← Chapters

အခန်း ၆၉၀

Vol. 59 Ch. 690

အခန်း ၆၉၀

Vol. 59 Ch. 690

အခန်း ၆၉၀

ထိုအခါ ချန်ကျဲ့ အမြန်ကျေးဇူးတင်စကားဆိုလိုက်သည်။

“သခင်ကြီးယဲ့လုကို ကျေးဇူးတင်ပါတယ်”

ယဲ့လုဖုန်းပြုံးလိုက်သည်။ သူ၏မျက်နှာမှာ အန္တရာယ်မရှိဟန်သော ကြင်နာသည့်အပြုံးတို့ဖြင့် ပြည့်နှက်နေသည်။ သို့သော် ၎င်းမှာ ချန်ကျဲ့ ထွက်မသွားမီအထိသာ ဖြစ်၏။

ချန်ကျဲ့ထွက်သွားသည်နှင့် ယဲ့လုဖုန်း၏မျက်နှာမှာ ရုတ်ချည်း ပျက်ယွင်းသွားတော့သည်။ သူ၏ဘေးတွင် ရပ်နေသည့် ချီမုကောမှ ပြောသည်။

“သခင်ကြီး”

ယဲ့လုဖုန်းမှ တုံ့ပြန်သည်။

“ဘာမှမဖြစ်ဘူး”

“ချန်ကျိုစစ် အရမ်းရဲတင်းနေတာ မထူးဆန်းတော့ပါဘူး။ လက်စသတ်တော့ သူ့ကိုယ်သူ ကျောထောက်နောက်ခံအသစ်ရပြီ ထင်နေတာပဲ။ ချင်းယင်ရဲ့သေဆုံးမှုက ချန်ကျိုစစ်နဲ့ ဘာမှမဆိုင်ဘူးလို့ သခင်ကြီးယုံကြည်လား”

ချီမုကော၏ ဒေါသတကြီးအပြုံးကို ယဲ့လုဖုန်းမှ ပြန်ပြောသည်။

“အဲဒါက အရေးမကြီးတော့ဘူး။ ချင်းယင်ဘယ်လိုသေသွားလဲဆိုတာ အခု အရေးမကြီးတော့ဘူး။ ချန်ကျိုစစ်က ခရိုင်မင်းသမီးနဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ထားမှတော့ ဒီလှည့်ကွက်အသေးလေးတွေက အခု ဘာမှအရေးမပါတော့ဘူး”

ထိုအခါ ချီမုကောမှ မေးသည်။

“သခင်ကြီး ဒါဆို ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”

ယဲ့လုဖုန်းမှ ပြောသည်။

“အခုအချိန်ကစပြီးတော့ ငါတို့ ချန်ကျိုစစ်ကို ရင်ဆိုင်ရင် ‌ပေါ်တင်ရင်ဆိုင်လို့ မဖြစ်တော့ဘူး။ ဒါပေမဲ့ အမှောင်ရိပ်ထဲကနေတော့ ပြဿနာရှာလို့ရတယ်။ ငါးဖမ်းကုန်သည်အဖွဲ့ကို ခွဲလို့ မရနိုင်တော့မှတော့ သူဖုန်းစားဂိုဏ်းကို ထောက်ပံ့ပေးဖို့ပဲ တတ်နိုင်တော့မယ်။ သူဖုန်းစားဂိုဏ်းကို ကျားဖြူခန်းမလိုဖြစ်လာတဲ့အထိ တည်ထောင်ပေးဖို့ ကူညီပေးပြီး ချန်ကျိုစစ်ကို ထိန်းချုပ်ဖို့ ကြိုးစားရမှာပေါ့”

ချီမုကောမှ ပြောသည်။

“အဲဒီလိုက အရမ်းအားစိုက်ထုတ်ရလွန်းတယ် မဟုတ်ဘူးလား”

ယဲ့လုဖုန်း၏မျက်နှာထက်တွင် ကူကယ်ရာမဲ့မှုအချို့ ထင်ဟပ်သွား၏။

“မတတ်နိုင်ဘူးပေါ့။ ချန်ကျိုစစ်က ငါအပြစ်ပြုဖို့ မတတ်နိုင်တဲ့သူကို ခေါ်သွင်းလာခဲ့တာလေ”

“လောလောဆယ်တော့ ချန်ကျိုစစ်ကို ဘာမှမလုပ်နဲ့ဦး။ လိုအပ်ရင် အကူအညီ‌ပါ ပေးလိုက်။ ငါတို့ ခရိုင်မင်းသမီးကို အပြစ်ပြုမိလို့မဖြစ်ဘူး”

ထိုအခါ ချီမုကောသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ သို့သော် အရိုအသေပြုလိုက်ပြီး ပြောသည်။

“ဟုတ်ကဲ့”

