← Chapters

အခန်း (၁၈၈)

Vol. 19 Ch. 188

အခန်း (၁၈၈)

Vol. 19 Ch. 188

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၉ ၊ အတွဲ ၁ ၊ အပိုင်း ၁၈၈

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ထိုအချိန်၌ ထောင့်မှန်စတုဂံပုံ နည်းဗျူဟာမှန်ပြင်ပေါ်၌ နတ်ဓားဂိုဏ်းတံခါးဝ၏ လက်ရှိအခြေအနေကို ပြသနေသည်။

ဆက်စပ်နေသည့် တောင်တန်းများနှင့်တကွ မူလက သာယာလှပခဲ့သော ဂိုဏ်းတံခါးဝသည် ယခုအခါ မြက်တစ်ပင်မျှ မပေါက်သည့် တောရိုင်းမြေကြီး ဖြစ်သွားလေပြီ။ အရာအားလုံးသည် သွေးအရှိန်အဝါများ လွှမ်းခြုံထားသည့် ကြက်သွေးရောင် မြေရိုင်းကြီးအဖြစ် ပြောင်းလဲသွား၏။

တစ်ချိန်က ဂိုဏ်း၏ ထူထပ်သည့် သစ်တောများသည် ယခုအခါ ခြောက်သွေ့ညှိုးနွမ်းနေသော သစ်ပင်တန်းများ ဖြစ်ကုန်ကြပြီး မြေကြီးမှာလည်း အက်ကွဲခြောက်သွေ့နေသည်။ ဤနေရာသည် အမှန်တကယ်ပင် သေခြင်းနယ်မြေတစ်ခု ဖြစ်နေ၏။

သေခြင်းနယ်မြေ...။

ဂိုဏ်း၏ လက်ရှိအခြေအနေက လင်းချန်အတွက် အလွန်ရင်းနှီးနေသည်။ ရှေးဟောင်းအမွေအနှစ်နယ်မြေ ကမ္ဘာငယ်လေးထဲရှိ သေခြင်းနယ်မြေနှင့် ထပ်တူနီးပါး တူညီနေသည် မဟုတ်လော။

တစ်ခုတည်းသော ကွာခြားချက်မှာ ယခုအခါ ဂိုဏ်းတံခါးဝကို ပါးလွှာသည့် သွေးအရှိန်အဝါများက လွှမ်းခြုံထားခြင်း ဖြစ်၏။

တစ်ချိန်တည်းမှာပင် ဂိုဏ်း၏ အလယ်ဗဟိုတည့်တည့်၌ ကြီးမားသည့် အက်ကွဲကြောင်းကြီးတစ်ခု ပွင့်နေပြီး အတွင်းမှ ဝါးတားတား အလင်းရောင်တစ်ခု ပျံဝဲနေကာ ပတ်ဝန်းကျင်ရှိ သွေးအရှိန်အဝါများကို မရပ်မနား စုပ်ယူနေသည်။

ထိုအလင်းရောင်၏ ဘေး၌ ယခင်က ယီစင်း ထောက်ပြခဲ့သည့် ထူးခြားသော ဖြစ်တည်မှုတစ်ခုဖြစ်သည့် ပုံရိပ်သေးသေးလေးတစ်ခု ပျံဝဲနေ၏။

လင်းချန်၏ အမိန့်ကို ရရှိပြီးနောက် ထိန်းချုပ်ခန်းထဲရှိ ပညာရှင်များက စောင့်ကြည့်မှုကို အရှိန်မြှင့်တင်လိုက်ကြပြီး တစ်ဖက်မှ မြင်ကွင်းကို အနီးကပ်ပုံကြီးချဲ့ကာ နည်းဗျူဟာမှန်ပြင်ပေါ်၌ ဖော်ပြလိုက်ကြသည်။

ထိုအချိန်၌ လင်းချန်နှင့် အခြားသူများက ထိုအလင်းရောင်ဘေး၌ မည်သည့်အရာ ရှိနေသည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။

ထိုသူ၏ ရုပ်ဆင်းသွင်ပြင်ကို မြင်လိုက်ရသည့်အခါ လင်းချန်နှင့် ယီစင်း နှစ်ယောက်စလုံး အံ့ဩသွားကြသည်။ "ဘာ..."

