အခန်း (၁၈၆)
Vol. 19 Ch. 186
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၉ ၊ အတွဲ ၁ ၊ အပိုင်း ၁၈၆
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ဂိုဏ်းတံခါးဝ နေရာ၌ မြေပြင်ကွဲအက်သွားပြီး ကမ္ဘာငယ်လေးတစ်ခု၏ ဝင်ပေါက် ပေါ်လာသည်လော။
လျူယွမ်က နတ်ဓားဂိုဏ်းကို ချဲ့ထွင်ပြီး ဂိုဏ်းတံခါးကို ထိုနယ်မြေ၌ တည်ဆောက်ခဲ့သည်မှာ နှစ်ပေါင်း သုံးရာကျော် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ သို့သော် ထိုနေရာ၌ ကမ္ဘာငယ်လေးတစ်ခု၏ ဝင်ပေါက် ရှိနေကြောင်း တစ်ခါမျှ မတွေ့ရှိခဲ့ဖူးပေ။
ယခု ရုတ်တရက် ကမ္ဘာငယ်လေးတစ်ခု၏ ဝင်ပေါက် ပေါ်လာသည်ဆိုတော့ မည်သို့ အံ့ဩစရာ မကောင်းဘဲ နေမည်နည်း။
လင်းချန်က အာရုံစိုက်ကာ မေးမြန်းလိုက်သည်။ "သေချာရဲ့လား။"
ထို့နောက် တိကျသော အဖြေကို ရရှိလိုက်၏။ နတ်ဓားဂိုဏ်း၏ ဂိုဏ်းတံခါးဟောင်း နေရာ၌ ထူးဆန်းသော ဖြစ်ရပ်တစ်ခု အမှန်တကယ် ဖြစ်ပေါ်နေခြင်းဖြစ်၏။
စစ်သင်္ဘောပေါ်မှ အဝေးထိန်း စောင့်ကြည့်မှု ရလဒ်များကို လင်းချန် အတော်လေး ယုံကြည်၏။ ထိန်းချုပ်ခန်းမှ ပညာရှင်များက ဤမျှ သေချာနေမှတော့ အမှားအယွင်း မရှိနိုင်ပေ။
ခေတ္တမျှ စဉ်းစားပြီးနောက် လင်းချန် ထိန်းချုပ်ခန်းမှ ပညာရှင်ကို အမိန့်ပေးလိုက်သည်။ "စစ်သင်္ဘောကို နတ်ဓားဂိုဏ်းတံခါးနားထိ တိုးသွားလိုက်။ အနီးဆုံး လုံခြုံတဲ့ အကွာအဝေးမှာ ရပ်ပြီး ဂိုဏ်းတံခါးနားက လှုပ်ရှားမှုတွေကို သေချာ စောင့်ကြည့်။ ပြီးရင် သတင်းအချက်အလက်တွေကို စုဆောင်းပြီး ကောင်းကင်လက်မှုပညာဌာနက အမတ်ချုပ်ကျူးကော့မင်ဆီ ပို့ပြီး သုံးသပ်ခိုင်းလိုက်။"
လင်းချန်၏ အမိန့်ကို ရရှိပြီးနောက် ပညာရှင်က အလျင်အမြန် နာခံလိုက်သည်။ "အမိန့်တော်အတိုင်းပါ။"
တိမ်တိုက်များကြား၌ ပုန်းခိုနေသည့် စစ်သင်္ဘောငါးစင်းသည်လည်း နတ်ဓားဂိုဏ်းတံခါး ရှိရာသို့ ဦးတည်သွားလိုက်ကြ၏။
ဘေး၌ ရပ်နေသော ဝေဝူရွှမ်က လင်းချန် ပြောသည်ကို ကြားသောအခါ စနောက်လိုက်သည်။ "အမယ်... အမတ်ချုပ်တဲ့လား... မင်းက တကယ့် ဧကရာဇ် လုပ်နေတာတော့ မဟုတ်ပါဘူးနော်။"
လင်းချန်က ရှင်းပြမနေဘဲ ဝေဝူရွှမ်ကို ကြည့်ကာ ပေါ့ပါးစွာ ရယ်မောလိုက်သည်။ "ဆရာကရော ဘယ်လိုထင်လို့လဲ။"