ထို့နောက် ခဏတိတ်ဆိတ်သွားခဲ့ပြီးမှ ယဲ့လုဖုန်း ထပ်ပြောသည်။

“အမိန့်ပေးလိုက်။ စားသောက်ပွဲတော် ပြင်ဆင်မယ်။ ဒီနေ့လယ်မှာ ခရိုင်မင်းသမီးအတွက် စားသောက်ပွဲကျင်းပပေးမယ်”

ထိုအခါ ချီမုကောမှ ချက်ချင်း မေးလာသည်။

“သခင်ကြီး ဘာဟင်းလျာပြင်ဆင်လိုက်ရမလဲ။ ငါးအသားလွှာပဲလား”

ယဲ့လုဖုန်းမှ ပြန်ပြောသည်။

“ဟင်းပွဲကို အမျိုးအစားအစုံအလင်ပြင်ထားလိုက်။ ခရိုင်မင်းသမီးက ငါးအသားလွှာကို ကြိုက်ချင်မှ ကြိုက်မှာ။ ဒါပေမဲ့ ငါ့အတွက် တစ်ပွဲပြင်ထားလိုက်”

“ဟုတ်ကဲ့”

ချီမုကောသည် အမိန့်ကို ချက်ချင်း နာခံသည်။

ယဲ့လုဖုန်း အလွန်နှစ်ခြိုက်သည့်အရာ နှစ်ခုရှိ၏။ ငါးဖမ်းခြင်းနှင့် ငါးအသားလွှာဖြစ်သည်။ သူ၏ ငါးအသားလွှာကို နှစ်ခြိုက်မှုသည် လွန်ကျူးလွန်းသည်မှာ ငါးအသားလွှာမပါဘဲ ထမင်းမသုံးဆောင်နိုင်သည်အထိပင်။ ငါးပူတင်းကဲ့သို့ အဆိပ်ရှိငါးများကိုပင် စားသောက်ကြည့်လေ့ ရှိလေသည်။

ယဲ့လုဖုန်းကဲ့သို့ ရသကို ခံစားတတ်သူသည် ငါးပူတင်းကဲ့သို့ စားကောင်းသောက်ဖွယ်အား အဘယ်သို့များ လက်လွှတ်ခံနိုင်ပါမည်နည်း။

ယဲ့လုဖုန်းသည် ငါးပူတင်းအဆိပ်မျှသော အဆိပ်ကို ခံနိုင်ရည်ရှိပေသည်။ ထို့ပြင် ငါးပူတင်း၏အရသာရှိမှုသည် သူ့အား မစားဘဲ မနေ‌နိုင်အောင် ဆွဲဆောင်နိုင်လေသည်။

လူသားများသည် အစားအသောက်တစ်ခုကို နှစ်သက်စွဲလမ်းသွားပါက ထိုအစားတစ်လုပ်အတွက် အသက်ပင် ရင်းနှီးနိုင်လေသည်။ ဤစကားသည် ငါးပူတင်းအတွက်မူ မှန်ကန်၏။ ငါးပူတင်းအဆိပ်ကြောင့် နှစ်စဉ် လူများစွာ သေဆုံးကြရသော်ငြား ကြိုက်နှစ်သက်သူများသည်တော့ စားသောက်နေကြမြဲ ဖြစ်လေသည်။

ယဲ့လုဖုန်းသည် ထိုသို့လူမျိုးဖြစ်၏။

ထိုစဉ် ယဲ့လုဖုန်း၏ အနောက်ခြံဝင်း၌

ချန်ကျဲ့ အနောက်ခြံဝင်းထဲသို့ ရောက်သောအခါ ရေကန်ဘေးတွင် ငါးမျှားတံတစ်ချောင်းဖြင့် ကျောက်ယာကို မြင်လိုက်ရသည်။ သူမ၏ဘေးတွင် ညီအစ်ကိုသုံးယောက် စောင့်ကြပ်နေကြ၏။

အားစန်းမှ ရေကန်ထဲရှိ ငါးမျှားချိတ်ကိုကြည့်ရင်း ပြောသည်။

“ခရိုင်မင်းသမီး ငါးဖမ်းရတာ ဘာပျော်စရာကောင်းလို့လဲ။ မင်းသမီး ငါးစားချင်ရင် ကျွန်တော် ပိုက်ကွန်ချပေးမယ်။ အဲဒီလိုဆိုလည်း ငါးဖမ်းရတာပဲလေ။ ဘာလို့ အခုလိုမျိုး အလုပ်ရှုပ်ခံပြီး တစ်နေ့လုံးနေတာတောင် ငါးတစ်ကောင်ရဖို့ မသေချာတာကို လုပ်နေမှာလဲ။ စိတ်ညစ်စရာကြီး”

