ငရဲကိုးထပ်မှနတ်ဆိုးအစစ်
Vol. 34 Ch. 478
အခန်း (၄၇၈) ငရဲကိုးထပ်မှနတ်ဆိုးအစစ်
ရွှေရောင်နေဝန်းကြီးကိုဖိနှိပ်လျှက် စွမ်းအားများဖြည့်ဆည်းပေးနေကြသော ယွမ်ကျန်းဖုန်းနှင့် ချန်လီတို့ မျက်မှောင်ကြုတ်လိုက်ကြသည်။
ပြင်းပြင်းထန်ထန် ရုန်းကန်နေရေသော အနက်ရောင်အခိုးအငွေ့များအပြင် ချောက်နက်ကြီးအတွင်းမှ ရက်စက်ကြမ်းတမ်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာကြောင်း သူတို့နှစ်ယောက်လုံး အာရုံခံမိကြသည်။
ထိုရောင်ဝါက...
စွမ်းအားမြင့်မားသည် ၊ အင်အားကြီးသည် ၊ ကြမ်းတမ်းသည်...။
ထိုစွမ်းအားရောင်ဝါနှင့် အနက်ရောင်အခိုးအငွေ့များ ပေါင်းစပ်လိုက်သည့်အခါ ရွှေဗရာင်နေမင်းကြီးထံမှ ထွက်ပေါ်နေသော အလင်းတန်းများ အရှိန်အဟုန်ဖြင့် ရပ်တန့်သွား၏။ တစ်ချိန်တည်းပင် ကြောက်မက်ဖွယ်ရာ အနက်ရောင်အခိုးအငွေ့များက အထက်သို့ တဟုန်ထိုးခုန်တက်လာလေရာ ရွှေရောင်နေဝန်းကြီးမှာ မရပ်မနား တုန်ခါသွားသည်။
ရန်ကျောက်ကဲနှင့် အခြားသောသိုင်းဆရာသခင်များအားလုံး အောက်ဘက်မှ အပြောင်းအလဲကို အာရုံခံမိကြသည်။
များပြားလှစွာသောအနက်ရောင်ကြိုးများက လေထဲတွင် ပိုမိုကြီးထွားလာပြီး အဆက်မပြတ်ရွေ့လျားလျှက် ထိန်းချုပ်မှုကင်းမဲ့ရိုင်းပြစွာ ပတ်ဝန်းကျင်တစ်ခုလုံးတွင် လှည့်ပတ်နေသည်။ အနက်ရောင်အခိုးအငွေ့များထဲတွင် သွေးနီရောင်အလင်းတန်းများက ပိုမိုတောက်ပလာသည်။
အနက်ရောင်အခိုးအငွေ့များအတွင်းမှ ထွက်ပေါ်လာသော နတ်ဆိုးများသည် လူသားများကို ပြင်းထန်စွာ တိုက်ခိုက်ကြသည်။
ရန်ကျောက်ကဲက ပင့်သက်တစ်ချက်ရှိုက်ရင်း...
“အောက်ဘက်မှာ ငရဲကိုးထပ်က နတ်ဆိုးအစစ်တွေ ပေါ်လာပြီ”
သူ့ဘေးမှ ဝါဒတောင်အကြီးအကဲတစ်ယောက်က ထိတ်လန့်သွားပြီး...
“အချိန်အကြာကြီး ဒီအတိုင်းရှိနေပြီးမှ ၊ သူတို့က ရုတ်တရက်ကြီး ဘာလို့ ပေါ်လာရတာလဲ ၊ မြေကမ္ဘာနယ်မြေမှာ ဖြစ်နေတဲ့ပြဿနာက နှစ်ပေါင်းပဲကြာလှနေပြီ မဟုတ်လား”
ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...
