← Chapters

အခန်း ၆၈၉

Vol. 59 Ch. 689

အခန်း ၆၈၉

Vol. 59 Ch. 689

အခန်း ၆၈၉

ချန်ကျဲ့သည် ယဲ့လုဖုန်း၏စကားများကို နားလည်သည်။ သို့ဖြင့် ချက်ချင်း လက်သီးယှက်အရိုအသေပြုလျက် ပြောသည်။

“သခင်ကြီးယဲ့လုရဲ့ ပျိုးထောင်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က အမြဲတမ်း သခင်ကြီးယဲ့လုလက်အောက်က စစ်သည်တစ်ယောက်ဖြစ်နေမှာပါ”

ယဲ့လုဖုန်းကဲ့သို့လူမျိုးမှ မျက်နှာသာပေးလာပါက မတုံ့ပြန်၍ မဖြစ်ချေ။ သို့ဖြစ်ရာ ချန်ကျဲ့သည် သူလုပ်ရမည့်အပိုင်းကို အပြည့်အဝလုပ်ခဲ့သည်။ အနည်းဆုံးတော့ ယဲ့လုဖုန်းအနေဖြင့် ချန်ကျဲ့မှာ စဉ်းစားချင့်ချိန်တတ်သူတစ်ဦးဟု ခံစားရပေလိမ့်မည်။

သေချာပေါက်ပင် ယဲ့လုဖုန်းသည် ချန်ကျဲ့၏ နှိမ့်ချသည့်စကားများကြောင့် စိတ်ကျေနပ်သွားကာ ကြေညာသည်။

“ကျိုစစ်”

ယဲ့လုဖုန်းသည် လက်ဟန်ဖြင့် ချန်ကျဲ့အား စင်မြင့်ပေါ်တက်ရန် ဖိတ်ခေါ်သည်။ ထို့နောက် ချန်ကျဲ့၏ပခုံးထက် လက်တင်ကာ ပြောသည်။

“အခုအချိန်ကစပြီး ချန်ကျိုစစ်က ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ခေါင်းဆောင်ပဲ။ ရာထူးဆက်ခံပွဲကို နောက်၇ရက်နေရင် ကျင်းပမယ်။ အားလုံးတက်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်”

ထိုအခါ နေရာရှိလူအားလုံးသည် တစ်ညီတစ်ညွတ်တည်း တုံ့ပြန်ကြသည်။

“ကျွန်တော်တို့ သေချာပေါက် တက်ရောက်ပါမယ် သခင်ကြီးယဲ့လု”

ယဲ့လုဖုန်းပြုံးလိုက်ပြီး ပြောသည်။

“ကျိုစစ် ငါလည်းတက်ရောက်မယ်။ ဒီ၇ရက်အတွင်းမှာ ကုန်သည်အဖွဲ့ကိစ္စတွေကို သေချာပြင်ဆင်ပြီး အခမ်းအနားအတွက် ပြင်ဆင်ပါ”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ကျွန်တော် သခင်ကြီးကို စိတ်မပျက်စေရပါဘူး”

ယဲ့လုဖုန်း ပြုံးလိုက်ပြီး ထပ်ပြောသည်။

“ကောင်းတယ်။ ကျိုစစ်က အောင်မြင်မှုကြီးကြီးမားမားရယူနိုင်မယ့်သူဆိုတာ ငါအမြဲတမ်း ယုံကြည်ပါတယ်။ ကောင်းပြီ မင်းက အခု ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ပဲ။ ဘယ်ဘက်က အဲဒီထိုင်ခုံကို မင်းဝင်ထိုင်လိုက်တော့”

ထိုသို့ပြောလျက် ယဲ့လုဖုန်းသည် ချန်ကျဲ့အား ဘယ်ဘက်ပထမခုံဆီသို့ ဆွဲခေါ်သွားခဲ့သည်။ ချန်ကျဲ့သည် ဘာမှမပြောဘဲ နေရာပေးခြင်းကို လက်ခံလိုက်သည်။

အားလုံးသည် ချန်ကျဲ့ကို အသိအမှတ်ပြုလိုက်ကြသည်။ ယခုတွင် ချန်ကျဲ့သည် မျန့်ရွှေစီရင်စု၏ နံပါတ်တစ်ကုန်သည်အဖွဲ့ကြီး၏ခေါင်းဆောင်အဖြစ် သတ်မှတ်ခံလိုက်ရလေပြီ။

အစောင့်အရှောက်ကြီး၁၃ဦးကို အဆင့်ပြန်လည်သတ်မှတ်ပါက ချန်ကျဲ့သည် သေချာပေါက် အဆင့်တစ်ဖြစ်ပေလိမ့်မည်။ ‘တောင်ပိုင်းမှာ ကျိုစစ်၊ မြောက်ပိုင်းမှာ လျိုလောင်ကွေ့’ဟူ၍လည်း ပြောင်းလဲခေါ်ဝေါ်ရလိမ့်မည်။

