အခန်း (၁၈၇)
Vol. 19 Ch. 187
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၉ ၊ အတွဲ ၁ ၊ အပိုင်း ၁၈၇
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ဤကမ္ဘာကြီးအကြောင်း သူ၏နားလည်မှု နက်ရှိုင်းလာသည်နှင့်အမျှ... ဟွာရှာအင်ပါယာ၏ ဧကရာဇ် ၊ အမြင့်ဆုံး ဆုံးဖြတ်ချက်ချမှတ်သူအနေဖြင့် လင်းချန်၏ ဆန္ဒသည် အင်ပါယာ၏ အနာဂတ်လမ်းကြောင်း ဖြစ်လာ၏။
လက်ရှိအချိန်၌ လင်းချန် စဉ်းစားရမည်မှာ သူနှင့် အင်ပါယာသည် ဂိမ်းကမ္ဘာတစ်ခုနှင့် ရင်ဆိုင်နေရခြင်း မဟုတ်ဘဲ ပကတိအသက်ရှင်သန်နေသော ကမ္ဘာစစ်စစ်တစ်ခုနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
အင်ပါယာအတွင်းရှိ သက်ဆိုင်ရာအစုအဖွဲ့တိုင်းသည် စစ်မှနိသည့် အသက်ကို ရရှိထားပြီး ဖြစ်၏။
ပြင်ပကမ္ဘာမှ လူများသည်လည်း အင်ပါယာကို ကိုယ်တိုင် တွေ့ကြုံခံစားရမည်ဖြစ်ပြီး အနာဂတ်၌ အင်ပါယာပိုင်ဆိုင်သော နယ်မြေများသည် ဤကမ္ဘာတွင် သေချာပေါက် ရှိလာပေလိမ့်မည်။
အင်ပါယာသည် ဤစိတ်ဝိညာဉ်စွမ်းအင်ခေတ်သို့ ကူးပြောင်းလာသည်နှင့်အမျှ သက်ရှိအစစ်အမှန် ဖြစ်လာပြီး သိုင်းဝိညာဉ်များကို ပိုင်ဆိုင်လာကာ မူလလက်နက်များနှင့် စိတ်ဝိညာဉ်ပစ္စည်းများကို ဖန်တီး၍ စစ်တပ်ကို အဆင့်မြှင့်တင်လာခဲ့သည်။
သို့သော် အင်ပါယာ၌လည်း ထူးခြားသည့် ကဏ္ဍများ ရှိနေ၏။ မတူညီသော ကျင့်ကြံခြင်း ယဉ်ကျေးမှုများ ထိပ်တိုက်တွေ့သောအခါ မည်သည့် ယဉ်ကျေးမှုက လွှမ်းမိုးသင့်သည်ကို ဆုံးဖြတ်ရန် လိုအပ်လာသည်။
လင်းချန်၏ ဆုံးဖြတ်ချက်မှာ အသန်မာဆုံးက အသက်ရှင်ကျန်ရစ်ခြင်း ဖြစ်၏။
သို့သော် သူနေထိုင်သော ကမ်းရိုးတန်းပြည်နယ်သည် ဝေးလံခေါင်ဖျားပြီး အရေးမပါသော နေရာတစ်ခုအဖြစ်သာ သတ်မှတ်နိုင်၏။ ဤနေရာ၌ တွေ့ရသော ကျင့်ကြံခြင်း အဆင့်အတန်းယဉ်ကျေးမှုများသည် အထွတ်အထိပ် အင်ပါယာနှင့် နှိုင်းယှဉ်၍ မရနိုင်သလို ကိုးကားစရာလည်း မဖြစ်နိုင်ပေ။
လင်းချန်၏ မျက်လုံးထဲ၌ သူ့ဆရာ ဝေဝူရွှမ်သည်သာ ကိုးကားစရာဖြစ်၏။
ကမ်းရိုးတန်းပြည်နယ် ပြင်ပရှိ ထိပ်တန်းအင်အားစုများ၌ တိမ်တိုက်လှေ အဆင့်ရှိသည့် စစ်သင်္ဘောများ ပိုင်ဆိုင်ကြောင်း ဝေဝူရွှမ် သိထားသည်။
