← Chapters

အခန်း (၁၈၉)

Vol. 19 Ch. 189

အခန်း (၁၈၉)

Vol. 19 Ch. 189

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၉ ၊ အတွဲ ၁ ၊ အပိုင်း ၁၈၉

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

လက်ရှိအချိန်၌ သွေးနက်မျိုးနွယ်ဝင် ထွက်ပေါ်လာပြီ ဖြစ်သည့်အတွက် သူ၏ ဒဏ်ရာများ သက်သာသွားပြီဖြစ်ကြောင်း လင်းချန် ခန့်မှန်းလိုက်၏။

ထိုသွေးနက်မျိုးနွယ်ဝင်၏ အင်အားသည် သေခြင်းရှင်ခြင်းနယ်ပယ် ၊ စိတ်ဝိညာဉ်နယ်ပယ်၌ ရှိမည်ဟု လင်းချန် ထင်မှတ်ထားခဲ့သည်။

သို့သော် အံ့ဩစရာကောင်းသည်မှာ ထိုသွေးနက်မျိုးနွယ်ဝင်၏ အင်အားသည် သူ၏ဆရာ လက်ရှိရောက်နေသည့် နယ်ပယ်နှင့် အတူတူပင်ဖြစ်နေပြီး ဒဏ်ရာရထားသဖြင့် အင်အားအပြည့်အဝ မထုတ်သုံးနိုင်ခြင်းသာ ဖြစ်၏။

ဝေဝူရွှမ်က နည်းဗျူဟာမှန်ပြင်ပေါ်ရှိ သွေးနက်မျိုးနွယ်ဝင်၏ ပုံရိပ်ကို ကြည့်ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။ "သူ့ဒဏ်ရာတွေ ပျောက်ပြီး သေခြင်းရှင်ခြင်းနယ်ပယ် ၊ နှလုံးသားနယ်ပယ်ကို ပြန်ရောက်သွားရင်တောင် သူ့ကို သတ်နိုင်ဖို့ ကိုးဆယ်ရာခိုင်နှုန်း သေချာတယ်။"

ကိုးဆယ်ရာခိုင်နှုန်း...။

ရန်သူကို အနိုင်ယူခြင်းနှင့် သတ်ဖြတ်ခြင်းသည် ကွာခြားလှ၏။ အထူးသဖြင့် နယ်ပယ်မြင့်လေ ရန်သူကို အပြတ်ရှင်းရန် ခက်ခဲလေဖြစ်သည်။

အင်အားကွာခြားချက် ကြီးမားခြင်း သို့မဟုတ် ဝှက်ဖဲအလုံအလောက် ရှိမှသာ ရန်သူကို လွယ်ကူစွာ သတ်ဖြတ်နိုင်မည် ဖြစ်၏။

အံ့ဩသွားသော်လည်း လင်းချန်သည် သူ့ဆရာကို ယုံကြည်သည်။ ဆရာ့အကျင့်ကို ကောင်းကောင်းသိသဖြင့် ရာနှုန်းပြည့်နီးပါး မသေချာလျှင် ထိုစကားမျိုး ပြောမည်မဟုတ်မှန်း သူ သိ၏။

နည်းဗျူဟာမှန်ပြင်ပေါ်၌ သွေးသားအနှစ်သာရများကို စုပ်ယူနေဆဲ ဖြစ်သည့် ပုံရိပ်ကို ကြည့်ကာ လင်းချန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "ဒါဆိုရင် ဆရာ... အခုပဲ အဲဒီသွေးနက်မျိုးနွယ်ဝင်ကို သွားသတ်တော့မှာလား။"

ဝေဝူရွှမ်က ခေါင်းခါလိုက်ပြီး နည်းဗျူဟာမှန်ပြင်ပေါ်မှ သွေးနက်မျိုးနွယ်ဝင်ကို စိုက်ကြည့်ရင်း ပြောလိုက်၏။ "အဲဒီအတွက် မလောသေးဘူး။"

လင်းချန်က ဝေဝူရွှမ်ကို နားမလည်နိုင်စွာ ကြည့်လိုက်ပြီး မေးလိုက်သည်။ "ဟင်... ဆရာ့မှာ တခြားအစီအစဉ် ရှိနေလို့လား။"

ဝေဝူရွှမ်က နည်းဗျူဟာမှန်ပြင်ကို လက်ညှိုးထိုးပြကာ သူ၏ စိတ်ကူးကို ဖြည်းညှင်းစွာ ပြောပြလိုက်၏။ "စဉ်းစားကြည့်လေ... သူက ငါ့ဆရာကို သွေးအလောင်းကောင်အဖြစ် သန့်စင်ခဲ့တယ်။ အစီအရင်ကို မသိမသာ ပြောင်းလဲခဲ့တယ်။ ပြီးတော့ ကမ္ဘာငယ်လေးနဲ့ ပတ်သက်နေတယ်ဆိုတော့ သူက ဒီကမ္ဘာငယ်လေးအကြောင်း ကောင်းကောင်း သိထားပုံရတယ်။"