သေချာပေါက်ပင် ထိုဂုဏ်ပုဒ်များသည် ကြွားဝါခြင်းမျှသာ ဖြစ်ပါ၏။ အစောင့်အရှောက်ဟောင်းကြီး၁၃ဦးမှာ ပြိုကွဲသွားပြီဖြစ်ရာ အဆင့်သတ်မှတ်ချက်သည် သမိုင်းမှတ်တမ်းအဖြစ်သာကျန်ရစ်ခဲ့ပြီး အနာဂတ်တွင် အဆင့်ပြန်လည်သတ်မှတ်တော့မည် မဟုတ်ပေ။ သိုင်းလောကတွင် အတင်းအဖျင်းသတင်းများ ပြောဆိုရခြင်းအား ကြိုက်နှစ်သက်သူများသည်တော့ အဆင့်သတ်မှတ်ချက်အသစ်များ ဖန်တီးကြပါလိမ့်မည်။ သို့သော် ၎င်းသည် ချန်ကျဲ့အတွက် အရေးမကြီးပေ။

ယဲ့လုဖုန်းသည် အစည်းအဝေးကို အဆုံးသတ်လိုက်သည်။ ချန်ကျဲ့သည် ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ရာထူးကို နောင်လာမည့်၇ရက်တွင် အခမ်းအနားကျင်းပကာ တရားဝင်ရာထူးဆက်ခံလိမ့်မည်။

ထိုအခါကျ ချန်ကျိုစစ်သည် မျန့်ရွှေ၏အုပ်စိုးသူတစ်ဦး ဖြစ်လာခဲ့ကြောင်းကို မျန့်ရွှေတစ်ခွင်လုံး သိသွားကြလိမ့်မည်။

အစည်းအဝေးပိတ်သိမ်းပြီးနောက် အားလုံးလည်း စတင်ထွက်ခွာကြသည်။ ချန်ကျဲ့လည်း ပြန်ရန် ပြင်သည်။

လျိုလောင်ကွေ့သည် ချန်ကျဲ့ကို လက်သီးယှက်အရိုအသေပြုလျက် ပြောသည်။

“ဂုဏ်ပြုပါတယ် ကျိုစစ်။ ဒါနဲ့ ရာထူးဆက်ခံပွဲအတွက် လူအင်အားဖြစ်ဖြစ်၊ ပစ္စည်းတစ်ခုခုဖြစ်ဖြစ် လိုအပ်တာရှိခဲ့ရင် အချိန်မရွေးပြောနော်။ ချောင်ကုန်သည်အဖွဲ့မှာ မင်းအသုံးပြုနိုင်တဲ့ အရင်းအမြစ်တွေရှိပါတယ်”

ထိုအခါ ချန်ကျဲ့သည် လက်သီးယှက်အရိုအသေပြုလျက် တုံ့ပြန်သည်။

“ဂရုစိုက်ပေးတဲ့အတွက် အစ်ကိုလျိုကို ကျေးဇူးတင်ပါတယ်”

လျိုလောင်ကွေ့မှ လက်ဝှေ့ရမ်းလျက် ပြောသည်။

“ဒီလိုစကားတွေမပြောကြရအောင်။ ငါတို့က ညီနောင်တွေပဲဟာ”

လျိုလောင်ကွေ့သည် ချန်ကျဲ့အား နွေးထွေးစွာ ရယ်ရယ်မောမော စကားပြောဆိုပြီးနောက် ထွက်ခွာသွားခဲ့သည်။ ထို့နောက် ချန်ကျဲ့ ခေါင်းမော့ကြည့်လိုက်ရာ ဝူဟုန်ကို မြင်လိုက်ရသည်။

သူတို့နှစ်ဦးသည် အပြန်အလှန် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဝူဟုန်သည် ချန်ကျဲ့ကို မသိမသာ ခေါင်းအသာညိတ်ပြပြီးနောက် လှည့်ထွက်သွားခဲ့သည်။ ညီအစ်ကိုနှစ်ဦးတွင် တစ်ဦးမှာ အရာရှိဖြစ်ပြီး တစ်ဦးမှာ သိုင်းလောကသားဖြစ်နေသည်။ သို့ဖြစ်ရာ ယခုအချိန်တွင် သူတို့သည် သူစိမ်းများကဲ့သို့ ဟန်ဆောင်ကာ မရင်းနှီးသူများကဲ့သို့ ပြုမူရလေသည်။ ဤမြင်ကွင်းမှာ သက်ပြင်းချချင်လောက်စရာ မြင်ကွင်းဖြစ်ပါ၏။

