အခန်း (၁၉၀)
Vol. 19 Ch. 190
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၉ ၊ အတွဲ ၁ ၊ အပိုင်း ၁၉၀
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပညာရှင်က အခြေအနေကို အလျင်အမြန် တင်ပြလိုက်၏။ "အရှင်မင်းကြီး... ကမ္ဘာငယ်လေး ဝင်ပေါက်ရဲ့ တည်ငြိမ်မှုက ကန့်သတ်ချက် ရှိနေပါပြီ။ လူနှစ်ယောက်လောက်ပဲ ထပ်ဝင်လို့ ရပါတော့မယ်။"
လင်းချန်က ပြောလိုက်၏။ "နှစ်ယောက်တည်း ဟုတ်လား... အဲဒါဆိုရင် ကျွန်တော်နဲ့ ဆရာပဲ သွားသင့်တယ်။"
လင်းချန် စကားဆုံးသည်နှင့် ဝေဝူရွှမ်က ပြတ်ပြတ်သားသား ငြင်းလိုက်သည်။ "မဖြစ်နိုင်ဘူး... မင်းက သန်မာပေမဲ့ နိဗ္ဗာန်နယ်ပယ်ထက် ကျော်လွန်တဲ့ အန္တရာယ်တွေ ရှိနေရင် ဘယ်လိုလုပ်မလဲ။"
ခေါင်းဆောင် ပညာရှင်က ထပ်မံ သတင်းပို့လိုက်ပြန်၏။ "အရှင်မင်းကြီး... ကမ္ဘာငယ်လေး ဝင်ပေါက်ရဲ့ စွမ်းအားက ထပ်ကျဆင်းသွားလို့ အများဆုံး နိဗ္ဗာန်နယ်ပယ် သိုင်းဝိညာဉ်ပညာရှင် နှစ်ယောက်လောက်ရဲ့ စွမ်းအားကိုပဲ ခံနိုင်ရည် ရှိတော့မှာပါ။"
ထိုသတင်းကို ကြားတော့ ဝေဝူရွှမ် အံ့သြတကြီး အော်လိုက်မိသည်။ "ဘာ... နိဗ္ဗာန်နယ်ပယ်ပညာရှင် နှစ်ယောက်ပဲ ဝင်လို့ရမယ် ဟုတ်လား။"
အခြေအနေက ရုတ်တရက် ဆိုးရွားသွားပြီ ဖြစ်၏။
လက်ရှိအချိန်၌ ကမ္ဘာငယ်လေးထဲသို့ ဝင်ရောက်ပြီး သွေးနက်မျိုးနွယ်ဝင်ကို တားဆီးရန် အရေးတကြီး လိုအပ်နေပြီ။ ဝေဝူရွှမ်သည် သူတို့ကို တားဆီးရန် အကောင်းဆုံး လူဖြစ်သော်လည်း လက်ရှိအခါ ကမ္ဘာငယ်လေးထဲသို့ ဝင်ရောက်၍ မရတော့ပေ။
နိဗ္ဗာန်နယ်ပယ်ရှိသူ နှစ်ဦး ဝင်ရောက်နိုင်သေးသော်လည်း သူတို့ ရင်ဆိုင်ရမည့် ရန်သူမှာ သေခြင်းရှင်ခြင်းနယ်ပယ် ရှိသူ ဖြစ်နေသည်။ ဝင်သွားခြင်းက ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်မနေဘူးလော။
ဝေဝူရွှမ်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး မကျေမနပ် ပြောလိုက်သည်။ "ဒါဆို သွေးနက်မျိုးနွယ်ဝင်က တော်ဝင်မိသားစုကို လွှတ်ပေးပြီး ကမ်းရိုးတန်းပြည်နယ် တစ်ခုလုံး ဒုက္ခရောက်အောင် လုပ်မှာကို ဒီတိုင်းပဲ လက်ပိုက်ကြည့်နေရတော့မှာလား။"
