← Chapters

အပိုင်း (၂၀၃)

Vol. 005 Ch. 203

အပိုင်း (၂၀၃)

Vol. 005 Ch. 203

တတိယ စမ်းသပ်မှုနှင့် ဆက်သွယ်ထားသော ငြိမ်သက်နေသည့် လေဟာနယ်ထဲတွင် အဖြူရောင် အလင်းမှုန်တစ်ခုက ရုတ်တရက် ပေါ်လာသည်။ အလင်းမှုန်က တဖြည်းဖြည်း တောက်ပလာပြီး ကြီးမားလာကာ နောက်ဆုံးတွင် ဘဲဥပုံ လေဟာနယ် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

လေဟာနယ် အက်ကွဲကြောင်း အတွင်းမှ ရှည်လျားသော လက်သည်းများနှင့် အရိုးဆူးများ ပြည့်နေသော လက်တစ်ဖက် ထွက်လာသည်။ လက်တစ်ချောင်းလုံးတွင် အဖုများကလည်း ရှိနေပြီး အဖုတိုင်းတွင် အရိုးဆူးများက ငေါထွက်နေသည်။

ထိုကဲ့သို့ လက်နှစ်ချောင်းက လေဟာနယ် အက်ကွဲကြောင်း အတွင်းမှ ထွက်လာပြီး လေဟာနယ် အက်ကွဲကြောင်းကို ဆွဲဖြဲလိုက်ရာ သေးငယ်သော ဘဲဥပုံ လေဟာနယ် အက်ကွဲကြောင်းသည် ၁၀ပေအထိ ရှည်လာသည်။ ထိုအခါ လေဟာနယ် အက်ကွဲကြောင်း အတွင်းမှ အနီရောင်နှင့် အမည်းရောင် လှိုင်းများနှင့်အတူ ခန္ဓာကိုယ် တစ်ခုကလည်း ထွက်လာသည်။ ထိုလူ၏ ကျောကုန်းတွင်လည်း သိသာသော အဖုကြီး ရှိနေသည့်အတွက် ထိုလူက ခါးကုန်း တစ်ယောက်နှင့် တူနေလေသည်။

သူ၏အရပ်က ၁၀ပေကျော်ပြီး သူ၏ ခန္ဓာကိုယ်ကလည်း သူ၏လက်ကဲ့သို့ပင် အဖုလေးများဖြင့် ပြည့်နေသည်။ တချို့အဖုများဆိုလျှင် ပေါက်ပြဲနေပြီး ချွဲပျစ်ပျစ် အနက်ရောင် အရည်များ ထွက်နေလေသည်။ အဖုတိုင်းတွင်လည်း အရိုးဆူးများ ရှိနေသည်။

အရိုးဆူးများ ပေါ်တွင်လည်း အဝတ်အစားများက စုတ်ပြဲ နေလေသည်။ သူ၏မျက်နှာက ခါးကုန်းကြီးမုန့်နှင့် တူသော်လည်း သူ၏အရွယ်အစားက ခါးကုန်းကြီးထက် ပို၍ ကြီးနေသည်။

သူ၏ခေါင်းပေါ်တွင် ဦးချိုလိမ်နှစ်ခု ရှိပြီး ဦးချိုနှစ်ချောင်း ကြားတွင် အပြာရောင် အလင်းတစ်ခု ရှိနေသည်။ ယခု သူ၏အသွင်သဏ္ဌာန်သည် ငရဲပြည်မှ တက်လာသော မိစ္ဆာ တစ်ကောင်နှင့်ပင် တူနေသည်။ သူက လေလဟာနယ် အက်ကွဲကြောင်း အတွင်းမှ ထွက်လာပြီးနောက် ညာလက်က လက်ညှိုး၊ လက်မကို ဖိညှစ်သည့်သဏ္ဌာန် ပြလုပ်လိုက်ရာ လေဟာနယ် အက်ကွဲကြောင်းက ချက်ချင်း ကျုံ့ဝင်သွားပြီး အလင်းမှုန် တစ်ခုအဖြစ် ပြောင်းလဲသွား၏။ အလင်းမှုန်က ပြင်းပြင်းထန်ထန် တုန်ခါလာပြီးနောက် အစရှာမရအောင် ပျောက်ကွယ် သွားလေသည်။

ထိုလူက ဟင်းလင်းပြင်ထဲသို့ ကြည့်ပြီး ရေရွတ် လိုက်သည်… “စတုတ္ထနယ်မြေထဲကို ဘယ်သူမှ မဝင်စေဖို့ ဆရာက ငါ့ကို အမိန့်ပေးထားတာ…. ဒါကြောင့် အားလုံး သေရမယ်….”