ဤစစ်သင်္ဘောများကို မြင်တွေ့သောအခါ အစပိုင်း၌ မအံ့ဩခဲ့သည့်အချက်ကို ကြည့်ခြင်းအားဖြင့် ဆရာဖြစ်သူသည် အလင်းနှင့်အရိပ် သလင်းကျောက်များထဲ၌သာ တိမ်တိုက်လှေများကို မြင်ဖူးခဲ့ခြင်း မဟုတ်ကြောင်း လင်းချန် နားလည်လိုက်၏။
သို့သော် စစ်သင်္ဘောများ၏ အတွင်းပိုင်း ဖွဲ့စည်းပုံကို မြင်သောအခါ အံ့ဩသွားသည်ကို ကြည့်ပြီး လင်းချန် ခန့်မှန်းလိုက်သည်မှာ... ဤစစ်သင်္ဘောများ၏ ဖွဲ့စည်းပုံသည် သူ့ ဆရာ မြင်ဖူးသော တူညီသည့် အဆင့်အတန်းရှိ တိမ်တိုက်လှေများထက် ပိုမို ခေတ်မီဆန်းပြားနေခြင်းကြောင့် ဖြစ်ရမည်။
ထို့အပြင် အစပိုင်း၌ ဂရုမစိုက်သည့် ပုံစံကို ထောက်ရှုလျှင် ဤကမ္ဘာ၌ ပိုမို အဆင့်မြင့်သော စစ်သင်္ဘောများ ရှိနေနိုင်ခြေ များနေ၏။
လင်းချန် လက်ရှိ ထုတ်သုံးထားသော စစ်သင်္ဘောသည် အင်ပါယာ၏ အနိမ့်ဆုံးအဆင့် စစ်သင်္ဘောသာ ဖြစ်ပြီး အရည်အသွေး အကောင်းဆုံး မဟုတ်သေးပေ။
ဤကမ္ဘာ၏ တိမ်တိုက်လှေများနှင့် သူ၏ စစ်သင်္ဘောများသည် ယှဉ်ပြိုင်နိုင်လာသည့်အခါ အင်ပါယာသည် သေချာပေါက် အောင်နိုင်သူ ဖြစ်လာရမည်။
ထို့ကြောင့် အင်ပါယာ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုများသည် မူလကျင့်ကြံခြင်း ယဉ်ကျေးမှုကို အခြေခံပြီး ဤကမ္ဘာ၏ ကျင့်ကြံခြင်း ယဉ်ကျေးမှု လက္ခဏာရပ်များကို စုပ်ယူကာ ဖြည့်စွက် အားဖြည့်သွားမည်ဟု လင်းချန် စိတ်ထဲ၌ ဆုံးဖြတ်လိုက်၏။
လင်းချန် ရေရွတ်လိုက်သည်။ "တကယ့်ကို အထင်ကြီးစရာပဲ။"
သူ ထိန်းချုပ်ခန်းထဲ၌ ခေါက်တုံ့ခေါက်ပြန် လျှောက်သွားရင်း အရာအားလုံးကို စူးစမ်းလိုစိတ်ဖြင့် လေ့လာကြည့်ရှုနေ၏။
လင်းချန် ရောက်လာသောအခါ ထိန်းချုပ်ခန်းထဲရှိ ပညာရှင်များအားလုံး ဦးညွှတ်နှုတ်ဆက်လိုက်ကြပြီးနောက် စစ်သင်္ဘောကို ဆက်လက် ထိန်းချုပ်နေကြသည်။
ထိန်းချုပ်ခန်း၏ မျက်နှာကြက်၌ ဖလိုရိုက်သတ္တုရိုင်းများကို မြှုပ်နှံထားပြီး ရုန်းစာလုံးများဖြင့် အားဖြည့်ထားသော အစီအရင်များကို ရေးထိုးထားကာ အလင်းရောင်ကို ပိုမိုအားကောင်းစေပြီး ကျယ်ဝန်းသော အခန်းတစ်ခုလုံးကို လင်းထိန်နေစေ၏။
အရွယ်အစား အမျိုးမျိုးရှိသော နည်းဗျူဟာမှန်ပြင်များပေါ်၌ ပုံရိပ်အမျိုးမျိုး ပေါ်ထွက်နေပြီး ရုန်းစာလုံးများဖြင့် ဖွဲ့စည်းထားသော အချက်အလက်များသည် အဆက်မပြတ် ပြောင်းလဲနေသည်။