ဝေချင်းချင်းက ဖြည်းညှင်းစွာ ခေါင်းခါပြီး ဝေဝူရွှမ်ကို စိတ်မလောရန် ပြောလိုက်၏။ "ဒါပေမဲ့ ဒါက ငါတို့ ခန့်မှန်းချက်ပဲ ရှိပါသေးတယ်။ တကယ်တမ်း ကမ္ဘာငယ်လေးထဲမှာ သွေးနက်မျိုးနွယ် တော်ဝင်မိသားစု ရှိမရှိ ဆိုတာ မသိရသေးပါဘူး။"
ဝေဝူရွှမ်က ပြောလိုက်သည်။ "အစ်မ... ကျွန်တော်က ဖြစ်လာမှ ကြောက်တာမျိုး မဟုတ်ဘူး ၊ မတော်တဆ ဖြစ်လာခဲ့ရင် ဆိုတာကို တွေးပူတာ။ တကယ်လို့များ အထဲမှာ တော်ဝင်မိသားစုဝင် ရှိနေခဲ့ရင် ကမ်းရိုးတန်းပြည်နယ် ဒုက္ခရောက်သွားလိမ့်မယ်။ ဒီမှာ နေထိုင်သူတွေက ငါတို့ လူသားမျိုးနွယ်တွေလေ... ကမ်းရိုးတန်းပြည်နယ်မှာ လူသန်းတစ်ရာလောက် နေထိုင်ကြတာ ၊ အားလုံးက သက်ရှိသတ္တဝါတွေချည်းပဲ။"
"သွေးနက်မျိုးနွယ် တော်ဝင်မိသားစုဝင်သာ တကယ်ရှိခဲ့ရင် ၊ လွတ်မြောက်လာတာနဲ့ အဲဒီလူတွေ အကုန်လုံး အသွေးအသား အဖြစ်သန့်စင်ခံလိုက်ရလိမ့်မယ်။ ကျွန်တော်က ကမ်းရိုးတန်းပြည်နယ်ရဲ့ အသန်မာဆုံး လူသားမျိုးနွယ်လေ။ ဒီလို အခြေအနေမျိုးမှာ ကိုယ့်လူမျိုးကို ကာကွယ်ဖို့က ကျွန်တော့် တာဝန်ပဲ။ အခြေအနေက ဒီလို ဖြစ်နေမှတော့ ကျွန်တော် ဘယ်လိုလုပ် မပူဘဲ နေနိုင်မှာလဲ။"
ဝေဝူရွှမ်၏ စကားများက အလွန်ရိုးသားပြီး လင်းချန်ကို ထိရှသွားစေသည်။
လူသားမျိုးနွယ်...။ ဤကမ္ဘာသည် သူ၏ အရင်ဘဝနှင့် မတူပေ။ လူသားများနှင့် အတူယှဉ်တွဲ နေထိုင်ရုံသာမက ထူးဆန်းသည့် မျိုးနွယ်စုပေါင်းစုံနှင့်ပါ ယှဉ်တွဲနေထိုင်ကြရသည်။
သွေးနက်မျိုးနွယ်ကဲ့သို့ မျိုးနွယ်စုမျိုးကို လင်းချန် လုံးဝ သဘောမကျပေ။ အထူးသဖြင့် စီနီယာအစ်ကို ကောပန်လီ၏ တစ်ခါမှ မမြင်ဖူးသော ဝမ်းနည်းပူဆွေးနေသည့် မျက်နှာနှင့် အသက်ရှင်လျက် သေဆုံးနေသူများကို ကြည့်ရင်း ဝမ်းနည်းနေသည့် အကြီးအကဲ ကျန်းကျွင်းချန်၏ မျက်နှာတို့ကို ပြန်မြင်ယောင်လာသောအခါ ပို၍ ခံပြင်းလာ၏။