သူက ပြောပြီးသည်နှင့် စတင် ပျံသန်း လိုက်သော်လည်း ခဏကြာပြီးနောက် ရပ်တန့်ကာ နှာခေါင်းရှုံ့ပြီး အရှေ့တောင်ဘက်သို့ ကြည့်လိုက်သည်… “ထူးဆန်းလိုက်တာ… အဲဒီဘက်ကနေ အော်ဂလီဆန်စရာ ကောင်းတဲ့ အနံ့တစ်မျိုးကို ငါ ဘာလို့ ခံစားမိနေတာလဲ … ကြည့်ရတာ အဲဒီအနံ့ ထုတ်နေတဲ့လူကို ငါ သွားပြီး သတ်ပစ်ရမယ် ထင်တယ်…”

ထိုအချိန်တွင် လေလွင့်ဝိညာဉ် တစ်ကောင်က ရုတ်တရက် ပေါ်လာသည်။ သို့သော်လည်း လေလွင့်ဝိညာဉ်က ထိုမိစ္ဆာကို လျစ်လျူရှု သွားသကဲ့သို့ မိစ္ဆာကလည်း လေလွင့်ဝိညာဉ်ကို လျစ်လျူရှုကာ အနံ့ထွက်ပေါ် နေသည့်ဘက်သို့ ဦးတည်၍ ပျံသန်းသွား၏။

မိစ္ဆာ၏ ဦးတည်ရာ အရပ်သည် ဝမ်လင်းနှင့် ရှေးဟောင်း အင်ပါယာ ရှိနေသည့် အရပ်ဖြစ်သည်။ ဝမ်လင်းက အလင်းထဲတွင် ပိတ်မိနေသည့် ရှေးဟောင်း အင်ပါယာအား တည်ငြိမ်စွာ စိုက်ကြည့် နေသည်။ စေတီမှ အလင်းရောင်သည် ပေ၃၀ရှိရာမှ ယခု ၁၅ပေသာ ကျန်တော့သည်။

ဝမ်လင်းက ဝိညာဉ်စားသုံးသူ ဖြစ်လာပြီးနောက် သူ့နှလုံးသားထဲတွင် အေးစက်မှုများနှင့် ရက်စက်မှုများက ပြည့်လာသည်။ ဝမ်လင်းက လေလွင့် ဝိညာဉ်များအား နောက်တစ်ကြိမ် တိုက်ခိုက်ရန် အမိန့်ပေးတော့မည့် အချိန်တွင် အနောက်မြောက် အရပ်ရှိ လေလွင့်ဝိညာဉ် တစ်ကောင်ဆီမှ ဝိညာဉ်တစ်ကောင် လာနေသည့် စွမ်းအင်လှိုင်းကို ပြင်းပြင်းထန်ထန် ခံစားမိလိုက်သည်။

မကြာမီ သူ၏ ထိန်းချုပ်မှုအောက်ရှိ လေလွင့်ဝိညာဉ်ကို ထူးခြားသော နည်းစနစ်တစ်ခု သုံးလိုက်ရာ ထိုလေလွင့်ဝိညာဉ် မြင်ရသည့် မြင်ကွင်းကို ဝမ်လင်း မြင်လိုက်ရသည်။

“ဒါ… ဒါက ခါးကုန်းကြီးမုန့်…”

ဝမ်လင်းက ခါးကုန်း၏မုန့်၏ ပြောင်းလဲသွားသော အသွင်အပြင်ကို ကြည့်ပြီး အလွန် အံ့အားသင့် သွား၏။

ထို့နောက် ဝမ်လင်းက သူ၏ တိုက်ခိုက်ရန် အမိန့်ပေးထားသည့် သူ၏နတ်ဘုရား စိတ်အာရုံကို ပြန်ရုပ်သိမ်းလိုက်ပြီး ရှေးဟောင်း အင်ပါယာအား နတ်ဘုရား စိတ်အာရုံဖြင့် စကား လှမ်းပြောလိုက်သည်။

