်ဖြစ်ကြောင်း ရိပ်မိသည့်အခါ သူတို့အားလုံး ပိုပြီးစိတ်အားထက်သန်လာကြသည်။

ထိုအချိန်...

ကြီးမားသောအမှောင်ထုအတွင်းမှ အလွန်အားကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။

ရွှေရောင်နေဝန်းကြီး ပြင်းထန်စွာ တုန်လှုပ်သွားပြီး ၊ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ရာ အေးစိမ့်သည့် ခံစားချက်တစ်ခုက သူတို့အားလုံး၏ စိတ်ဝိညာဉ်တိုင်းဆီသို့ လွှမ်းခြုံဝင်ရောက်လာလေတော့၏။

All Chapters