တကယ်လို့ သွေးနက်မျိုးနွယ် တော်ဝင်မိသားစုဝင်သာ ကမ္ဘာငယ်လေးထဲ၌ ရှိနေခဲ့လျှင် ကမ်းရိုးတန်းပြည်နယ် သေချာပေါက် ဒုက္ခရောက်တော့မည် ဖြစ်သည်။
ကမ်းရိုးတန်းပြည်နယ် တစ်ခုလုံး ရှေးဟောင်းအမွေအနှစ်နယ်မြေ ထဲမှ ပျောက်ဆုံးသွားသည့် ကမ္ဘာငယ်လေးကဲ့သို့ သေခြင်းနယ်မြေ ဖြစ်သွားမည်ကို စိုးရိမ်ရ၏။
လက်ရှိအချိန်၌ပင် လင်းချန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။ "ကျွန်တော် သွားမယ်။"
ကွပ်ကဲမှုစင်တာထဲရှိ လူတိုင်း လင်းချန်ကို အံ့သြတကြီး စိုက်ကြည့်လိုက်ကြ၏။
လင်းချန်၏ အကြံပြုချက်ကို အားလုံးက တညီတညွတ်တည်း ကန့်ကွက်လိုက်ကြသည်။ "မဖြစ်ဘူး... လုံးဝ မဖြစ်ဘူး။"
အထူးသဖြင့် ယီစင်းသည် လင်းချန်ဘေးသို့ အပြေးသွားပြီး နောက်တစ်စက္ကန့်၌ ပျောက်ကွယ်သွားတော့မည့်အတိုင်း လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကာ ပြောလိုက်၏။ "အထဲမှာ အန္တရာယ်တွေက မသိနိုင်ဘူး။ ပြီးတော့ ဟိုတစ်ဖက်က သေခြင်းရှင်ခြင်းနယ်ပယ် အဆင့်လေ။ ဝင်သွားတာက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။ ချန်လေးက သန်မာတယ်ဆိုတာ မိန်းသိပါတယ်။ ဒါပေမဲ့ အဲဒါက ကောင်းကင်နယ်ပယ် မဟုတ်ဘူး ၊ သေခြင်းရှင်ခြင်းနယ်ပယ်လေ။ ချန်လေးတကယ်သွားမယ်ဆိုရင် မိန်းလည်း လိုက်ခဲ့မယ်။"
ယီစင်း၏ ပြတ်သားသော မျက်ဝန်းများကို ကြည့်ရင်း လင်းချန် ရင်ထဲ နွေးထွေးသွားသည်။ သူက သက်ပြင်းချရင်း ပြောလိုက်၏။ "ကောင်းပြီလေ... ကိုယ် မိန်းကို ခေါ်သွားပါ့မယ်။"
ဝေဝူရွှမ်နှင့် ဝေချင်းချင်းတို့က တပြိုင်နက်တည်း အော်ဟစ် တားဆီးလိုက်ကြသည်။ "ပေါက်ကရတွေ။"
လင်းချန်၏ မျက်နှာထားက တည်ကြည်လေးနက်နေပြီး ပြောလိုက်၏။ "ဆရာ... ကျွန်တော်လည်း လူသားမျိုးနွယ်ပါ၊ ဒီကမ်းရိုးတန်းပြည်နယ်မှာ မွေးဖွားကြီးပြင်းခဲ့သူပါ။ ဒီမြေကြီးအပေါ် သံယောဇဉ် ကြီးမားပါတယ်။ အဲဒါကြောင့် ကမ်းရိုးတန်းပြည်နယ်ကို ဂြိုဟ်သားတွေအတွက် သွေးစွမ်းအင် ကျင့်ကြံရာ ငရဲခန်း ဖြစ်သွားမှာ မလိုလားပါဘူး။ ဆရာ့တပည့်ကို ယုံကြည်ပေးပါ... ကျွန်တော် အံ့ဖွယ်အမှုတွေကို ဖန်တီးပြနိုင်ပါတယ်။"