“အားစန်း မင်းမသိဘဲနဲ့။ ငါးဖမ်းတာက ပျော်ဖို့ကောင်းတယ်ကွ။ ပိုက်ကွန်ပစ်တာက ငါးမျှားတံနဲ့ ငါးဖမ်းတာကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။ မင်းနားမလည်ရင်လည်း ပါးစပ်ပိတ်နေလိုက်စမ်းပါ”

ဘေးရှိ အားသာ့မှ အားစန်းကို ဝင်ဟန့်သည်။

အားအာ့မှ ထပ်ပြောသည်။

“အားစန်း မင်းက အရမ်းဆူတာပဲ။ မင်းကြောင့် ခရိုင်မင်းသမီးရဲ့ငါးမျှားချိတ်ကို ချိတ်မယ့်ငါးတွေ ထွက်ပြေးကုန်တော့မယ်။ ငါးဖမ်းတယ်ဆိုတာ စိတ်ရှည်ဖို့လိုတယ်ကွ”

အားစန်းမှ ပြောသည်။

“စိတ်ရှုပ်စရာ”

သို့‌ဖြင့် နောက်လှည့်လိုက်ရာ ချန်ကျဲ့ကိုမြင်သွားပြီး အော်ပြောသည်။

“ဟေး ချန်ကျိုစစ်ရောက်လာပြီ။ ခရိုင်မင်းသမီး ချန်ကျိုစစ်ရောက်ပါပြီ”

ထိုအခါ ကျောက်ယာမှ ပြုံးလိုက်ပြီး ပြောသည်။

“ညီနောင်ချန် ကျွန်တော်နဲ့ ခဏလောက် ငါးအတူမျှားကြမလား”

ထိုအခါ ချန်ကျဲ့သည် ရေကန်ဘေးစပ်သို့ ကပ်သွားလိုက်ပြီး လက်သီးယှက်အရိုအသေပေးသည်။

“သိမ်နုပ်တဲ့အရပ်သားပြည်သူချန်ကျိုစစ် ခရိုင်မင်းသမီးကို ဂါရဝပြုပါတယ်*

‌ကျောက်ယာ ချန်ကျဲ့ကို ကြည့်လိုက်သည်။

“ကြည့်ရတာ ညီနောင်ချန်က ကျွန်တော့်အဆင့်အတန်းကို သတိထားနေပုံပဲ ဟုတ်တယ်မလား”

မင်းအဆင့်အတန်းကို ဘယ်သူက သတိမထားဘဲ နေမှာတဲ့လဲ။

သို့တိုင် ချန်ကျဲ့သည် အပြုံးတစ်ခုလုပ်ယူလျက် တုံ့ပြန်လိုက်သည်။

“ကျွန်တော်က ခရိုင်မင်းသမီးရဲ့အဆင့်အတန်းကို သတိထားနေတာ မဟုတ်ပါဘူး။ ဒီတိုင်း အံ့ဩနေမိတာပါ။ ကျွန်တော်ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းပါးနေလို့လည်း ဖြစ်ပါလိမ့်မယ်။ တကယ်တမ်းကျ ကိုယ် အမှတ်တမဲ့ သိကျွမ်းခဲ့ရတဲ့သူတစ်ယောက်က ခရိုင်မင်းသမီးလိုမျိုး အရေးကြီးပုဂ္ဂိုလ်ကြီးဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာပါလဲ”

“ကျွန်တော် အရင်က ခရိုင်မင်းသမီးကို ညီနောင်ကျောက်လို့ ခေါ်ခဲ့တာ.. အခုပြန်စဉ်းစားကြည့်လိုက်တော့ ကျွန်တော် အတော်လေး ရှက်ရွံ့မိပါတယ်”

ချန်ကျဲ့သည် ရှက်ရွံ့နေဟန်ဖြင့် ခေါင်းငုံ့လိုက်သည်။ ကျောက်ယာသည် ချန်ကျဲ့ကို ကြည့်နေခဲ့သည်။ သူမ၏နှုတ်ခမ်းထောင့်စွန်းလေးများ မသိမသာ တွန့်ကွေးတက်နေခဲ့၏။

ချန်ကျိုစစ်၏ ဤသို့ပုံစံကို မြင်တွေ့ရခြင်းအား သူမ နှစ်ခြိုက်သည်။ အမြဲလိုလို စကားလုံးအကြီးကြီးများ ပါးစပ်အပြည့်ရှိနေတတ်သည့် ချန်ကျိုစစ်သည် အနည်းငယ် ထောင်လွှားမောက်မာ၏။ သူမသည် ချန်ကျဲ့၏ ထောင်လွှားမှုများကို အနည်းငယ် ချိုးနှိမ်ပစ်လိုသည်။