“အမွေအနှစ် ရတနာကို ပေး…”

ရှေးဟောင်း အင်ပါယာက ထိုစကားသံကို ကြားပြီး အံ့အားသင့် သွားသည်။ လွန်ခဲ့သည့် နှစ်၁၀၀၀က ဤကဲ့သို့ နတ်ဘုရား စိတ်အာရုံဖြင့် ဆက်သွယ်နိုင်သည့် သားရဲကို မတွေ့ဖူးခဲ့ပေ။ သို့သော်လည်း သူက ချက်ချင်း နတ်ဘုရား စိတ်အာရုံဖြင့် ပြန်ပြောလိုက်သည်… “စီနီယာ… သင်ပြောတဲ့ အမွေအနှစ် ရတနာဆိုတာကို ဂျူနီယာ မသိပါဘူး…”

ရှေးဟောင်း အင်ပါယာသည် ပြောပြီးသည်နှင့် သူ့နှလုံးသားထဲတွင် ခါးသီးမှု တစ်ခုကို ခံစားလိုက်ရသည်။ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်ပြီး နောက်တွင် သူက မည်သူ့ကိုမှ စီနီယာဟု မခေါ်ခဲ့ပေ။ ယခု စီနီယာဟု ခေါ်လိုက် ရခြင်းက သူ့အား ခါးသီးမှုတစ်ခုကို ခံစားရစေခဲ့သည်။

သူက ချက်ချင်း ဆက်ပြောလိုက်ည်… “စီနီယာ… သင်က ရှေးဟောင်း နတ်ဘုရား နယ်မြေရဲ့ အမွေအနှစ်ကို ရှာနေတာဆိုရင် လူမှားနေပါပြီ … အမွေအနှစ် ရတနာကို ပိုင်ဆိုင်ထားတဲ့လူက လိုအင်၆မျိုး နတ်ဆိုးသခင်လို့ ခေါ်တဲ့သူပါ…”

ဝမ်လင်းက အနည်းငယ် စဉ်းစား လိုက်သည်။ ထိုအချိန်တွင် တစ်ဖက်မှ လာနေသည့် ဝိညာဉ်လှိုင်းများ ကလည်း နီးကပ် လာနေသည်ကို ခံစားမိ၏။ ထို့ကြောင့် ဝမ်လင်းက သူတို့ နှစ်ယောက်ကြားရှိ အကွာအဝေးကို သေချာ သိနိုင်စေရန် အတွက် လေလွင့်ဝိညာဉ် များကို အသုံးပြု လိုက်သည်။ ဝမ်လင်းက ရှေးဟောင်း အင်ပါယာနှင့် စကားပြောနေသည့် အချိန်ကတည်းက လေလွင့် ဝိညာဉ်များကို ခါးကုန်းကြီးမုန့်၏ လမ်းကြောင်းကို ပိတ်ဆို့ ခိုင်းထား၏။

သို့သော်လည်း ခါးကုန်းကြီးမုန့်၏ ခန္ဓာကိုယ်က အလွန် ထူးဆန်း၏။ လေလွင့်ဝိညာဉ်များက မည်မျှပင် တိုက်ခိုက်စေကာမူ ခါးကုန်းကြီးမုန့်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာ သေးသေးလေးပင် ဖြစ်မလာစေပေ။ ထိုအဖြစ်က ဝမ်လင်းကို ပိုပြီး အံ့အားသင့် စေသည်။

အမွေအနှစ် ရတနာသည် သူ့ဆီတွင် မရှိဘဲ လိုအင်၆မျိုး နတ်ဆိုးသခင်ထံတွင် ရှိသည် ဆိုသည့် ရှေးဟောင်း အင်ပါယာ၏စကားကို ဝမ်လင်းက မယုံကြည်ပေ။ သူ ပြောတာက အမှန် ဆိုလျှင်တောင်မှ ရှေးဟောင်း အင်ပါယာနှင့် တခြားလူများသည် ရှေးဟောင်း နတ်ဘုရား၏ နယ်မြေအတွင်းသို့ မပြင်ဆင်ဘဲ ဝင်လာကြမည့် လူများ မဟုတ်ပေ။ မဟုတ်လျှင် အားလုံးက လိုအင်၆မျိုး နတ်ဆိုးသခင်၏ မျက်နှာကိုသာ ကြည့်နေရလိမ့်မည် ဖြစ်သည်။