ထိုစဉ် ဘေးဘက်မှ အမျိုးသမီးတစ်ဦး၏အသံကို ချန်ကျဲ့ ကြားလိုက်ရသည်။

ချန်ကျဲ့ လှည့်ကြည့်လိုက်ရာ ချောင်ဟုန်ယန်သည် ဘေးမှဖြတ်သွား၏။ သူမ၏မျက်နှာအမူအရာမှာ ကျီစယ်နေသကဲ့သို့ အပြုံးတစ်ခုဖြစ်တည်နေခဲ့ကာ ချန်ကျဲ့ကို ပြောသည်။

“ခေါင်းဆောင်ချန် အဲဒီတော်ဝင်နန်းတော်က လူတွေက လူတစ်ယောက်ကို ခြေရာလက်ရာမကျန်အောင် ဝါးမြိုပစ်နိုင်တယ်နော်။ အဲဒီခရိုင်မင်းသမီးကို ရှင် အထူးသတိထားရမယ်။ ပန်းနုရောင်ကမ္ဘာလေးထဲ ကျရှုံးမသွားလိုက်နဲ့ဦး။ တော်ကြာ ဝတ်ရုံအောက်မှာ အသက်ဆုံးရှုံးပြီး အဆုံးသတ်သွားဦးမယ်”

ထိုစကားတွင် ချန်ကျဲ့ ချောင်ဟုန်ယန်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။

“မင်း သဝန်တိုလို့လား”

“ရှင် ဘာပေါက်ကရစကားတွေ ပြောနေတာလဲ။ ကျွန်မက ဘာကို သဝန်တိုရမှာလဲ။ ရှင်အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ”

ချောင်ဟုန်ယန်သည် မျက်နှာနီမြန်းသွားလျက် ချန်ကျဲ့ကို ပြန်ပြောသည်။

ချန်ကျဲ့ပြုံးလိုက်သည်။

“ကျွန်တော်ပြောခဲ့ပါတယ်။ မင်းတို့ညီအစ်မနှစ်ယောက်စလုံး အတူတူဆိုရင် အခွင့်အရေးရှိပါတယ်လို့”

ချောင်ဟုန်ယန်မှ ပြန်ပြောသည်။

“ကျွန်မက အဲဒီခရိုင်မင်းသမီးနဲ့ မယှဉ်နိုင်တာကျလို့”

ချန်ကျဲ့မှ ပြောသည်။

“မိန်းကလေးဟုန်ယန် မင်းကြည့်နော်။ ခရိုင်မင်းသမီးနဲ့ဆိုရင် ကျွန်တော့်ရဲ့ မျန့်ရွှေငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်နေရာက ခိုင်မာသွားနိုင်တယ်။ မင်းနောက်ကိုလိုက်ရင် ကျွန်တော်မှာ ပုန်းလျှိုးကွယ်လျှိုးနဲ့ ထိန်းချုပ်နေရမယ် မဟုတ်ဘူးလား။ အဲဒါကြောင့် ကျွန်တော် တွက်ချက်ပြီးသွားပြီ။ မင်းတို့ ညီအစ်မနှစ်ယောက်စလုံးဆိုရင် ကျွန်တော့်နှလုံးသားကို ကိုင်လှုပ်နိုင်စွမ်းရှိတယ်။ ဒါပေမဲ့ မိန်းကလေးဟုန်ယန် မင်းတစ်ယောက်တည်းဆိုရင်တော့ ခရိုင်မင်းသမီးကို ယှဉ်ဖို့က အတော်လေး မလုံလောက်သေးဘူး”

“ရှင်”

“ဟမ့်”

ချောင်ဟုန်ယန်သည် ခြေဆောင့်လိုက်ပြီးနောက် ချက်ချင်းထွက်ခွာသွားတော့သည်။ ချန်ကျဲ့၏နှုတ်ခမ်းများတွင် အပြုံးတစ်ခုဖြစ်တည်နေခဲ့သည်။

ဒီမိန်းမငယ်လေးက ငါ့ကိုများ မိန်ဂိုဏ်းထဲဝင်အောင် ဖြားယောင်းချင်သေးတယ်။

သူ့အရင်ဘဝတွင် သင်ယူခဲ့ရသည့် သမိုင်းကြောင်းအရ မိန်ဂိုဏ်း၏ဆက်ခံသူဖြစ်သော မုလန်လူမျိုးစုအရှင်သခင် သက်ရှိဗုဒ္ဓ ပီအားစီးပါးနှင့် ဆရာကြီးကျန်းတို့နောက် အဆင့်နှစ်အဖြစ် သတ်မှတ်ခံခဲ့ရသည့် ထာဝရတည်မြဲဘုရင် ဟန်ရှန်းထုန်သည်လည်း နောက်ဆုံးတွင်တော့ တိုက်ပွဲအတွင်း ကျဆုံးခဲ့လေသည်။