ထိုအခါမှ ချန်ကျိုစစ်သည် သူမအတွက် အသုံးဝင်လိမ့်မည်။

ထို့ပြင် ကျောက်ယာတွင် ဖော်ပြမရနိုင်သည့် ခံစားချက်တစ်မျိုးလည်း ခံစားနေရသေး၏။ တည်ငြိမ်မနေဘဲ အနည်းငယ် ထိတ်ပျာနေဟန်သော ချန်ကျိုစစ်ကို မြင်တွေ့ရခြင်းမှာ သဘောကျစရာကောင်းလေသည်။

ကျောက်ယာ လက်ထဲရှိ ငါးမျှားတံကို အားသာ့ထံ ကမ်းပေးလိုက်သည်။

“ငါ့အစား ခဏ ငါးမျှားထားလိုက်”

အားသာ့သည် ထရပ်လိုက်ပြီး ငါးမျှားတံကို လက်ခံယူလိုက်သည်။ ထိုအခါမှ ကျောက်ယာသည် ထရပ်ကာ ‌ခန္ဓာကိုယ်ကို အနည်းငယ် ဖုန်ခါလိုက်သည်။ ထို့နောက် ချန်ကျဲ့ကို ကြည့်၏။

အားအာ့နှင့် အားစန်းသည် ချန်ကျဲ့ကို စူးရဲစွာ စိုက်ကြည့်နေကြသည်။

ကျောက်ယာ ထိုနှစ်ဦးကို ပြောလိုက်သည်။

“မင်းတို့နှစ်ယောက် ဒီမှာ အားသာ့နဲ့အတူ ကျန်နေခဲ့။ ငါးတစ်ကောင်မှ ဖမ်းမမိရင် ငါ့ကို လာမရှာလှည့်နဲ့”

“ညီနောင်ချန်က ကျွန်တော်နဲ့အတူ လမ်းလျှောက်ပေးပါ”

ချန်ကျဲ့ ချက်ချင်း ပြန်ပြောလိုက်သည်။

“ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ”

ထိုစကားတွင် အားအာ့နှင့် အားစန်းတို့သည် ချန်ကျဲ့အား “ကောင်လေး မင်းဂရုစိုက်တာကောင်းလိမ့်မယ်”ဟု အဓိပ္ပာယ်ရသည့် အကြည့်များဖြင့် စိုက်ကြည့်လာကြသည်။

ချန်ကျဲ့လည်း သူတို့ကို မမြင်ချင်ယောင်ဆောင်ပြီး ကျောက်ယာနောက်သို့ လိုက်သွားခဲ့သည်။ တစ်ယောက်က ရှေ့မှသွားပြီး တစ်ယောက်က နောက်မှလိုက်ရင်းဖြင့် သူတို့နှစ်ဦးသည် ဉယျာဉ်ခြံဝင်း၏အတွင်းပိုင်းထဲသို့ ရောက်ရှိခဲ့ကြသည်။

ယဲ့လုဖုန်း၏ဥယျာဉ်သည် အတော်ကျယ်ဝန်း၏။ တန်ဖိုးကြီးပန်းများကိုလည်း ပြည့်နှက်နေအောင် စိုက်ပျိုးထားသည်။ သူတို့နှစ်ဦးသည် ဥယျာဉ်၏အလှအပကို ခံစားရင်း လမ်းလျှောက်နေခဲ့ကြသည်။

ခဏကြာပြီးနောက် ကျောက်ယာမှ ပြောသည်။

“အခု ရှင် ကျွန်မဆီမှာ အကြွေးနှစ်ခုတင်သွားပြီ”

ချန်ကျဲ့ တွေဝေသွား၏။ ကျောက်ယာမှ မေးသည်။

“ဘာလဲ မဝန်ခံဘူးလား”

ချန်ကျဲ့မှ ပြန်ပြောသည်။

“မဟုတ်ပါဘူး မဟုတ်ပါဘူး။ ဒီနေ့ ခရိုင်မင်းသမီး ကျွန်တော့်ကိုကူညီပေးခဲ့တာက အရမ်းကိုမှ ကြီးမားတဲ့အကူအညီဖြစ်ခဲ့တာပါ။ ကျွန်တော် သေချာပေါက် ခရိုင်မင်းသမီးကို ကျေးဇူးတင်သင့်တာပေါ့”

“ဒါပေမဲ့ ခရိုင်မင်းသမီးက ကျွန်တော့်ကို ဘာလို့ကူညီရလဲဆိုတာကို နားမလည်နိုင်ဖြစ်နေတာပါ”

ချန်ကျဲ့ ကျောက်ယာကို ကြည့်လျက် ပြောခဲ့သည်။

ကျောက်ယာလည်း ချန်ကျဲ့ကိုကြည့်၍ ပြောသည်။

“ဘာလို့‌ဆို ရှင်က တခြားသူတွေနဲ့ မတူလို့လေ”

All Chapters