ယီစင်းသည် စတုရန်းပုံ နည်းဗျူဟာမှန်ပြင်တစ်ခုမှတစ်ဆင့် ဝမ်းဗိုက်ခန်း တတိယထပ်၌ ယခင်က စစ်သင်္ဘောအပြင်ဘက်တွင် မြင်တွေ့ခဲ့ရသော ကြီးမားသည့် အမြောက်များကို သတိထားမိလိုက်၏။
လက်ရှိအချိန်၌ ထိုစိတ်ဝိညာဉ်စွမ်းအင် အမြောက်များသည် တတိယထပ်တွင် အေးစက်စွာ တည်ရှိနေကြသည်။
ယီစင်းက လင်းချန်ဘေးသို့ ပြန်လာပြီး စူးစမ်းလိုစိတ်ကို ဖုံးကွယ်မထားနိုင်ဘဲ မေးလိုက်သည်။ "ထူးဆန်းလိုက်တာ... ဘာလို့ တချို့မှန်တွေက အဝိုင်းဖြစ်နေပြီး တချို့ကျတော့ ထောင့်မှန်စတုဂံပုံ ဖြစ်နေရတာလဲ။"
လင်းချန်က ရှင်းပြလိုက်၏။ "ဒါတွေက ရိုးရိုးမှန်တွေ မဟုတ်ဘူး။ နည်းဗျူဟာမှန်ပြင်တွေပဲ။ စစ်သင်္ဘောပေါ်မှာ တပ်ဆင်ထားတဲ့ အစီအရင်တွေက စစ်သင်္ဘောရဲ့ အခြေအနေအမျိုးမျိုးကို အဆက်မပြတ် စောင့်ကြည့်ပြီး အချက်အလက်တွေကို အစီအရင်ရဲ့ ဗဟိုချက်မှာ သိမ်းဆည်းထားတယ်။"
"ပညာရှင်တွေက အချက်အလက်တွေအပေါ် မူတည်ပြီး စစ်သင်္ဘောရဲ့ အခြေအနေကို စောင့်ကြည့်ပြီးတော့ ထိန်းချုပ်မှုတွေကို လိုအပ်သလို ညှိနှိုင်းကြတယ်။ ခန့်မှန်းလို့ မရနိုင်တဲ့ အချက်တွေ အများကြီး ရှိတာကိုး။ ဒီလိုစစ်သင်္ဘောတွေက အမြဲတမ်း မျှခြေအခြေအနေကို ထိန်းသိမ်းထားရမယ်။ မဟုတ်ရင် သက်တမ်းနဲ့ တိုက်ပွဲဝင်စွမ်းရည်ကို ထိခိုက်စေလိမ့်မယ်။ နည်းဗျူဟာမှန်ပြင်တချို့က အဝိုင်းဖြစ်ပြီး တချို့က စတုရန်းဖြစ်နေရတဲ့ အကြောင်းရင်းကတော့... အဝိုင်းတွေက နည်းဗျူဟာမှန်ပြင် ပုံစံအဟောင်းတွေ ဖြစ်ပြီး စတုရန်းပုံတွေက အသစ် ပြန်လည်သန့်စင်ထားတဲ့ ဟာတွေမို့လို့ပဲ။"
ယခင်ဘဝ ဂိမ်းကမ္ဘာ၌ နည်းဗျူဟာမှန်ပြင်သည် ပညာရှင်များက အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာပြီး ဂိမ်းအင်ပါယာ၏ နည်းပညာအဆင့်ကို မြှင့်တင်နေသယောင် ထင်ရစေသည့် အလှဆင်ပစ္စည်း သက်သက်သာ ဖြစ်၏။
ထို့ကြောင့် ယခင်ဘဝက ကစားသမားတစ်ယောက်အနေဖြင့် လင်းချန်သည် နည်းဗျူဟာမှန်ပြင်ကဲ့သို့ အရာများကို ပြောင်းလဲရန် နည်းလမ်းမရှိခဲ့ပေ။
သို့သော် လက်ရှိအချိန်၌ ကွာခြားသွားပြီ ဖြစ်သည်။ နည်းဗျူဟာမှန်ပြင်များသည် အစစ်အမှန် မျက်နှာပြင်များ ဖြစ်လာ၏။