အမွေအနှစ် ရတနာအကြောင်းကို ဝမ်လင်းက သွမ့်မူကျိနှင့် တခြား သူများထံမှ ကြားခဲ့ရသည်။ သူတို့က ထိုအကြောင်းကို မဖုံးကွယ်ဘဲ ပြောနေကြသည့်အတွက် ဝမ်လင်းက ကြားခဲ့ခြင်း ဖြစ်သည်။

ရှေးဟောင်း အင်ပါယာသည် လိုအင်၆မျိုး နတ်ဆိုးသခင်နှင့် ဒုတိယစမ်းသပ်မှု အတွင်းတွင် တိုက်ခိုက်ရန် ဆန္ဒရှိခဲ့သည်။ ထို့ကြောင့် ရှေးဟောင်း အင်ပါယာထံတွင်လည်း လျှို့ဝှက်ချက် ရှိရပေမည်။

ဝမ်လင်းက ဝိုင်းရံနေသည့် လေလွင့်ဝိညာဉ်များကို တိုက်ခိုက်ရန် နောက်တစ်ကြိမ် အမိန့်ပေး လိုက်သည်။

ထိုအခါ ရှေးဟောင်း အင်ပါယာသည် အံကြိတ်ပြီး နတ်ဘုရား စိတ်အာရုံဖြင့် နောက်ထပ် စကားတစ်ခွန်းကို လှမ်းပြောလိုက်သည်… “ဒီအဘိုးကြီးမှာ အမွေအနှစ် ရတနာတော့ မရှိပါဘူး… ဒါပေမဲ့ အရင်တစ်ခေါက် ဒီကို လာတော့ အမွေအနှစ် ရတနာ အစိတ်အပိုင်းတစ်ခုကို ရခဲ့ပါတယ်… အဲဒီ အပိုင်းအစထဲမှာ ဒီနေရာမှ ထွက်ဖို့အတွက် လမ်းကြောင်း တစ်ခုကို ဖွင့်နိုင်သည့် မန္တန်တစ်ခုကို ရေးမှတ် ထားပါတယ်… ဒါပေမဲ့ အဲဒီမန္တန်က နယ်ပယ် တစ်ခုချင်းစီမှာရှိတဲ့ ထွက်ပေါက် ဝဲကတော့မှာပဲ သုံးလို့ရပါတယ်… မန္တန်ကို ဂျူနီယာက လေ့လာပြီးတဲ့နောက်မှာ အဲဒီအပိုင်းအစ ပစ္စည်းကိုတော့ ဂျူနီယာက ဖျက်ဆီးပစ် လိုက်ပါပြီ…”

ရှေးဟောင်း အင်ပါယာ၏ စကားများက အမှန်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်တစ်ထောင်က သူသည် အစွမ်းထက်သော ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူက အမွေရတနာ အစိတ်အပိုင်း တစ်ခုကို ရရှိခဲ့သည်။ ထို့ကြောင့်လည်း သူ့က လွန်ခဲ့သည့် နှစ်တစ်ထောင်ခန့်က ဤနေရာမှ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ဤနေရာသို့ ပြန်လာရဲခြင်း ဖြစ်သည်။

သို့သော်လည်း မန္တန်က ထွက်ပေါက် တစ်ခု၌ တစ်ယောက်သာ ထွက်လို့ရမည် ဖြစ်သည်။

လူအများစုသည် ပထမ စမ်းသပ်မှုနှင့် ဒုတိယစမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော် နိုင်ခဲ့ကြသော်လည်း သူတို့က ရှေးဟောင်း နတ်ဘုရား နယ်မြေ၏ ထွက်ပေါက် အကြောင်းကို မတွေးခဲ့ကြပေ။ သို့သော်လည်း တတိယ နယ်မြေသည် အလွန် ကျယ်လွန်းလှသဖြင့် ဝဲကတော့ ထွက်ပေါက်ကို ရှာရန်မှာ ကောက်ရိုးပုံထဲ အပ်ပျောက် ရှာရသလိုပင် ဖြစ်သည်။ ထို့အပြင် လေလွင့် ဝိညာဉ်များကြောင့် မည်သူကမှ သူတို့၏ နတ်ဘုရား စိတ်အာရုံကို အဝေးသို့ မဖြန့်ရဲကြပေ။ ထို့ကြောင့် ထွက်ပေါက်ကို ရှာရန်မှာ ပို၍ ခက်ခဲသွား၏။