ဝေဝူရွှမ်က ပြုံးလိုက်၏။ "မျိုးနွယ်ခြား ဂြိုဟ်သားတစ်ယောက်ကို ပထမဆုံး မြင်ဖူးတာဆိုတော့ မင်းတို့ အံ့သြသွားတာ ပုံမှန်ပါပဲ။"

ထို့နောက် နည်းဗျူဟာမှန်ပြင်ပေါ်မှ ပုံရိပ်ကို စိုက်ကြည့်လိုက်သည်။ "ဒါက သွေးနက်မျိုးနွယ်ပဲ... သူတို့ရုပ်က ဒီလိုပါပဲ။"

အစီအရင်ဖြင့် သန့်စင်လိုက်သည့် ဂိုဏ်း၏ ပုံစံသည် အဘယ်ကြောင့် သေခြင်းနယ်မြေနှင့် ထပ်တူနီးပါး တူညီနေရသလဲဆိုသည်ကို လင်းချန် နားလည်သွားပြီး ရေရွတ်လိုက်၏။ "သွေးနက်မျိုးနွယ်... သွေးနက်မျိုးနွယ် ဖြစ်နေတာကိုး..."

ခေါင်းပေါ်၌ ဂျိုနှစ်ချောင်းပါပြီး ခန္ဓာကိုယ်တစ်ခုလုံး ခရမ်းရောင် ဖြစ်နေသည့် မျိုးနွယ်ခြား နန်ရှင်းဆိုသောကောင်သည် သွေးနက်မျိုးနွယ်ဝင် ဖြစ်နေသည်ကိုး။

အလင်းရောင်ဘေး၌ ပျံဝဲနေသည့် သွေးနက်မျိုးနွယ်ဝင်သည် ရှေးဟောင်းအမွေအနှစ်နယ်မြေ၌ သူတို့ တွေ့ဆုံဖူးသော နန်ရှင်းနှင့် အလွန် တူညီနေ၏။ သူတို့၌ တူညီသည့် ခရမ်းရောင် အသားအရေနှင့် ခန္ဓာကိုယ်ပေါ်၌ ထူးဆန်းသော အမှတ်အသားများ ရှိကြသည်။ သို့သော် ကွာခြားချက်တစ်ခုတော့ ရှိသေး၏။ ယခု မှန်ပြင်ပေါ်၌ မြင်တွေ့ရသည့် ထိုသူ၏ ခေါင်းပေါ်၌ ဂျိုနှစ်ချောင်း မပါရှိပေ။

လင်းချန်က မေးလိုက်သည်။ "ဆရာ... သွေးနက်မျိုးနွယ်ဝင်တွေ အားလုံးက ဒီလိုပုံစံပဲလား။ ဒါမှမဟုတ် ကြီးပြင်းလာရင် ကွာခြားသွားတဲ့ အထူးဖြစ်တည်မှုတွေ ရှိနေတာလား။ ကျွန်တော်ပဲ မှားနေတာလား။ တကယ်တမ်းကျတော့ ရုပ်ချင်းဆင်တူတဲ့ မျိုးစိတ်နှစ်ခု ဖြစ်နေတာများလား။"

ထိုမေးခွန်းကို ဝေဝူရွှမ်က ပြုံးပြီး ခေါင်းခါပြလိုက်၏။

ထို့နောက် ရုတ်တရက် ထပ်ပြောလိုက်သည်။ "ဒါပေမဲ့ ကွာခြားချက်တွေအကြောင်း ပြောမယ်ဆိုရင်တော့ တကယ်ပဲ ရှိပုံရတယ်။ ဒဏ္ဍာရီတွေအရတော့ လက်ရှိ သွေးနက်မျိုးနွယ်တွေ အားလုံးက သာမန် မျိုးနွယ်စုဝင်တွေပဲ။ သူတို့ထဲက တကယ့် မင်းမျိုးမင်းနွယ်တွေက ခေါင်းပေါ်မှာ ဂျိုတစ်ချောင်း ပါတယ်တဲ့။"

ဝေဝူရွှမ်က တွေးတောလိုက်၏။ "ငါ မှတ်မိသလောက်ဆိုရင် တော်ဝင်မိသားစုဝင်တွေက ဂျိုနှစ်ချောင်း ပါရမယ်။ အဲဒီခေတ်တုန်းက သူတို့တွေက အရမ်းကို ကြောက်စရာ ကောင်းခဲ့တာ။"

"ကံမကောင်းစွာနဲ့ပဲ... ဒဏ္ဍာရီလာ တော်ဝင်မျိုးနွယ်ဝင်တွေကို မပြောနဲ့ဦး... ဂျိုတစ်ချောင်းပါတဲ့ မင်းမျိုးမင်းနွယ်တွေတောင် မျိုးသုဉ်းသွားကြပြီ။ မဟုတ်ရင် သူတို့က နေရာတိုင်းမှာ အနှိမ်ခံရပြီး သင်္ချိုင်းဖောက်ထွင်းသူတွေ အဖြစ် လျှောကျသွားမှာ မဟုတ်ဘူး။"