မေယွဲ့ရှာကလည်း သက်ပြင်းချလိုက်သည်။ "ဒါပေမဲ့ မင်း အောင်မြင်ခဲ့ပြီး ကမ်းရိုးတန်းပြည်နယ်ကို ကယ်တင်နိုင်ခဲ့ရင်တောင် ရှန်ထျန်ဂိုဏ်းက လူတွေက ကျေးဇူးတင်မှာ မဟုတ်ဘူး။ ဘာကိစ္စ အသက်စွန့်ရမှာလဲ။"
လင်းချန်က အေးစက်စွာ နှာမှုတ်လိုက်သည်။ "ကျွန်တော်က ကမ်းရိုးတန်းပြည်နယ်က လူတွေကို ကယ်တင်မှာပါ၊ ရှန်ထျန်ဂိုဏ်းကို ကယ်တင်မှာ မဟုတ်ဘူး။ ဂြိုဟ်သား ပြဿနာ ရှင်းပြီးရင် ရှန်ထျန်ဂိုဏ်းကို သုတ်သင်ပြီး စိတ်ဝိညာဉ်တောင်တန်းကို သိမ်းပိုက်မှာ။ သူတို့ ကျေးဇူးတင်တင် မတင်တင် ဂရုမစိုက်ဘူး။"
အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် ဝေဝူရွှမ်က သဘောမတူနိုင်သေးဘဲ ပြောလိုက်၏။ "မရဘူး... ငါ လုံးဝ သဘောမတူနိုင်ဘူး။"
လင်းချန်သည် ဝေဝူရွှမ်၏ ဂုဏ်ယူရသော တပည့်ဖြစ်ပြီး ၊ တပည့်ဖြစ်သူကို ဤသို့ စွန့်စားခိုင်းရန် သူ မလိုလားပေ။
လင်းချန်က ခေါင်းခါလိုက်သည်။ "သဘောမတူလည်း မတတ်နိုင်တော့ဘူး။"
သို့သော် လင်းချန် စကားဆုံးသည်နှင့် သူတို့ခြေထောက်အောက်၌ အလင်းရောင်တစ်ခု ရုတ်တရက် ပေါ်လာသည်။ တစ်ခဏချင်းမှာပင် အလင်းရောင်က သူတို့ကို ဝါးမြိုလိုက်ပြီး ပတ်ဝန်းကျင် မြင်ကွင်းများ ပြောင်းလဲသွားတော့၏။
အစက လင်းချန် သဘောတူလိုက်သဖြင့် ယီစင်း စိတ်သက်သာရာ ရသွားပြီး ဆုပ်ကိုင်ထားသော လက်ကို လွှတ်ပေးလိုက်မိသည်။ ရုတ်တရက် အပြောင်းအလဲကြောင့် ယီစင်း အသည်းအသန် လှမ်းဆွဲလိုက်သော်လည်း... အချိန်နှောင်းသွားလေပြီ။ လည်ပတ်နေသည့် အဖြူရောင် အလင်းတန်းကြီးက သူတို့ကို ဝါးမြိုလိုက်ပြီး ကွပ်ကဲမှုစင်တာထဲမှ ပျောက်ကွယ်သွားလေတော့၏။
ဘေးပတ်ဝန်းကျင်မှ အဖြူရောင် အလင်းများ ပျောက်ကွယ်သွားသောအခါ ဝေဝူရွှမ်နှင့် အခြားသူများသည် စစ်သင်္ဘော ကုန်းပတ်ပေါ်သို့ ပြန်ရောက်နေကြသည်ကို တွေ့လိုက်ရသည်။
ဘုန်း...