“အရင်ကတည်းက ဒီစည်းတံဆိပ်က ပြေလျော့နေပြီလေ ၊ အဲဒီတော့ ငရဲကိုးထပ်ကို ဖိနှိပ်ထားတာ လျော့ကျသွားပြီး ကမ္ဘာနှစ်ခုကြားက ဝိညာဉ်စွမ်းအားတွေ အားနည်းသွားခဲ့တယ်”
သူက ဆက်ပြောသည်။
“ဒါကြောင့် နတ်ဆိုးတွေက ဒီနေရာကို အာရုံစိုက်လာကြတယ် ၊ အချိန်ကြာလာတော့ နတ်ဆိုးတွေ ပိုပြီး များလာကြတာပေါ့”
ထိုစကားကိုကြားတော့ စောစောကပင်စိတ်မသက်မသာခံစားနေရသော ပတ်ဝန်းကျင်မှလူများမှာ မျက်နှာအမူအရာများ မှောင်မှိုင်းကုန်ကြတော့သည်။
ရွှေရောင်နေဝန်းက ချောက်နက်ကြီးအတွင်း ထွန်းလင်းတောက်ပနေဆဲ ဖြစ်ပြီး အလင်းတန်းများက လေထဲတွင် ပျံ့လွင့်နေသည်။
ရန်ကျောက်ကဲက မျက်လုံးများကိုအသာမှေးမှိတ်ရင်း ရွှေရောင်နေဝန်း၏ ထူးခြားချက်ကို အာရုံခံလိုက်၏။
ယခင်အချိန်ကတည်းက...
ချိတ်ပိတ်ထားသောစည်းတံဆိပ်အားနည်းသွားချိန် နတ်ဆိုးအစစ်များတိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်တိုင် ရွှေရောင်နေဝန်း၏တန်ခိုးစွမ်းအားများက အားနည်းသွားခြင်း မရှိခဲ့ပေ။
သို့သော် အချိန်ကာလကြာလာသည်နှင့်အမျှ နတ်ဆိုးများ၏တိုက်ခိုက်မှုကို အဆက်မပြတ် ခံစားရသည့်အခါ စည်းတံဆိပ်အတွင်းမှ ချီစွမ်းအားနှင့် ဝိညာဉ်စွမ်းအားများက မရပ်မနား ဆုတ်ယုတ်သွာခဲ့သည်။ ထို့ကြောင့် အကန့်အသတ်မရှိ စွမ်းအားကြီးမားလွန်းသော ရွှေရောင်နေဝန်းသည် အနည်းငယ် တုန်လှုပ်ပြီး ကာကွယ်ပေးမှု နှေးကွေးသွားခဲ့သည်။
ငရဲကိုးထပ်မှ နတ်ဆိုးအစစ်များ၏ တိုက်ခိုက်မှုအောက်တွင် ရွှေရောင်နေဝန်းက ပျက်ဆီးသွားခြင်းမရှိသော်လည်း ချိတ်ပိတ်ထားသော စည်းတံဆိပ်စွမ်းအားက အားနည်းသည်ထက် အားနည်းလာသည်။ ထိုအချိန် အောက်ဘက်ရှိ ချောက်နက်အတွင်းမှ အမှောင်ထုက အားကောင်းသည်ထက် ကောင်းလာသည်။
ထိုအချိန် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ထိပ်သီးသိုင်းဂိုဏ်းကြီးများ ပူးပေါင်းလက်တွဲပြီး ယွမ်ကျန်းဖုန်း ၊ ချန်လီနှင့် အခြားသိုင်းသူတော်စင်များက ရွှေရောင်နေဝန်းနောက်တစ်ကြိမ် ပြန်လည်အားကောင်းလာစေရန် ကြိုးစားခဲ့ကြ၏။
“ဟင်...”
ရုတ်တရက် ရန်ကျောက်ကဲစိတ်ထဲတွင် အလွန်မငြိမ်မသက်ဖြစ်သွားပြီး ဒေါသတရားများကို ခံစားလိုက်ရသည်။
သူက အနီးအနားတွင်ရှိနေသော နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများကို အသာစောင်းကြည့်လိုက်၏။ ထိုအခါ သူ့ကို မကျေမနပ်ကြည့်နေကြသည့် အရှေ့တက်နေဝန်းအရှင် ၊ ညနေခင်းအရှင်နှင့် အခြားသော နေသူတော်စင်ဂိုဏ်းသားများကို တွေ့လိုက်ရသည်။
နှစ်အတန်ကြာ သူတို့စိတ်ထဲ သိမ်းဆည်းထားကြသော မကျေနပ်ချက်နှင့် ပဋိပက္ခများကို သူတို့အားလုံး သတိရလာကြသည်။
များပြားလှစွာသောမြင်ကွင်းများကို ရန်ကျောက်ကဲ စိတ်အာရုံထဲတွင် မြင်ယောင်လာသည်။
“ဝါဒတောင်တိုက်ပွဲ” တွင် သူတို့ဘက်မှ အကြီးအကျယ် ဆုံးရှုံးခြင်းများ ခံစားခဲ့ရခြင်း။
နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမက ဝါဒတောင်ကို နေဆန့်ကျင်ဖြင့်ပစ်ခတ်ပြီး ခံစစ်ယိုယွင်းစေခဲ့ခြင်း။
ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနှင့်တိုက်ခိုက်ရသော ဝါဒတောင်တိုက်ပွဲတွင် ထိုသူများသာ မနှောက်ယှက်ခဲ့လျှင် ဝါဒတောင်အနေဖြင့် ဆုံးရှုံးမှုများစွာ ကြုံတွေ့ရမည် မဟုတ်ပေ။
ပထမဆရာဦးလေး’ရှီတိ’ ရုပ်တုတစ်ခုပမာ မားမားမတ်မတ်ရပ်ရင်း သူ့ရှေ့မှာပင် အသက်ဆုံးရှုံးခဲ့ရသောမြင်ကွင်းကို ပြန်လည်မြင်ယောင်သည့်အခါ ရန်ကျောက်ကဲစိတ်ထဲ အချိန်အတန်ကြာ ငြိမ်သက်နေသောဒေါသက အကန့်အသတ်မဲ့ ထွက်ပေါ်လာပြီး လူသတ်ချင်စိတ် ဖြစ်လာသည်။
ရန်ကျောက်ကဲ စိတ်ကိုချုပ်ထိန်းပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တော့ အနက်ရောင်အခိုးအငွေ့များအတွင်းမှ ထွက်ပေါ်လာသောနတ်ဆိုးများအပြင် ချောက်နက်ကြီးအတွင်းမှ သဏ္ဌန်မရှိသော ချီစွမ်းအားစီးကြောင်းများ ထွက်ပေါ်လာသည်ကို အာရုံခံမိသည်။
အဆက်မပြတ်လှည့်ပတ်နေသော အနက်ရောင်အခိုးအငွေ့များထဲတွင် ရောထွေးနေသော ထိုသဏ္ဌန်မဲ့စွမ်းအားက အာရုံခံနိုင်ရန် ခက်ခဲသည်။
ထို မိစ္ဆာစွမ်းအားဖြင့် တိုက်ခိုက်ခ့ရသည့်အတွက် ရန်ကျောက်ကဲစိတ်များပင် အလွယ်တကူ ယိမ်းယိမ်သွားခဲ့သည်။
“ဒါက နတ်ဆိုးအစစ်တွေရဲ့ လက်ချက်လား”
ရန်ကျောက်ကဲက သူ့စိတ်များကို တည်ငြိမ်စေလိုက်ပြီး ခန္ဓာကိုယ်အတွင်းမှ ပရမ်းပတာချီစွမ်းအားများ ထုတ်ဖော်ကာ အပြင်ဘက်မှမိစ္ဆာစွမ်းအားကို တားဆီးလိုက်သည်။ မိစ္ဆာစွမ်းအားက လူသားများ၏ စိတ်အခြေအနေအပေါ် များစွာလွှမ်းမိုးနိုင်စွမ်းရှိပြီး ကျင့်ကြံသူများအနေဖြင့် တွန်းလှန်ရန် အလွန်ခက်ခဲသည်။
ကံကောင်းသည်မှာ ရန်ကျောက်ကဲက ထိပ်တန်းအဆင့် “ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ” ကို ကျင့်ကြံထားသဖြင့် ကိုယ်သူ ကာကွယ်နိုင်စွမ်း ရှိနေခြင်းပင်။
ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တော့ အခြားသောသိုင်းသမားများ၏အမူအရာများက ပြောင်းလဲနေပြီး မျက်ဝန်းများက အဆက်မပြတ် တုန်ခါနေကြသည်။
ထိုသူများအားလုံးက အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်များဖြစ်ကြသဖြင့် စိတ်ဓာတ်ခိုင်မာသူများ ဖြစ်ကြ၏။ သို့သော် ယခုအချိန်တွင် ငရဲကိုးထပ်မှနတ်ဆိုးများက လူသားများ၏ စိတ်ဝိညာဉ်အပေါ် ပြင်းထန်စွာ လွှမ်းမိုးထားကြသဖြင့် သူတို့ကို ခဏအတွင်း ချောက်ထဲဆွဲခေါ်သွားနိုင်သည်။
ယွမ်ကျန်းဖုန်းနှင့် ချန်လီမှလွဲပြီး အခြားကျင့်ကြံသူများအားလုံး စိတ်မထိန်းနိုင် ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြသည်။
လှိုင်းနက်ဂေဟာမှ ကျင့်ကြံသူများက အနည်းငယ် အဆင်ပြေသေးသော်လည်း ဝါဒတောင် ၊ နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများကတော့ တစ်ယောက်နှင့်တစ်ယောက် မကျေမနပ်ဖြင့် စူးရှစွာ စိုက်ကြည့်နေကြသည်။
အချင်းချင်းကြားတွင် မုန်းတီးမှုများနှင့် ဆန့်ကျင်ကွဲလွဲမှုများ အမြဲရှိနေသော်လည်း ပြင်ပဘုံရန်သူကို အတူတကွပူးပေါင်းတိုက်ခိုက်ရန်အတွက် ရန်ငြိုးများကို ဘေးဖယ်ထားခဲ့ကြသည်။
ယခုတော့ ထင်းပုံပေါ် မီးပွားကျသည့်အလား တစ်ခဏအတွင်းပေါက်ကွဲတော့မည့်ပမာ ဖြစ်ရသည်။
ရန်ကျောက်ကဲက...