ဆရာဖြစ်သူ၏ စကားကို နားထောင်ပြီးနောက် လင်းချန်နှင့် ယီစင်းတို့ တစ်ယောက်ကိုတစ်ယောက် အံ့သြတကြီး ကြည့်လိုက်မိကြသည်။ ရှင်းနေသည်မှာ ရှေးဟောင်းအမွေအနှစ်နယ်မြေ၌ သူတို့ တွေ့ဆုံခဲ့သည့် နန်ရှန်းသည် သွေးနက်မျိုးနွယ်၏ တော်ဝင်သွေးသား ဆက်ခံသူ ဖြစ်နေ၏။

ထို့အပြင် နန်ရှန်း ထိန်းချုပ်ခဲ့သည့် သတ္တဝါများသည် သွေးအလောင်းကောင်များ မဟုတ်ဘဲ ဖုတ်ကောင်များသာ ဖြစ်ကြသည်။

နှိုင်းယှဉ်ကြည့်လျှင် ဖုတ်ကောင်များသည် သွေးအလောင်းကောင်များထက် ပိုမို စွမ်းအားကြီးသည်ဟု လင်းချန် ယုံကြည်၏။ ဖုတ်ကောင်များထံမှ ထွက်ပေါ်လာသည့် အရှိန်အဝါ၌ သက်ရှိစွမ်းအားနှင့် သေခြင်းအရှိန်အဝါ နှစ်မျိုးလုံး ပါဝင်နေပြီး သူတို့၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ သွေးအလောင်းကောင်များထက် များစွာ သာလွန်ကြောင်း သူ မှတ်မိနေသည်။

ထိုဖုတ်ကောင် အများစုသည် တန်ယွမ်ဂိုဏ်းမှ အလုပ်ကြမ်းသမား တပည့်များကို သန့်စင်ပြုလုပ်ထားခြင်း ဖြစ်ကြောင်း သိထားရ၏။

တန်ယွမ်ဂိုဏ်း၏ အလုပ်ကြမ်းသမား တပည့်များသည် နတ်ဓားဂိုဏ်း၏ နေယွမ်နယ်ပယ်အဆင့်ရှိသည့် အပြင်စည်းတပည့်များနှင့်သာ ယှဉ်နိုင်သော်လည်း ဖုတ်ကောင်အဖြစ် သန့်စင်ခံလိုက်ရသည့်အခါ သူတို့၏ အင်အားသည် နိဗ္ဗာန်နယ်ပယ်အဆင့်နှင့်ပင် ယှဉ်နိုင်လာကြသည်။

ထိုအချက်များကို ပြန်စဉ်းစားမိရင်း လင်းချန် တိတ်တဆိတ် ရေရွတ်လိုက်၏။ "သွေးနက်မျိုးနွယ်ရဲ့ တော်ဝင်မိသားစုက သာမန်မျိုးနွယ်တွေထက် တကယ်ပဲ ပိုပြီး ကြောက်စရာကောင်းတာပဲ။"

စဉ်းစားပြီးနောက် လင်းချန်က နည်းဗျူဟာမှန်ပြင်ဆီသို့ အကြည့်ပြန်လွှဲလိုက်ပြီး ထိုဂြိုဟ်သားက ယခု ဘာလုပ်ဖို့ ကြိုးစားနေသလဲဆိုသည်ကို သိချင်လာသည်။

တစ်ဝက်တစ်ပျက် ပျက်စီးနေသည့် ဂိုဏ်းတံခါးဝ အထက်၌ ပျံဝဲနေသော တောက်ပသည့် အလင်းရောင်သည် လင်းချန်နှင့် အလွန် ရင်းနှီးသည့် အရာဖြစ်၏။ ထိုအလင်းရောင်သည် ရှေးဟောင်းအမွေအနှစ်နယ်မြေထဲသို့ ဝင်ရောက်သည့် ကမ္ဘာ့ဝင်ပေါက်၏ အလင်းရောင်နှင့် ထပ်တူနီးပါး တူညီနေသည်။

ယခုအခါ ထိုအလင်းရောင်အစုအဝေးသည် ကျုံ့လိုက်ကျယ်လိုက် ဖြစ်နေပြီး ပတ်ဝန်းကျင်မှ သွေးအရှိန်အဝါများကို အသက်ရှူနေသကဲ့သို့ အဆက်မပြတ် စုပ်ယူကာ ပေါင်းစည်းနေ၏။

သွေးအရှိန်အဝါများ အဆက်မပြတ် ဝင်ရောက်လာသည်နှင့်အမျှ မူလက ပြင်းထန်စွာ တုန်ခါနေသည့် အလင်းရောင်သည် တဖြည်းဖြည်း ပိုမို တည်ငြိမ်လာသည်။ တစ်ချိန်တည်းမှာပင် အလင်းအစုအဝေး တဖြည်းဖြည်း တည်ငြိမ်လာသည်နှင့်အမျှ ဂိုဏ်းအထက်၌ ပျံ့နှံ့နေသည့် သွေးအရှိန်အဝါများကို စုပ်ယူသောနှုန်းသည် စတင် နှေးကွေးလာပြီး နောက်ဆုံး၌ ရပ်တန့်သွားတော့၏။