အလောင်းသူခိုးများဟု လူသိများသည့် သွေးနက်မျိုးနွယ်များသည် ကမ်းရိုးတန်းပြည်နယ်ထက် အဆပေါင်းရာချီ ကြီးမားသော နယ်မြေတစ်ခု၌ လှုပ်ရှားတတ်ကြသည်။ ထိုနေရာသည် နာမည်ဆိုးဖြင့် ကျော်ကြားသည့် မျိုးနွယ်စုများ ၊ ဗီလိန်ကြီးများနှင့် အမှောင်ကျင့်ကြံသူများ ထွက်ပြေးပုန်းခိုရာ နေရာလည်း ဖြစ်၏။

လင်းချန် နေထိုင်သည့် ဤကမ္ဘာ၏ မကောင်းဆိုးဝါး ဒုစရိုက်ကောင်များ စုဝေးရာ နေရာလည်း ဖြစ်သည်။

လူသားမျိုးနွယ် နယ်မြေ၏ နက်ရှိုင်းပြီး လျစ်လျူရှုခံထားရသော နေရာဖြစ်သည့် ကမ်းရိုးတန်းပြည်နယ်သို့ သွေးနက်မျိုးနွယ်ဝင် တစ်ယောက်က အဘယ်ကြောင့် လာရသနည်း။

ခရီးစဉ်သည် အလွန် အန္တရာယ်များပြီး တစ်ဖက်လူ ရရှိထားသည့် ဒဏ်ရာများသည် လမ်းခရီး၌ ရရှိခဲ့ခြင်း ဖြစ်မည်မှာ သေချာ၏။

သွေးနက်မျိုးနွယ်၏ ရည်ရွယ်ချက်မှာ မည်သည့်အရာဖြစ်ကြောင်းကို ဝေဝူရွှမ် ကိုယ်တိုင်ပင် နားမလည်ပေ။

ထွက်ပြေးလာခြင်းလော...။

ထိုနယ်မြေသည် သွေးနက်မျိုးနွယ်များအတွက် အကောင်းဆုံး ခိုလှုံရာ ဖြစ်သဖြင့် ဤနေရာသို့ ရောက်လာခြင်းသည် သေချာပေါက် အခြားရည်ရွယ်ချက် ရှိရပေမည်။

ယခု ဝေဝူရွှမ် နားလည်လိုက်သည်မှာ သွေးနက်မျိုးနွယ်သည် နတ်ဓားဂိုဏ်း မြေအောက်၌ ပုန်းလျိုးနေသည့် ကမ္ဘာငယ်လေးကြောင့် ကမ်းရိုးတန်းပြည်နယ်သို့ ရောက်လာခြင်း ဖြစ်၏။

ဤကမ္ဘာငယ်လေးထဲ၌ သွေးနက်မျိုးနွယ်အတွက် အလွန်အရေးကြီးသည့် ပစ္စည်းများ ရှိနေရမည်။ သို့မဟုတ်ပါက သူတို့သည် ဤမျှဝေးလံသော ခရီးကို ဖြတ်သန်းပြီး ကမ်းရိုးတန်းပြည်နယ်သို့ တိတ်တဆိတ် စိမ့်ဝင်လာမည် မဟုတ်ပေ။

ထို့ကြောင့် ကမ္ဘာငယ်လေးထဲရှိ ပစ္စည်းများကို ဝေဝူရွှမ် စိတ်ဝင်စားနေခြင်း ဖြစ်၏။

သွေးနက်မျိုးနွယ်ဝင်က ကမ္ဘာငယ်လေး၏ ဝင်ပေါက်ကို ဖွင့်လိုက်ပြီ ဖြစ်သော်လည်း အတွင်း၌ မည်သည့်အရာ ရှိမှန်း မည်သူမျှ မသိချေ။

သို့သော် ဝေဝူရွှမ်၏ အမြင်၌ ထိုသွေးနက်မျိုးနွယ်ဝင်သည် ကမ်းရိုးတန်းပြည်နယ်၏ ဝေးလံခေါင်ဖျားသော နေရာ၌ ရှိသည့် ကမ္ဘာငယ်လေးအကြောင်း သိနေသဖြင့် အတွင်းပိုင်း အခြေအနေကိုပါ သိရှိနေနိုင်သည်။

ထို့ကြောင့် သူ့ကို ရှေ့ပြေးအနေဖြင့် အရင်သွားခိုင်းလိုက်ခြင်းက မကောင်းသည့် အကြံဉာဏ်တော့ မဟုတ်ပေ။