အဝိုင်းပုံများသည် အလွန် အဆင်မပြေသောကြောင့် အကြွင်းမဲ့ အာဏာရှင်ဖြစ်သည့် လင်းချန်က စတုရန်းပုံသို့ ပြောင်းလဲရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။
လက်နက်သွန်းလုပ်ရေးအတွက် တာဝန်ရှိသော မီးသွန်းဌာနသည် တာဝန်များပြားသောကြောင့် နည်းဗျူဟာမှန်ပြင်များကို အလုံးစုံ ပြုပြင်ပြောင်းလဲမှု မပြီးပြတ်သေးဘဲ အဟောင်းနှင့် အသစ် ရောနှော အသုံးပြုနေရခြင်း ဖြစ်၏။
ဝေဝူရွှမ်က တတိယထပ်ကို ပြသနေသော နည်းဗျူဟာမှန်ပြင်တစ်ခုကို ညွှန်ပြပြီး မေးလိုက်သည်။ "ဒါဆိုရင် အောက်ဘက် တတိယထပ်က စိတ်ဝိညာဉ်စွမ်းအင်အမြောက် ဆိုတဲ့ ထူးဆန်းတဲ့ စိတ်ဝိညာဉ်ပစ္စည်းက ဘယ်လို အလုပ်လုပ်သလဲ။"
ဆရာဖြစ်သူ၏ မေးခွန်းကို ကြားသောအခါ လင်းချန် အံ့ဩသွားပြီး မေးလိုက်၏။ "ဘာလဲ... ဆရာ ဆိုလိုတာက ကမ်းရိုးတန်းပြည်နယ် ပြင်ပက တိမ်တိုက်လှေတွေမှာ ဒီလိုမျိုး အဝေးပစ် တိုက်ခိုက်နိုင်တဲ့ စိတ်ဝိညာဉ်ပစ္စည်း အကြီးစားတွေ မပါဘူးလို့ ပြောချင်တာလား။"
ဝေဝူရွှမ်က ခေါင်းခါပြီး ရှင်းပြလိုက်သည်။ "တိမ်တိုက်လှေတွေက ဒီစစ်သင်္ဘောနဲ့ အရွယ်အစားတူရင်တောင် လူသယ်ယူပို့ဆောင်ဖို့ပဲ သုံးတာ။ တိုက်ပွဲမှာဆိုရင် သင်္ဘောပေါ်ပါလာတဲ့ သိုင်းဝိညာဉ်ပညာရှင်တွေကပဲ တိုက်ခိုက်ကြတာ။ တိမ်တိုက်လှေတွေမှာ တခြား တိုက်ခိုက်နိုင်တဲ့ နည်းလမ်း မရှိဘူး။ ဒါကြောင့်မို့လို့ တိမ်တိုက်လှေလို့ ခေါ်တာပေါ့။ မင်း ခေါ်သလို စစ်သင်္ဘော မဟုတ်ဘူး။"
ဤတစ်ကြိမ်၌ လင်းချန် အံ့ဩရမည့်အလှည့် ဖြစ်သွား၏။
ယခင်ဘဝ ဂိမ်းကမ္ဘာ၌ စိတ်ဝိညာဉ်စွမ်းအင် အမြောက်ကို စွမ်းအင်အမြောက် ဟု ခေါ်ပြီး အလင်းတန်းပုံစံဖြင့် စွမ်းအင်များ ပစ်လွှတ်ကာ တိုက်ခိုက်သည်။
စိတ်ကူးယဉ်ဆန်သော အရောင်အသွေးများ ပါဝင်သည့် အပူလှိုင်းလက်နက် တစ်မျိုးဖြစ်၏။ ဤကမ္ဘာ၌ အမြောက်များပင် မရှိကြောင်း သူ တကယ် မထင်ထားခဲ့ပေ။
လင်းချန်က ရှင်းပြလိုက်သည်။ "စိတ်ဝိညာဉ်စွမ်းအင် အမြောက်ကို ထိန်းချုပ်ခန်းကနေ ထိန်းချုပ်ပြီး ပစ်ခတ်တာပါ။ ပေါက်ကွဲမှုရဲ့ စွမ်းအားက ကောင်းကင်နယ်ပယ် ၊ ကောင်းကင် ပျံလွှားအဆင့် သိုင်းဝိညာဉ်ပညာရှင်တစ်ယောက်ရဲ့ အစွမ်းကုန် တိုက်ခိုက်မှုနဲ့ ညီမျှပါတယ်။"