“ဒါက နတ်ဆိုးတွေရဲ့ လှည့်ကွက်ပဲ ၊ အားလုံး သတိထားကြပါ”
ထိုအကြောင်းကို လူတိုင်းနားလည်သော်လည်း သူတို့စိတ်ထဲမှ ဒေါသတရားများကို ထိန်းမထားနိုင်ကြပေ။
နေရာမှာပင် တရားထိုင်ပြီး စိတ်ကိုတည်ငြိမ်စေရန် ချိန်ညှိနိုင်လျှင် အကောင်းဆုံးဖြစ်သော်လည်း သူတို့ရှေ့ရှိ အနက်ရောင်အခိုးအငွေ့များထဲမှ အဆက်မပြတ်ထွက်ပေါ်လာသော နတ်ဆိုးများကိုလည်း တိုက်ခိုက်နေရသေးသည်။ နတ်ဆိုးများနှင့် အပြန်အလှန်တိုက်ခိုက်ရင်း မိစ္ဆာချီများက သူတို့ခန္ဓာကိုယ်ထဲဝင်ရောက်လာပြီး အာရုံပျက်စေလျှက် စိတ်ဝိညာဉ်အပြောင်းအလဲဖြစ်ပေါ်စေရန် ပိုမိုလွယ်ကူလာသည်။
ထိုအချိန်... ယွမ်ကျန်းဖုန်းနှင့် ချန်လီတို့က ကြုံးဝါးသံများ ပြိုင်တူအော်ဟစ်လိုက်ကြ၏။
ထိုကြုံးဝါးသံများက ညဦးယံဗုံသံနှင့် နံနက်ခင်းခေါင်းလောင်းထိုးသံများ ပေါင်းစပ်သွားသည့်ပမာ လူတိုင်း၏စိတ်ဝိညာဉ်ထဲ ပဲ့တင်ထပ် ဝင်ရောက်လာသည်။
သိုင်းသူတော်စင်နှစ်ယောက်၏ ကြုံးဝါးသံကြောင့် လူတိုင်း အံ့အားသင့်ထိတ်လန့်သွားပြီး မိစ္ဆာစွမ်းအားများကြောင့် အာရုံထွေပြားနေမှုများ ချက်ချင်းရှင်းလင်းသွားခဲ့သည်။
လူတိုင်း ပိုမိုနိုးနိုးကြားကြား ဖြစ်လာပြီး မိစ္ဆာစွမ်းအား၏ လွှမ်းမိုးမှုကိုတွန်းလှန်ရန် စိတ်များကို လျှင်မြန်စွာတည်ငြိမ်စေလိုက်ကြ၏။
သို့သော် ယွမ်ကျန်းဖုန်း ၊ ချန်လီတို့နှင့် သိုင်းပညာရင်းမြစ်တူညီသော ဝါဒတောင်နှင့် ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများအပေါ်တွင်သာ ထိုကြုံးဝါးသံများက ပိုမိုထိရောက်ပြီး နေသူတော်စင်ဂိုဏ်းနှင့် လှိုင်းနက်ဂေဟာမှ သိုင်းသမားများအတွက်တော့ သိပ်ပြီးထိရောက်မှု မရှိလှပေ။
လှိုင်းနက်ဂေဟာမှ သိုင်းသမားများက နဂိုကပင် အခြေအနေကောင်းကြသော်လည်း နေသူတော်စင်ဂိုဏ်းကတော့ အတော်လေးအခြေအနေဆိုးရွားသည်။
အထူးသဖြင့် ရန်ကျောက်ကဲကို မကျေမနပ် စူးစိုက်ကြည့်နေသော ‘အရှေ့တက်နေဝန်းအရှင်’ ဖြစ်၏။
ရန်ကျောက်ကဲနှင့်ပတ်သက်လျှင် ပုဂ္ဂိုလ်ရေးအရ အရှက်ကွဲခဲ့ရခြင်း ၊ ယခင်က ခံစားခဲ့ရသော စိတ်အနှောက်အယှက်များနှင့် နောင်တတရား။