ကျယ်လောင်သော ဟိန်းသံကြီးနှင့်အတူ ရွှေရောင်အလင်း ဖုံးလွှမ်းထားသော ပုံရိပ်တစ်ခုသည် နတ်ဓားဂိုဏ်း၏ ကမ္ဘာငယ်လေး ဝင်ပေါက်ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားလေ၏။
ဝေဝူရွှမ်၏ စိတ်ဝိညာဉ်အာရုံက စစ်သင်္ဘောကို လွှမ်းခြုံလိုက်ပြီး လင်းချန် ဘာလုပ်လိုက်သလဲ ဆိုသည်ကို ချက်ချင်း သဘောပေါက်သွားကာ ပြောလိုက်သည်။ "ဒီကောင်စုတ်လေး... ထူးဆန်းတဲ့ စိတ်ဝိညာဉ်စွမ်းအင် အမြောက်နဲ့ ကိုယ့်ကိုယ်ကိုယ် ပစ်လွှတ်လိုက်တာပဲ။"
ဝေဝူရွှမ် လိုက်မသွားနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် စစ်သင်္ဘော ပတ်လည်၌ အတွင်းရော အပြင်ပါ ကာကွယ်ပေးထားသော အစီအရင်တစ်ခု ဖြစ်ပေါ်နေသောကြောင့် ဖြစ်၏။
လင်းချန်ကို မီရန်ဆိုလျှင် အစီအရင်ကို ဖျက်ဆီးရမည် ဖြစ်ပြီး ၊ ထိုသို့လုပ်ရန် အချိန်အတန်ကြာ ပေးရလိမ့်မည်။ ထိုအချိန်ဆိုလျှင် လင်းချန် ကမ္ဘာငယ်လေးထဲ ဝင်ရောက်သွားလောက်ပြီ ဖြစ်သည်။
ယီစင်းသည်လည်း အခြေအနေကို သဘောပေါက်သွားပြီး စိုးရိမ်သော မျက်လုံးများဖြင့် ရွှေရောင်ပုံရိပ်ကို လှမ်းကြည့်လိုက်ကာ ရေရွတ်လိုက်မိ၏။ "ချန်လေး... ဘေးကင်းကင်းနဲ့ ပြန်လာပါနော်... ဘာမှ မဖြစ်ပါစေနဲ့။"
သူတို့ ရောက်ရှိနေသော စစ်သင်္ဘောပေါ်မှ ကြည့်လျှင် နတ်ဓားဂိုဏ်းသည် အောက်ဘက် အတော်လှမ်းလှမ်း၌ ရှိနေ၏။ ကျယ်ပြောလှသော အောက်ဘက် မြေပြင်ပေါ်မှ လူအများအပြားသည် ကောင်းကင်ကို မော့ကြည့်ပြီး အံ့သြနေကြသည်။
"နေ့ခင်းကြောင်တောင် ကြယ်ကြွေတာလား။"
ဤသည်မှာ ကြယ်ကြွေခြင်း မဟုတ်ဘဲ လူသားမျိုးနွယ် လူငယ်လေး တစ်ယောက်က သူတို့အားလုံးအတွက် ၊ ကမ်းရိုးတန်းပြည်နယ် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် တစ်ကိုယ်တည်း စွန့်စားသွားတာ ဖြစ်ကြောင်း သူတို့ မသိရှာကြပေ။
ဘုန်း...
ရွှေရောင်ပုံရိပ်သည် အက်ကွဲနေသည့် နတ်ဓားဂိုဏ်း၏ ကမ္ဘာငယ်လေး၏ ဝင်ပေါက်ကို တည့်မတ်စွာ ဝင်ဆောင့်လိုက်ပြီး အတွင်းသို့ နစ်ဝင်ပျောက်ကွယ်သွားလေတော့၏။
ထိုအချိန်၌ပင် ကမ္ဘာငယ်လေး၏ ဝင်ပေါက်သည် ဒဏ်ကို မခံနိုင်တော့ဘဲ လုံးဝ ပျက်စီးသွားတော့သည်။
**--**--**--**--**--**--**--**
တစ်ဖက်၌မူ ရွှေရောင်ပုံရိပ်သည် ကောင်းကင်မှ ကျဆင်းလာပြီး မှိန်ဖျော့ဖျော့ ကမ္ဘာတစ်ခုထဲသို့ တည်ငြိမ်စွာ ဆင်းသက်လိုက်၏။ စိတ်ဝိညာဉ်စွမ်းအင်များ လွင့်ပြယ်သွားသောအခါ လူငယ်လေး တစ်ယောက်၏ ပုံရိပ် ပေါ်လာသည်။
တစ်ယောက်တည်း စွန့်စားခြင်းလော...။ သူသည် ဟွာရှာအင်ပါယာ၏ ဧကရာဇ် ဖြစ်သည်။ မည်သို့လုပ်၍ တစ်ယောက်တည်း ဖြစ်နိုင်မည်နည်း။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၉ ၊ အတွဲ ၁ ၊ အပိုင်း ၁၉၀ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team