ဝေဝူရွှမ်၏ သုံးသပ်ချက်ကို ကြားပြီးနောက် ယီစင်းက ဝင်ပြောလိုက်၏။ "ချန်လေး... ပြောရရင် ဒါက နန်ရှန်းနဲ့ ပတ်သက်နေမလား။"

လင်းချန်က ခေါင်းညိတ်ထောက်ခံလိုက်ပြီး ပြောလိုက်သည်။ "ဖြစ်နိုင်ချေ များတယ်။ အကြီးအကဲကျန်း ပြောဖူးတဲ့ အတိတ်က တိုက်ပွဲက ကမ္ဘာမြေကို တုန်လှုပ်စေခဲ့တာလေ။ အဲဒီတုန်းက တန်ယွမ်ဂိုဏ်း ထိန်းချုပ်တဲ့ နယ်မြေက အရမ်းကျယ်ဝန်းပြီး ကမ်းရိုးတန်းပြည်နယ်ထက် ဆယ်ဆလောက် ကြီးမားတယ်။ ကံမကောင်းစွာပဲ တိုက်ပွဲကြောင့် နယ်မြေရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းလောက် ပျက်စီးပြီး ပင်လယ်ဖြစ်သွားခဲ့တယ်။ ထိန်းချုပ်ထားတဲ့ ကမ္ဘာငယ်လေးတွေလည်း ကွဲအက်ကုန်တယ်။ အခု သွေးနက်မျိုးနွယ်ဝင် ဖွင့်လိုက်တဲ့ ကမ္ဘာငယ်လေးက အဲဒီအထဲက တစ်ခု ဖြစ်နေမှာကို စိုးရိမ်ရတယ်။"

ယီစင်း၏ မျက်နှာထားသည် တုန်လှုပ်မှုကြောင့် ပြောင်းလဲသွားပြီး အလျင်အမြန် ပြောလိုက်၏။ "ချန်လေး... နန်ရှန်းရဲ့ အမျိုးတွေ ၊ တော်ဝင်မိသားစုဝင်တွေ ဒီကမ္ဘာငယ်လေးထဲမှာ ချိပ်ပိတ်ခံထားရတာများ ဖြစ်နိုင်မလား။"

ယီစင်း၏ စကားကို ကြားသည့်အခါ လင်းချန်လည်း ဖြစ်နိုင်ချေရှိသည်ဟု ခံစားလိုက်ရပြီး ပြောလိုက်၏။ "တကယ်လို့ အဲဒီလိုသာဆိုရင် ကိစ္စတွေ ရှုပ်ထွေးကုန်တော့မယ်။"

လင်းချန်နှင့် ယီစင်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အပြန်အလှန် ပြောဆိုနေကြသဖြင့် ကျန်လူများမှာ လုံးဝ နားမလည်နိုင် ဖြစ်နေကြသည်။

ဝေဝူရွှမ်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏စိတ်ထဲ၌ စိုးရိမ်မှု အနည်းငယ် ဖြစ်ပေါ်လာကာ မေးလိုက်၏။ "မင်းတို့နှစ်ယောက် ဘာတွေ ပြောနေကြတာလဲ။"

လင်းချန်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ရှင်းပြလိုက်သည်။ "ကျွန်တော် အခု ပြောပြပါ့မယ်။ ရှေးဟောင်းအမွေအနှစ်နယ်မြေထဲမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်နေပါတယ်။ အဲဒီထဲမှာ ဂျိုနှစ်ချောင်းပါတဲ့ သွေးနက်မျိုးနွယ် တော်ဝင်မိသားစုဝင်နဲ့ ရှေးယခင်က ဒီဒေသကို အုပ်ချုပ်ခဲ့တဲ့ တန်ယွမ်ဂိုဏ်းချုပ်ကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်။"

လင်းချန်၏ စကားကြောင့် ဝေဝူရွှမ်နှင့် အခြားသူများ အံ့ဩသွားကြ၏။

သူတို့၏ အံ့ဩမှင်သက်နေသည့် အကြည့်များအလယ်၌ လင်းချန် ဖြစ်ပျက်ခဲ့သည်များကို ဖြည်းညှင်းစွာ အကျဉ်းချုံး ပြောပြလိုက်သည်။

သူသည် တိုက်ပွဲ၏ အရေးကြီးသည့် အစိတ်အပိုင်းများကို အသေးစိတ် မပြောပြဘဲ နန်ရှန်းနှင့် ပတ်သက်သော အရာအားလုံးကိုသာ ရှင်းလင်းစွာ ပြောပြလိုက်၏။