"ဒါပေမဲ့ တိုက်ခိုက်မှုတိုင်းက စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းဖို့ လိုအပ်ပြီး တစ်ချက်နဲ့တစ်ချက်ကြားမှာ အသက်ရှူချိန် ၁၀ ချက်လောက် ကြာပါတယ်။ ဒီစစ်သင်္ဘောပေါ်မှာ စုစုပေါင်း စိတ်ဝိညာဉ်စွမ်းအင် အမြောက် ၂၆၀၀ ရှိပါတယ်။"
ရှင်းပြချက်ကို ကြားပြီးနောက် ဝေဝူရွှမ်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး ခဏအကြာ၌ ရေရွတ်လိုက်၏။ "ဒီစစ်သင်္ဘောတွေက တိုက်ခိုက်ဖို့ သက်သက် ဖန်တီးထားတဲ့ ဘီလူးကောင်ကြီးတွေ ဖြစ်နေတာ မဆန်းပါဘူး။"
ထိန်းချုပ်ခန်းသို့ ရောက်လာပြီးနောက် ဝေဝူရွှမ် အမှန်တကယ် ထိတ်လန့်သွားရသည်။ ဝေချင်းချင်းသည်လည်း ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား ကြည့်ရှုနေပြီးနောက် လင်းချန်သည် မည်သို့သော ထူးခြားသူဖြစ်ကြောင်း သိမြင်ရန် ကြိုးစားနေသကဲ့သို့ စူးစိုက်ကြည့်နေ၏။
ထိုအချိန်၌ ထိန်းချုပ်ခန်းကို တာဝန်ယူထားသည့် ပညာရှင်တစ်ဦးက လင်းချန်ထံ လာရောက် သတင်းပို့လိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်တို့ အခု အနီးဆုံး လုံခြုံစိတ်ချရတဲ့ အကွာအဝေးကို ရောက်နေပါပြီ။"
လင်းချန် ခေါင်းညိတ်ပြီး အမိန့်ပေးလိုက်၏။ "နတ်ဓားဂိုဏ်းရဲ့ လက်ရှိအခြေအနေကို ပုံဖော်ပြလိုက်။"
ပညာရှင်က အလျင်အမြန် နာခံလိုက်သည်။ "အမိန့်တော်အတိုင်းပါ။"
ထို့နောက် စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ ထောင့်မှန်စတုဂံပုံ နည်းဗျူဟာမှန်ပြင်တစ်ခုကို လင်းချန်နှင့် အခြားသူများ၏ ရှေ့၌ ထုတ်ဖော် ပြသလိုက်၏။
ထိုအချိန်၌ မှန်ပြင်ပေါ်တွင် ရှင်းလင်းသော မြင်ကွင်းတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။
နတ်ဓားဂိုဏ်း၏ လက်ရှိရှုခင်း အပြည့်အဝ ပေါ်လာသောအခါ ယီစင်းက မှန်ပြင်ပေါ်ရှိ ပုံရိပ်တစ်ခုကို ရုတ်တရက် ညွှန်ပြလျက် မေးလိုက်၏။ "ချန်လေး... အဲဒါ ဘာကြီးလဲ။"
လက်ညှိုးညွှန်ရာသို့ လိုက်ကြည့်လိုက်သောအခါ လင်းချန်၏ မျက်နှာထား ပြောင်းလဲသွားရသည်။
လင်းချန်က အလျင်အမြန် အမိန့်ပေးလိုက်၏။ "မြန်မြန်... ပုံကြီးချဲ့လိုက်။"
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၉ ၊ အတွဲ ၁ ၊ အပိုင်း ၁၈၇ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team