သို့ဖြစ်ရာ မိန်ဂိုဏ်းထဲသို့ ဝင်ရောက်ခြင်းသည် ထက်မြက်သည့်ရွေးချယ်မှု မဟုတ်ပေ။

ချန်ကျဲ့ အတွေးထဲနစ်မြောနေစဉ် ဘေးဘက်မှ နောက်ထပ်အသံတစ်သံကို ကြားလိုက်ရပြန်သည်။

“ကျိုစစ်”

“အစ်မဟွား ဘာကိစ္စလဲဗျ”

တတိယသခင်မလေးဟွားမှ ပြောသည်။

“မင်းအနေနဲ့ မင်းလုပ်ရမယ့်အပိုင်းကို သေချာလုပ်ပြီး လူရှေ့မှာ ရည်မွန်ဟန်ဆောင်ရမယ်ဆိုတာ ငါနားလည်ပါတယ်။ ဒါပေမဲ့ ယွင်ကျင်းကသာ မင်းရဲ့တရားဝင်ဇနီးဆိုတာကို မင်းစိတ်ထဲ သေချာရှင်းလင်းနေဖို့ ငါမျှော်လင့်တယ်။ ယွင်ကျင်းဘဝက လုံလုံလောက်လောက် ဒုက္ခခံစားခဲ့ရပြီးပြီ။ လူမှုရေးလှေကားထစ်ကို လှမ်းတက်ဖို့အတွက်နဲ့ ယွင်ကျင်းကို သစ္စာေဖာက်တဲ့လုပ်ရပ်မျိုး မလုပ်မိဖို့ ငါမျှော်လင့်တယ်။ မဟုတ်လို့ကတော့ ငါမင်းကို ခွင့်လွှတ်မှာမဟုတ်ဘူး”

ချန်ကျဲ့ ကြောင်အသွား၏။

ငါ ယွင်ကျင်းကို သစ္စာဖောက်တဲ့လုပ်ရပ်မျိုး ဘာလုပ်ခဲ့မိလို့လဲ။

သို့သော် တတိယသခင်မလေးဟွားသည် ယွင်ကျင်းအတွက် ပြောဆိုပေးနေခြင်းဖြစ်ကြောင်း သူနားလည်ပေသည်။

ခဏမျှတွေးနေပြီးနောက် ချန်ကျဲ့ ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့ပါ အစ်မဟွား။ အစ်မ စိတ်ချထားပါ။ ကျွန်တော် ယွင်ကျင်းအပေါ် မတရားတဲ့လုပ်ရပ်မျိုး ဘယ်တော့မှ မလုပ်ပါဘူး”

ထိုအခါ တတိယသခင်မလေးဟွားမှ ပြောသည်။

“အင်း မင်းသိရင် ရပါပြီ။ ငါသွားပြီ”

ထို့နောက် တတိယသခင်မလေးဟွား ထွက်သွားတော့သည်။ နောက်ဆုံးမှ ထွက်ခွာသူမှာ သူဖုန်းစားဂိုဏ်း ကျိုးဖန်းဖြစ်သည်။ သူ၏မျက်နှာမှာ ညိုမဲပေပွနေ၏။ သူသည် မထွက်ခွာခင် ချန်ကျဲ့အား မုန်တီးခြင်းအပြည့်ဖြင့် စိုက်ကြည့်သွားခဲ့သေးသည်။

ကျိုးဖန်း၏အခြေအနေကိုကြည့်ကာ ချန်ကျဲ့ ခေါင်းခါမိလိုက်သည်။

ဒီလူက တကယ် လူပြက်ပဲ။ သူ ငါ့ကို ဒေါသထွက်စရာအကြောင်းအရင်းမှ မရှိဘဲနဲ့။

ချန်ကျဲ့ ယဲ့လုဖုန်းကို ပြန်လှည့်ကြည့်လိုက်သည်။ ယဲ့လုဖုန်းသည် သူ့အား အသာခေါင်းညိတ်ပြကာ အနောက်ဘက်ဉယျာဉ်ဆီသို့ လက်ညှိုးညွှန်လျက် အော်ပြော၏။

“ခရိုင်မင်းသမီးက မင်းကို စောင့်နေတယ်။ အို ဒါနဲ့ မင်း ခရိုင်မင်းသမီးကို ပြောလိုက်စမ်းပါ။ နေ့လယ်ကျရင် မင်းနဲ့အတူ အိမ်တော်မှာ နေ့လယ်စာသုံးဆောင်ဖို့ ဖိတ်ခေါ်လိုက်တယ်လို့”

All Chapters