လင်းချန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဝေဝူရွှမ်သည် နည်းဗျူဟာမှန်ပြင်ပေါ်ရှိ တည်ငြိမ်သွားသည့် ကမ္ဘာငယ်လေး ဝင်ပေါက်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ "ဒါဆိုရင် မင်းရဲ့ ခန့်မှန်းချက်က အမှန်တရား ဖြစ်နိုင်ချေ များတယ်။ တကယ်လို့ ဒီကမ္ဘာငယ်လေးထဲမှာ သွေးနက်မျိုးနွယ် တော်ဝင်မိသားစုဝင်သာ ချိပ်ပိတ်ခံထားရတယ်ဆိုရင် ၊ ဒီကောင် ဘာလို့ အသက်စွန့်ပြီး လူသားမျိုးနွယ် နယ်မြေထဲ ဝင်ရောက်လာပြီး ကမ်းရိုးတန်းပြည်နယ်ကို လာရသလဲဆိုတာ ရှင်းသွားပြီ။"

"သွေးနက်မျိုးနွယ် တော်ဝင်မိသားစုဝင်သာ လွတ်မြောက်လာရင် လက်ရှိ ဆိုးရွားနေတဲ့ သွေးနက်မျိုးနွယ်ရဲ့ အခြေအနေက သိသိသာသာ ပြောင်းလဲသွားလိမ့်မယ်။ အနည်းဆုံးတော့ သူတို့ ပုန်းခိုနေစရာ မလိုတော့ဘူး။ အဲဒါက အခုလောလောဆယ် အဓိကပြဿနာ မဟုတ်သေးဘူး။ စိုးရိမ်ရတာက သွေးနက်မျိုးနွယ် တော်ဝင်မိသားစုဝင် လွတ်လာတာနဲ့ ကမ်းရိုးတန်းပြည်နယ် တစ်ခုလုံးကို သွေးအရင်းအမြစ်အဖြစ် ပြောင်းလဲပစ်မှာကိုပဲ။"

ကမ္ဘာငယ်လေးထဲ၌ သွေးနက်မျိုးနွယ် တော်ဝင်မိသားစုဝင် အမှန်တကယ် ရှိနေခဲ့လျှင် ၊ လွတ်မြောက်လာသည်နှင့် သူတို့၏ ဒေါသများကို သေချာပေါက် ဖွင့်ထုတ်ကြပေလိမ့်မည်။ ထိုအခါ ကမ်းရိုးတန်းပြည်နယ်သည် အနီးဆုံး ပစ်မှတ် ဖြစ်လာပေလိမ့်မည်။

ထိုအချိန်၌ နည်းဗျူဟာမှန်ပြင်ပေါ်ရှိ မြင်ကွင်း ပြောင်းလဲလာ၏။ တည်ငြိမ်နေသည့် အလင်းရောင်များ ရုတ်တရက် ပြင်းထန်စွာ လှုပ်ရှားလာပြီး ၊ အလင်းများကို တင်းကျပ်စွာ ထိန်းချုပ်ထားသော တံခါးဝတစ်ခု ပေါ်လာသည်။

ထိုပုံစံသည် ရှေးဟောင်းအမွေအနှစ်နယ်မြေထဲမှ တံခါးနှင့် ဆင်တူနေ၏။ သို့သော် ရှေးဟောင်းအမွေအနှစ်နယ်မြေထဲမှ ရှေးကျသည့် ပုံစံနှင့် မတူဘဲ ၊ သူတို့ရှေ့မှ တံခါးသည် ယခုမှ ပြုလုပ်ထားသကဲ့သို့ သစ်လွင်နေသည်။

ထိုအခိုက်အတန့်၌ သွေးနက်မျိုးနွယ်ဝင်သည် လက်မောင်းအရှည်ခန့် ရှိသည့် ကျောက်တုံးသော့ တစ်ချောင်းကို ထုတ်ယူလိုက်ပြီး တံခါး၏ အခေါင်းပေါက်ထဲသို့ ထည့်ကာ လှည့်လိုက်၏။

ဝီ...

မမြင်ရသည့် လှိုင်းများ ဂယက်ထသွားပြီး တံခါးအတွင်းမှ အလင်းရောင်များသည် မျက်စိကျိန်းလောက်အောင် တောက်ပလာ၏။ သွေးနက်မျိုးနွယ်ဝင်သည်လည်း ရိပ်ခနဲ လှုပ်ရှားလိုက်ပြီး အလင်းရောင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

ဝေဝူရွှမ်က အလျင်အမြန် ပြောလိုက်၏။ "ကမ္ဘာငယ်လေးရဲ့ ဝင်ပေါက် ပွင့်သွားပြီ... ငါတို့ ချက်ချင်းဝင်ပြီး သူ့ကို တားရမယ်။"

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၉ ၊ အတွဲ ၁ ၊ အပိုင်း ၁၈၉ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

All Chapters