ထိုမန္တန်သည် ဝဲကတော့ ထွက်ပေါက်တွင်သာ အသုံးပြုနိုင်မည် ဖြစ်ပြီး ဝင်ပေါက်တွင် အသုံးပြုပါက ဘာမှဖြစ်လာမည် မဟုတ်ပေ။ ဒုတိယ ထွက်ပေါက်တွင် ရှေးဟောင်း အင်ပါယာသည် မန္တန်ကို အသုံးပြုရန် အချိန်မရခဲ့ဘဲ တတိယ နယ်မြေအတွင်းသို့ အတင်း တိုးဝင်ခဲ့ရသည်။

“စီနီယာက ထွက်ပေါက်နေရာကို ခေါ်သွားပေးမယ်ဆိုရင် အလဲအထပ် အနေနဲ့ မန္တန်ကို ပေးပါ့မယ်…”

ရှေးဟောင်း အင်ပါယာက အပြင်ဘက်တွင် တည်ငြိမ်စွာ ရှိနေသော်လည်း စိတ်ထဲတွင်မူ ထိုသားရဲက မည်သည့် အတွက်ကြောင့် မန္တန်အား လိုချင်နေသည်ကို သူ တွေးမရပေ။ လေလွင့် ဝိညာဉ်များသာ ဤအတိုင်း ဆက်လက် တိုက်ခိုက်နေပါက သူ့အတွက် သေလမ်း တစ်လမ်းသာ ရှိသည်ကိုတော့ သူ သိနေသည်။

ဝမ်လင်းက ဘာမှ မတုံ့ပြန်ဘဲ ပတ်ဝန်းကျင်ရှိ လေလွင့်ဝိညာဉ်များ အားလုံးကို တိုက်ခိုက် ခိုင်းလိုက်သည်။ သူ၏ တွက်ချက်မှုအရ ခါးကုန်းကြီးမုန့်သည် အမွှေးတိုင်၂တိုင်စာ အချိန်ခန့် ဆိုလျှင် ဤနေရာသို့ ရောက်လာမည် ဖြစ်သည်။

ဝမ်လင်း၏ အမိန့်အောက်တွင် လေလွင့်ဝိညာဉ်များ၏ တိုက်ခိုက်မှုက ပိုပိုပြီး ပြင်းထန်လာသည်။ ဝမ်လင်းက ပို၍ ပြင်းထန်လာစေရန် နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်ပြီး လေလွင့် ဝိညာဉ်များကို ထပ်ခေါ်ကာ တိုက်ခိုက်မှုကို အားဖြည့် လိုက်သည်။

ရှေးဟောင်း အင်ပါယာ၏ မျက်နှာက ဖြူရော်သွား၏။ သူက အံကြိတ်ပြီး နောက်ထပ် ဆေးလုံး အနည်းငယ်ကို ပါးစပ်ထဲသို့ ထည့်ကာ စေတီမှ အလင်းရောင်ကို ဆက်လက် ထိန်းသိမ်း လိုက်သည်။

သို့သော်လည်း လေလွင့် ဝိညာဉ်များ၏ တိုက်ခိုက်မှုသည် အဆုံးမရှိသဖြင့် အရေးကြီးဆုံး အချိန်သို့ ရောက်သောအခါ နတ်ဘုရား စိတ်အာရုံဖြင့် အလျင်အမြန် လှမ်းပြော လိုက်သည်။

“မန္တန်ကို ပေးပါမယ်… ကျေးဇူးပြု၍ ဒီသားရဲတွေကို ရပ်ခိုင်းပေးပါ…”

ရှေးဟောင်း အင်ပါယာက ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူပြီး နဖူးပေါ် ခဏလောက် တင်လိုက်သည်။ ထို့နောက် သူက ကျောက်စိမ်းပြားကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