နည်းဗျူဟာမှန်ပြင်ပေါ်၌ ပေါ်နေသည့် အခြေအနေကို ကြည့်ပြီး ဝေဝူရွှမ်က ထင်ကြေးပေးလိုက်သည်။ "ကြည့်ရတာ... ဂိုဏ်းအောက်က ကမ္ဘာငယ်လေးအကြောင်းကို သူ သိပြီးသား ဖြစ်ပုံရတယ်။ အစီအရင်ကို ပြန်လည်ပုံဖော်တာက ဒီကမ္ဘာငယ်လေးကို ဖွင့်ဖို့အတွက်ပဲ။ ရှင်းနေတာက... ဝင်ပေါက်ကို တည်ငြိမ်စေဖို့ သက်ရှိတွေရဲ့ သွေးအနှစ်သာရ လိုအပ်တယ်။ ဒါမှ ကမ္ဘာ့ဝင်ပေါက်ကနေ အတွင်းထဲကို ဝင်လို့ရမှာ။"

"ဒါ့အပြင် သူ့မှာ တခြား အကြံအစည်တွေ ရှိနေသေးတယ်။ မှန်ပြင်က ပြနေတဲ့ မြင်ကွင်းအရဆိုရင် ကမ္ဘာငယ်လေးကို ဖွင့်ဖို့ လိုအပ်တဲ့ သွေးအရှိန်အဝါက သိပ်မများဘူး။ ကျန်တဲ့ အများစုကို သူက ကိုယ်တိုင် စုပ်ယူချင်နေတာ။"

ထို့နောက် ဆက်ပြောလိုက်၏။ "မင်းရဲ့ စစ်သင်္ဘောသာ မရှိရင် နတ်ဓားဂိုဏ်းသားအားလုံး သွေးသားအနှစ်သာရအဖြစ် သန့်စင်ခံလိုက်ရလောက်ပြီ။ အဲဒီ သွေးသား အနှစ်သာရတွေနဲ့ဆိုရင် သူ့ရဲ့ အင်အားက သိသိသာသာ တိုးတက်လာနိုင်တယ်။ ကံကောင်းလို့ သူ့အကြံအစည် မအောင်မြင်ခဲ့တာ။ မဟုတ်ရင် အခုဆို သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အများကြီး တိုးတက်နေလောက်ပြီ။"

လင်းချန် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီး ပညာရှင်ဘက်သို့ လှည့်မေးလိုက်သည်။ "သူ့ရဲ့ ကျင့်ကြံခြင်းနယ်ပယ်ကို အတိအကျ သိနိုင်မလား။"

ပညာရှင်က လေးစားစွာ ဦးညွှတ်လိုက်၏။ "အရှင်မင်းကြီး... သူ့ရဲ့ ကျင့်ကြံခြင်းနယ်ပယ်က သေခြင်းရှင်ခြင်းနယ်ပယ် ၊ နှလုံးသားနယ်ပယ် အဆင့်မှာ ရှိပါတယ်။ ဆရာသခင်ဝေဝူရွှမ်နဲ့ အတူတူပါပဲ။ ဒါပေမဲ့ သူက ဒဏ်ရာအပြင်းအထန် ရထားပြီး အစောက သွေးအနှစ်သာရတွေကို စုပ်ယူပြီးမှ စိတ်ဝိညာဉ်နယ်ပယ် အဆင့်ကို ပြန်ရောက်လာတာပါ။ ကျွန်တော်တို့ရဲ့ ခန့်မှန်းချက်အရ သူက နှလုံးသားနယ်ပယ် အဆင့်ရဲ့ စွမ်းအားကို ထုတ်သုံးနိုင်တဲ့ နည်းလမ်း ရှိနေပါတယ်။ ကန့်သတ်ချက်တွေတော့ ရှိပါလိမ့်မယ်။"

သတင်းပို့ချက်ကို ကြားပြီးနောက် လင်းချန် မျက်မှောင်ကြုတ်လိုက်ပြီး နည်းဗျူဟာမှန်ပြင်ပေါ်၌ ပေါ်နေသည့် သွေးနက်မျိုးနွယ်ဝင်ကို စိုက်ကြည့်လိုက်သည်။ ရန်သူ၏ အင်အားက မျှော်လင့်ထားသည်ထက် ကျော်လွန်နေ၏။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၉ ၊ အတွဲ ၁ ၊ အပိုင်း ၁၈၈ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

All Chapters