ဝေဝူရွှမ်က စိတ်ရှုပ်စွာဖြင့် မှတ်ချက်ပေးလိုက်သည်။ "ကောင်စုတ်လေး။"
လင်းချန်က တည်ငြိမ်စွာ ပြန်မေးလိုက်သည်။ "ဆရာ... သွေးနက်မျိုးနွယ်ရဲ့ အစီအရင် စတင်လည်ပတ်ပြီးမှ ဂိုဏ်းတံခါးနေရာ ကွဲအက်ပြီး ကမ္ဘာငယ်လေးရဲ့ ဝင်ပေါက် ပေါ်လာတာ။ တစ်ခုခု ဆက်စပ်မှု ရှိနေမလား။"
ဝေဝူရွှမ်က လင်းချန်၏ ခန့်မှန်းချက်ကို သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ "အဲဒီမျိုးနွယ်စုက နတ်ဓားဂိုဏ်းပိုင်နက်ထဲမှာ ဝှက်ထားတဲ့ ကမ္ဘာငယ်လေး ဝင်ပေါက်ကို မတော်တဆ တွေ့ရှိသွားတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ သွေးနက်မျိုးနွယ် ပြုလုပ်လိုက်တဲ့ အစီအရင်ကြောင့် ကမ္ဘာငယ်လေးရဲ့ ဝင်ပေါက် ပေါ်ထွက်လာရတယ်လို့ ငါ ပိုယုံကြည်တယ်။"
လင်းချန် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီး သူ့ဆရာကို နှစ်သိမ့်လိုက်သည်။ "ဆရာ စိတ်မပူပါနဲ့။ အသေးစိတ်ကို ကျွန်တော် ရှင်းလင်းလိုက်ပါ့မယ်။"
ဝေဝူရွှမ် ပြုံးလိုက်သည်။ "လေချန်ကို စစ်သင်္ဘော မောင်းနှင်ပုံ လေ့လာရအောင် အခန်းထဲ ခေါ်သွားတယ်လို့ ကြားတယ်... ဟုတ်လား။"
လင်းချန် ခေါင်းညိတ်ပြီး ပြန်မေးလိုက်သည်။ "ဟုတ်ပါတယ်။ ဘာလို့လဲ... ဆရာလည်း ဝင်ကြည့်ချင်လို့လား။"
"ဒါပေါ့... လေချန်ဆိုတဲ့ကောင်လေးက သူ့အဘိုး လေဟန် မေးတုန်းက သူ ဘာမြင်ခဲ့လဲဆိုတာ ဘာမှ ထုတ်မပြောဘူးလေ။ ငါလည်း သိချင်တာပေါ့။"
ထို့နောက် လင်းချန်က ကျန်နှစ်ယောက်ဘက်သို့ လှည့်ကာ မေးလိုက်သည်။ "ကောင်းပါပြီ... စီနီယာဝေနဲ့ ဂိုဏ်းချုပ်မေရော... လိုက်ကြည့်ချင်ကြလား။"
ဝေချင်းချင်းက ဂရုမစိုက်သလို ပုံစံရှိနေသော်လည်း မေယွဲ့ရှာကမူ အနည်းငယ် ဇဝေဇဝါ ဖြစ်နေကာ ပြောလိုက်သည်။ "ကျွန်မတို့ လိုက်ကြည့်လို့ ဖြစ်ပါ့မလား။ တကယ်လို့များ ကျွန်မတို့က သူလျှိုတွေ ဖြစ်နေပြီး ဒီလောက်အရေးကြီးတဲ့ အခန်းတွင်း အခြေအနေကို သိသွားရင် မကောင်းဘူး မဟုတ်လား။"
လင်းချန်က ပေါ့ပါးစွာ ရယ်မောရင်း ရှင်းပြလိုက်ပြီး ယီစင်းဘက်သို့ လှည့်ကာ လက်ကမ်းပေးလိုက်သည်။ "ခင်ဗျားတို့နှစ်ယောက်က သူလျှို ဖြစ်နိုင်ချေ မရှိဘူးလို့ မပြောလိုပေမဲ့... တကယ်လို့ သူလျှိုဖြစ်နေရင်တောင် လက်ရှိအချိန်မှာ ဘာမှ လုပ်လို့ရမှာ မဟုတ်တော့ပါဘူး။ စင်းစင်း... လာ...ကိုယ် လိုက်ပြမယ်။"