အမွှေးတိုင်း တစ်တိုင်စာ အချိန်ခန့် ကုန်သွားပြီးနောက်တွင် ဝမ်လင်းက လေလွင့်ဝိညာဉ်များအား ရပ်တန့်ခိုင်းလိုက်သည်။ ထိုအခါမှ ရှေးဟောင်း အင်ပါယာက အနည်းငယ် စိတ်သက်သာရာ ရသွားပြီး အံကြိတ်ကာ ကျောက်စိမ်းပြားအား အပြင်ဘက်သို့ ပစ်လိုက်သည်။

ကျောက်စိမ်းပြားက အပြင်ဘက်သို့ ရောက်သည်နှင့် ဝမ်လင်းက ကျောက်စိမ်းပြားကို ချက်ချင်း ယူလိုက်ပြီး နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေး ကြည့်လိုက်သည်။ အထဲတွင် မန္တန်နှင့် ပတ်သက်သည့် အကြောင်းများကို အသေးစိတ် ရှင်းလင်းစွာ ရေးသားထား၏။

ရှေးဟောင်း အင်ပါယာသည် ယခုအချိန်ထိ စိတ်ချလက်ချ မနေရဲသေးပေ။ အပြင်ဘက်ရှိ သားရဲက မန္တန်ကို ရပြီးသွားသော်လည်း သူ့အား မလွတ်ပေးမည်ကို စိုးရိမ်နေသည်။

ဝမ်လင်းက ခဏလောက် တွေးပြီး ပတ်ဝန်းကျင်ရှိ လေလွင့်ဝိညာဉ်များကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ ထိုအခါ ရှေးဟောင်း အင်ပါယာက ခါးသီးစွာ ပြုံးလိုက်ပြီး ခန္ဓာကိုယ်တွင်းမှ စိတ်စွမ်းအင်များကို အသုံးပြုကာ စေတီမှ အလင်းရောင်ကို ဆက်လက် ထုတ်လွှတ် စေသည်။

သို့သော်လည်း လေလွင့်ဝိညာဉ် အရေအတွက်က အလွန် များနေသည့် အတွက် မကြာခင် အချိန်အတွင်း စေတီက စတင် လှုပ်ခါလာသည်။ ထို့နောက် အက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး စေတီပေါ်တွင် အက်ကွဲကြောင်း တစ်ခု ပေါ်လာကာ စေတီက နှစ်ပိုင်း ကွဲထွက်သွား၏။

တစ်ချိန်တည်းမှာပင် ရှေးဟောင်း အင်ပါယာ၏ ခန္ဓာကိုယ်က ထိုနေရာမှ ပျောက်ကွယ် သွားပြီး ၁၀အကွာတွင် ပြန်ပေါ်လာသည်။ သို့သော်လည်း ချက်ချင်း ဆိုသလိုပင် သူက နာကျင်နေသည့် အမူအရာဖြင့် စူးရှစွာ အော်ဟစ်လိုက်သည်။ များပြားလှသော လေလွင့်ဝိညာဉ်များက သူ့ပေါ်သို့ ခုန်အုပ်ပြီး စတင် ဝါးမျိုကြသည်။

တစ်ပြိုင်နက်တည်း မှာပင် လေလွင့်ဝိညာဉ် တစ်ကောင်က ရှေးဟောင်း အင်ပါယာ၏ ခန္ဓာကိုယ် အတွင်းမှ သိုလှောင်အိတ်ကို သယ်ဆောင်လာကာ ဝမ်လင်းဆီသို့ သယ်လာပေးပြီး ကပျာကယာ ပြန်ပြေးသွား၏။

သည်တစ်ကြိမ်တွင် ဝမ်လင်းက တခြားသူများ ရှိသည့်နေရာသို့ မသွားတော့ဘဲ ဝှက်ထားသည့် သူ့ခန္ဓာကိုယ် ရှိသည့်နေရာသို့ ပြန်သွားတော့သည်။

လေဟာနယ်ထဲတွင် ရှေးဟောင်း အင်ပါယာ၏ ခန္ဓာကိုယ်က တုန်ယင်နေသည်။ သူ၏ စဦးဝိညာဉ်က မူလမီးတောက်ကို ထုတ်ဖော်ပြီး လေလွင့်ဝိညာဉ်များ၏ စားသုံးခြင်းကို မခံရစေရန် ကာကွယ်ထား၏။ သို့သော်လည်း ထိုအရာက အချိန်ဆွဲထားရုံသာ ရှိပြီး လေလွင့်ဝိညာဉ်များကို မောင်းမထုတ်နိုင်ပေ။