ရန်ကျောက်ကဲက သူတို့နေသူတော်စင်ဂိုဏ်းကိုဖြစ်ပေါ်စေခဲ့သော ဆုံးရှုံးမှုနှင့် ခြိမ်းခြောက်မှုများ ၊ ရန်ကျောက်ကဲ အနာဂတ်တွင် စွမ်းအားမြင့်မားလာမည်ကို ကြောက်ရွံ့ခြင်း။
မရေမတွက်နိုင်သော စိတ်ခံစားမှုများသည် ခေါင်းမာသောအစွဲအလန်းများအဖြစ် ပြောင်းလဲသွားသည်။
အရှေ့တက်နေဝန်းအရှင်သည် အစဉ်သဖြင့် ကျိုးကြောင်းဆီလျော်သူတစ်ယောက်ဖြစ်သော်လည်း ယခုလို ထူးခြားသည့်နယ်မြေဒေသတွင် အရာအားလုံးထိန်းမနိုင်သိမ်းမရဖြစ်ခဲ့ပြီး အမှာင်ထုထဲ နစ်မြုပ်လျှက် လုံးလုံးလျားလျား ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။
အရှေ့တက်နေဝန်းအရှင်၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် ပြင်းထန်စွာတုန်လှုပ်သွားပြီး သူ့ပတ်ဝန်းကျင်မှ အနက်ရောင်အခိုးအငွေ့စီးကြောင်းများက သူ့ခန္ဓာကိုယ်ထဲသို့ အရှိန်အဟုန်ဖြင့် စိမ့်ဝင်သွားကြသည်။
ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်ရင်း...
“အမှောင်ဘက်ခြမ်းကျသွားတာလား”
သို့သော် တစ်ခုခုမှားယွင်းနေသည်ကို ချက်ချင်းသိလိုက်သည်။
“မဟုတ်ဘူး ၊ ဒါက အမှောင်ဘက်ခြမ်းကျသွားတာ မဟုတ်ဘူး”
အရှေ့တက်နေဝန်းအရှင် ခေါင်းမော့ကြည့်သည့်အခါ သူ့မျက်ဝန်းများက အမှောင်ဘက်ခြမ်းကျရောက်သူများကဲ့သို့ အဝါရောင်ပြောင်းနေခြင်းမရှိသလို သွေးနီရောင်ပြောင်းနေခြင်းလည်း မရှိပေ။
သူ၏မျက်လုံးတစ်ခုလုံးက မျက်ဆံများရော မျက်ဖြူသားပါပျောက်ကွယ်ပြီး ပကတိ အနက်ရောင် မှောင်မိုက်နေသည်။ အလွန်တရာ အစွမ်းထက်ဟန်ရှိသော ကြောက်မက်ဖွယ်ရာ ဆိုးယုတ်သောရောင်ဝါတစ်ခုက သူ့ထံမှထွက်ပေါ်လာသည်။
“စိတ်ကို တည်ငြိမ်အောင်ထား...”
သူ့ဘေးနားတွင်ရှိနေသည့် ကောင်းကင်မိုးကြိုးခန်းမမှ အကြီးအကဲတစ်ယောက်က တွန့်ဆုတ်စွာ အော်ပြောလိုက်သည်။
သို့သော် သူ့စကားမဆုံးမီမှာပင် ကြောက်မက်ဖွယ်ရာ အနက်ရောင်အလင်းတန်းတ်စခု လင်းလက်လာပြီး ထိုအကြီးအကဲထံဝင်ရောက်သွားကာ လွင့်ထွက်သွားစေသည်။
အရှေ့တက်နေဝန်းအရှင်၏ မျက်ဝန်းများထဲမှ အနက်ရောင်အလင်းတန်းက တဖျတ်ဖျတ်တောက်ပလာပြီး သူက နှုတ်ခမ်းများ တွန့်ကွေးလျှက် အေးစက်စွာပြုံးသည်။
“အဟက်... ဒီကမ္ဘာက တကယ့်ကိုကောင်းတာပဲ...”