ယီစင်းက ပြုံးလိုက်ပြီး ပြောလိုက်သည်။ "အင်း။"
ထို့နောက် သူမ၏ လက်ကလေးကို ကမ်းပေးလိုက်ရာ လင်းချန်က မြဲမြံစွာ ဆုပ်ကိုင်လိုက်၏။
လင်းချန် ချဉ်းကပ်လာသောအခါ အခန်းကို ကာကွယ်ထားသော အစီအရင်သည် အလိုအလျောက် ဝင်ပေါက်ဖွင့်ပေးလိုက်သဖြင့် သူတို့ ဖြတ်သန်းသွားနိုင်လိုက်ကြသည်။
သို့သော် လှေကားမှဆင်းပြီး အခန်းထဲသို့ ဝင်ရောက်လိုက်သည်နှင့် လင်းချန်၏ နောက်မှလိုက်လာသော ဝေဝူရွှမ် ၊ ဝေချင်းချင်းနှင့် မေယွဲ့ရှာတို့အားလုံး ခြေလှမ်းများ ရပ်တန့်သွားကြပြီး ပတ်ဝန်းကျင်ကို ငေးမောကြည့်ရှုလိုက်ကြ၏။
သူတို့ ရောက်ရှိနေသည်မှာ သင်္ဘောဝမ်းဗိုက်၏ ပထမထပ်ဖြစ်ပြီး အလွန်ကျယ်ဝန်းလှကာ အပေါ်ထပ်ကုန်းပတ်ထက် အနည်းငယ်မျှသာ သေးငယ်၏။
သူတို့၏ ပတ်ဝန်းကျင်၌ မရေမတွက်နိုင်သော လူရိပ်များ ပြည့်နှက်နေပြီး အားလုံးမှာ သံချပ်ကာအပြည့် ဝတ်ဆင်ထားသော စစ်သည်များ ဖြစ်ကြသည်။ ဓားတိုကိုင်ဆောင်ထားသူ ၊ ဓားရှည်ကိုင်ဆောင်ထားသူ ၊ ဧရာမဒိုင်းကြီးကို ကိုင်ဆောင်ထားသော ခန္ဓာကိုယ် ကြီးမားသူ ၊ လေဟုန်စစ်သည် ၊ လှံရှည်နှင့် လေးကိုင်းရှည်များကို ကိုင်ဆောင်ထားသော စစ်သည်များ စသည်ဖြင့်... စစ်သည် အမျိုးအစား ခြောက်မျိုးလုံး ဤနေရာ၌ ရှိနေကြ၏။
လင်းချန် ဆင်းလာပြီးနောက် စစ်သည်အားလုံးတို့က ဒူးတစ်ဖက်ထောက်ကာ သူ့ဘက်သို့ ဦးညွှတ်လျက် နှုတ်ဆက်လိုက်ကြသည်။ "အရှင်မင်းကြီး။"
ပထမထပ် ဝမ်းဗိုက်ခန်း တစ်ခုလုံး၌ စစ်သည်များ၏ အော်ဟစ်သံများ မရပ်မနား ပဲ့တင်ထပ်သွား၏။ အစီအရင်ဖြင့်သာ အသံလုံအောင် မကာကွယ်ထားပါက ကုန်းပတ်ပေါ်ရှိ တပည့်များ လန့်ဖျပ်သွားနိုင်သည်။
မေယွဲ့ရှာမှာတော့ လင်းချန်၏ ကျောပြင်ကို ငေးကြည့်ရင်း ခြေထောက်များ ပျော့ခွေလာကာ သူမ၏ ရင်ထဲ၌ ကြီးမားသော ကြောက်ရွံ့မှုများ ပြည့်နှက်လာပြီး ရေရွတ်လိုက်သည်။ "ဒီက စစ်သည်တွေရဲ့ အရှိန်အဝါကို ကြည့်ရတာ တစ်ယောက်ချင်းစီက ကောင်းကင်နယ်ပယ် အဆင့်ကိုးမှာ ရှိနေကြတာပဲ။ ပြီးတော့ အနည်းဆုံး တစ်သိန်းလောက် ရှိမယ်။"