ဝမ်လင်း ထွက်သွားပြီး မကြာမီ ခါးကုန်းကြီးမုန့်က ရောက်လာသည်။ သူက ရှေးဟောင်း အင်ပါယာရှိသည့် နေရာသို့ ရောက်လာပြီး ရှေးဟောင်း အင်ပါယာကို ကြည့်ကာ မျက်မှောင်ကြုတ် လိုက်သည်။ သူ ခံစားမိသည့် အော်ဂလီဆန်စရာ ကောင်းသော အနံ့က ဤနေရာတွင် မရှိတော့ပေ။ သူက အနံ့၏နောက်သို့ လိုက်ရန် ပြင်လိုက်သည့် အချိန်တွင် ရှေးဟောင်း အင်ပါယာကို ပြန်ကြည့်ကာ အတွေးတစ်ခု ပေါ်လာသည်။

သူက လက်လှမ်းပြီး ရှေးဟောင်း အင်ပါယာ၏ ခန္ဓာကိုယ်ကို ဆွဲယူလိုက်ည်။ ထိုအခါ လှုပ်ခါနေသော ရှေးဟောင်း အင်ပါယာ၏ခန္ဓာကိုယ်က ပို၍ လှုပ်ခါသွားပြီး လေလွင့်ဝိညာဉ် အားလုံးက ခန္ဓာကိုယ်ထဲမှ နှင်ထုတ်ခြင်း ခံလိုက်ရသည်။

လေလွင့်ဝိညာဉ်များ အားလုံးကို နှင်ထုတ်ပြီးနောက် ခါးကုန်းကြီးမုန့်၏ မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ ခါးကုန်းကြီးမုန့်က လေဟာနယ်ထဲတွင် အပေါက်တစ်ခုကို ပြုလုပ်ပြီး ရှေးဟောင်း အင်ပါယာအား ထိုအပေါက်ထဲသို့ ပစ်ထည့်လိုက်သည်။

ထိုလေဟာနယ် အက်ကွဲကြောင်း၏ တခြား တစ်ဖက်တွင် သွေးရောင် လွှမ်းနေသော ကမ္ဘာတစ်ခု ရှိနေသည်။ မြေပြင်တွင်လည်း သွေးအလွှာတစ်ခု ရှိနေပြီး ကောင်းကင်သည်လည်း သွေးရောင် ဖြစ်နေလေသည်။

သွေးမြေပြင်ပေါ်တွင် ခါးကုန်းကြီးမုန့်ကဲ့သို့ ကျင့်ကြံသူများက ထိုင်နေသည်။ သူတို့အားလုံး၏ ခန္ဓာကိုယ်များက အလွန်ကြီးမားပြီး သူတို့၏ ဦးခေါင်းတွင် ဦးချိုများက တစ်ချောင်းမှ ၄ ကြောင်းကြားတွင် ရှိ၏။

ထိုသွေးကမ္ဘာကြီးထဲတွင် ကျောက်တိုင်များ အများအပြား ရှိပြီး ကျောက်တိုင်တစ်ခု ပေါ်တွင် ကျင့်ကြံသူ တစ်ယောက် ရှိ၏။ အရှည်ဆုံး ကျောက်တိုင်ကြီး ပေါ်တွင် အနီရောင် ဆံပင်နှင့် ကျင့်ကြံသူ တစ်ယောက် ထိုင်နေသည်။ သူ့မျက်နှာက ဝါးနေသော်လည်း ဂုဏ်မောက်ပြီး မာနကြီးသော အော်ရာတစ်ခုက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည်။

ရှေးဟောင်း အင်ပါယာကို ထိုနေရာထဲသို့ ပစ်ထည့် လိုက်သောအခါ ရှေးဟောင်း အင်ပါယာ၏ စဦးဝိညာဉ်ကို လေလွင့်ဝိညာဉ်များက အကုန်လုံး မဝါးမျိုရသေး သောကြောင့် သူ၏ခန္ဓာကိုယ်က သိသာသော အမြန်နှုန်းဖြင့် ပြန်ကောင်းလာသည်။ ထို့နောက် သူက မျက်လုံးကို ဖွင့်ကြည့် လိုက်သောအခါ သူ၏မျက်နှာ အမူအရာက ပြောင်းလဲသွား၏။

***

All Chapters