ဟုတ်ပေသည်။ သူမသည် ကမ်းရိုးတန်းပြည်နယ်၏ ယခင် ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းထဲမှ တစ်ခုဖြစ်သော ဓားနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်၏။ သူမသည် ကောင်းကင်နယ်ပယ်သို့ ရောက်ရှိထားသော သိုင်းဝိညာဉ်ပညာရှင်တစ်ဦးဖြစ်ပြီး အတွေ့အကြုံ များပြားကာ အလွန် တည်ငြိမ်သော တာအိုနှလုံးသားရှိသူဖြစ်သည်။
မူလက လင်းချန် သူမကို ကြီးမားသော ကြွယ်ဝချမ်းသာမှုများ ပေးအပ်ခဲ့စဉ်က အလွန်ပျော်ရွှင်ခဲ့သော်လည်း စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ပြီး တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့၏။ သို့သော် ယခုတော့ သူမ တကယ်ကို တည်ငြိမ်အောင် မနေနိုင်တော့ပေ။
ကမ်းရိုးတန်းပြည်နယ် တစ်ခုလုံး၌ ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်း ၊ ဂိုဏ်းကြီးငါးဂိုဏ်းနှင့် သူတို့လက်အောက်ခံ မြို့များမှ ကောင်းကင်နယ်ပယ် သိုင်းဝိညာဉ်ပညာရှင်များ အပါအဝင် လေလွင့် ကျင့်ကြံသူများကိုပါ ထည့်တွက်လျှင်တောင် စုစုပေါင်း လူသုံးရာကျော် ၊ အများဆုံး လူလေးရာခန့်သာ ရှိပေလိမ့်မည်။ ထို ကောင်းကင်နယ်ပယ် ပညာရှင်များထဲ၌လည်း အင်အားချင်း ကွာခြားမှုများ ရှိသေး၏။
သို့သော် ယခု သူမ၏ ရှေ့မှောက်၌ ပေါ်လာသည်မှာ အနည်းဆုံး ကောင်းကင်နယ်ပယ် အဆင့်ကိုးရှိသည့် စစ်စည်တစ်သိန်းခန့် ဖြစ်နေသည်။
ကမ်းရိုးတန်းပြည်နယ်၏ ဂိုဏ်းကြီးငါးခု၌ သေခြင်းရှင်ခြင်းနယ်ပယ် ပညာရှင် မရှိကြပေ။ လင်းချန်၌ ဂိုဏ်းကြီးငါးခုလုံးကို သူတစ်ယောက်တည်း အမြစ်ပြတ်ချေမှုန်းနိုင်သော စွမ်းအား ရှိနေပြီဖြစ်ကြောင်း မေယွဲ့ရှာ ရှင်းလင်းစွာ နားလည်လိုက်သည်။
သေခြင်းရှင်ခြင်းနယ်ပယ် ပညာရှင် ဖြစ်နေလျှင်ပင် ဤမျှ လူအင်အား အများအပြားဖြင့် တိုက်ခိုက်ခြင်းကို ခံရပါက မောပန်းနွမ်းနယ်ပြီး သေဆုံးသွားနိုင်၏။
မည်သို့ပင်ဆိုစေကာမူ သေခြင်းရှင်ခြင်းနယ်ပယ်နှင့် ကောင်းကင်နယ်ပယ်ကြား ကွာခြားချက်သည် မိုးနှင့်မြေကဲ့သို့ ဖြစ်ပြီး သေခြင်းရှင်ခြင်းနယ်ပယ်၏ အဆင့်လေးဆင့်ကြား အင်အားကွာခြားချက်သည်လည်း နက်ရှိုင်းသော ချောက်ကမ်းပါးကြီးကဲ့သို့ ကြီးမားလှသည်။
ဝေဝူရွှမ်နှင့် ဝေချင်းချင်းတို့လည်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်မျက်လုံးထဲမှ အံ့ဩမှုများကို တစ်ယောက် မြင်တွေ့လိုက်ကြ၏။
ဝေချင်းချင်းက ဝေဝူရွှမ်ကို စိတ်ချင်းဆက်သွယ်ပြီး မေးလိုက်သည်။ "မောင်လေး... နင့်တပည့်က ဘယ်လိုမျိုး အမွေအနှစ်ကို ရထားတာလဲ။"
ဝေဝူရွှမ်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းကာ ပြန်ဖြေလိုက်သည်။ "ဘယ်သူသိမှာလဲ... ငါ ဒီတပည့်နဲ့ စတွေ့တုန်းက သူက ကျင့်ကြံလို့မရတဲ့ သနားစရာ ကောင်လေးတစ်ယောက်ပါ။ အကျဉ်းထောင်ကျွန်းပေါ်က ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ သူ့ရဲ့ ကလေးဆန်မှုတွေ ပျောက်ကွယ်သွားပြီးနောက်မှာမှ စတင် သန်မာလာခဲ့တာ။"
"ဘာရှန်းမြို့ကနေ ပြန်လာပြီးနောက်ပိုင်း ဒီကောင်လေးက ခန့်မှန်းလို့ မရအောင် ဖြစ်လာတာပဲ။ ဒါပေမဲ့ သူ့ရဲ့ လျှို့ဝှက်ချက်တွေကို ငါ စူးစမ်းဖို့ အစီအစဉ် မရှိပါဘူး။ ငါသိတာက သူဟာ ငါ့ရဲ့ တပည့်ကောင်းတစ်ယောက် ဖြစ်ပြီး ငါ့အသက်ကိုတောင် ကယ်ခဲ့ဖူးတယ် ဆိုတာပဲ... အဲဒါ လုံလောက်ပါပြီ။"
ဝေချင်းချင်း ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး အဝေးမှ လူရိပ်ကို ကြည့်ကာ စိတ်သက်သာရာ ရသွားလျက် ပြောလိုက်သည်။ "သူက စင်းစင်းကို စောင့်ရှောက်ပေးနေမှတော့ ပြဿနာ ရှိမှာ မဟုတ်လောက်ပါဘူး။"
ထို့နောက် လင်းချန်က သူတို့ကို ထိန်းချုပ်ခန်းဆီသို့ ဆက်လက် ခေါ်ဆောင်သွား၏။ လက်ရှိအချိန်၌ သူတို့ လိုက်လာလျှင်လည်း ကိစ္စမရှိပါဘူးဟု အဘယ်ကြောင့် ပြောခဲ့သည်ကို မေယွဲ့ရှာ နားလည်သွားသည်။ ကောင်းကင်နယ်ပယ် အဆင့်ကိုး ပညာရှင် တစ်သိန်း စောင့်ကြပ်နေမှတော့ မည်သူကများ ပြဿနာရှာရဲမည်နည်း။
ဝမ်းဗိုက်ခန်းအောက် ဒုတိယထပ်သည် ထိန်းချုပ်ခန်းဖြစ်ပြီး ဝင်ရောက်လိုက်သည်နှင့် အတွင်းမှ မြင်ကွင်းကြောင့် သူတို့ အလွန် အံ့ဩသွားကြရ၏။ ဝေဝူရွှမ်နှင့် ဝေချင်းချင်းတို့သည်လည်း အလွန် အံ့ဩသွားကြသည်။
မူလက လင်းချန် ခန့်မှန်းခဲ့သော အံ့ဩမှုမျိုးနှင့် မတူဘဲ ယခုတစ်ကြိမ်၌ သူတို့သည် မျက်စိရှေ့မှ မြင်ကွင်းကြောင့် အမှန်တကယ် မှင်သက်သွားကြခြင်း ဖြစ်၏။
လင်းချန်သည်လည်း သူ၏ ခန့်မှန်းချက်ကို အတည်ပြုလိုက်နိုင်သည်။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၉ ၊ အတွဲ ၁ ၊ အပိုင်း ၁၈၆ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team