အခန်း ၆၉၁
Vol. 59 Ch. 691
အခန်း ၆၉၁
“ကျွန်တော်က တခြားသူတွေနဲ့ ဘာမှမကွာခြားပါဘူး၊ ခရိုင်မင်းသမီး မြှောက်ပင့်လွန်းနေပါပြီ။ ကျွန်တော့်မှာ လက်နှစ်ဖက်၊ခြေနှစ်ချောင်း၊ ပါးစပ်တစ်ပေါက်နဲ့ မျက်လုံးနှစ်လုံးပဲ ရှိတာပါ။ တခြားသူတွေနဲ့ ဘယ်နားက ကွာခြားလို့ပါလဲ”
ကျောက်ယာမှ ရယ်မောလျက် ပြောသည်။
“ရှင် တုံးအချင်ယောင်ဆောင်နေတာလား ဒါမှမဟုတ် ကျွန်မကို လှည့်စားချင်နေတာလား”
“ကျွန်တော် မလုပ်ရဲပါဘူး”
ချန်ကျဲ့မှ လက်သီးယှက်အရိုအသေပြုလျက် ပြောလိုက်ရာ ကျောက်ယာမှ ပြန်ပြောသည်။
“ကျွန်မပြောတဲ့ ရှင်က တခြားသူတွေနဲ့ မတူဘူးဆိုတာက ရှင်ရဲ့ဒီနေရာက သာမန်လူတွေနဲ့ မတူဘူးလို့ ဆိုလိုတာ”
ကျောက်ယာသည် သူမ၏ဦးခေါင်းကို လက်ညှိုးထိုးပြလျက် ပြောသည်။
ချန်ကျဲ့မှ ပြောသည်။
“ခရိုင်မင်းသမီး ကျွန်တော်က မတုံးအသလို အရိပ်အကဲမသိတတ်တဲ့သူလည်း မဟုတ်ပါဘူး။ ကျွန်တော်က ဘာများ ကွာခြားလို့ပါလဲ”
ကျောက်ယာမှ ပြန်ပြောသည်။
“ဉာဏ်ကောင်းတယ်ပြောရမလား ဒါမှမဟုတ် ကြီးမားတဲ့ဉာဏ်ပညာကို ပိုင်ဆိုင်ထားတယ်လို့ ပြောရမလား။ ကျားဖြူခန်းမလို အဖွဲ့အစည်းသေးသေးလေးကိုတောင် ရှင်စီမံခန့်ခွဲထားတာက သာမန်ပြည်သူတွေကို အကျိုးရှိစေတယ်။ တော်ဝင်ညီလာခံက အားနည်းနေတဲ့အရာမျိုးမှာ ရှင်က ပါရမီရှိတယ်လို့ ကျွန်မယုံကြည်တယ်။ အဲဒါကြောင့် ကျွန်မ ရှင့်ရဲ့အရည်အချင်းကို မဖြုန်းတီးပစ်ချင်ဘူး”
ဟင်။
ချန်ကျဲ့အံ့ဩသွား၏။ ကျောက်ယာမှ သူ့ကိုသတိထားမိရသည့်အကြောင်းအရင်းမှာ ဤအချက်ဖြစ်နေလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။
သူ၏သိုင်းပညာအရည်အချင်းကို သဘောကျ၍ဖြစ်စေ၊ ကျောက်ယာနှင့် သူသည် ဆက်နွယ်မှုတစ်ခုခုေကြာင့် အကျွမ်းတဝင်ရှိသည်ဟု ခံစားရ၍ဖြစ်စေ သို့မဟုတ် သူ၏ချောမောသည့် ရုပ်ရည်သွင်ပြင်သည် ကျောက်ယာ၏အာရုံစိုက်မှုကို ရယူခဲ့သည်ဟုသာ ခန့်မှန်းထားခဲ့သည်။
သို့သော် သူ၏ မျက်မှောက်ခေတ်နည်းလမ်းများဖြင့် ကျားဖြူခန်းမအား စီမံအုပ်ချုပ်မှုပုံစံသည် ကျောက်ယာ၏အာရုံစိုက်မှုကို ရယူသွားခြင်းဖြစ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ကျောက်ယာမှ ပြောသည်။
“တကယ်တော့ ရှင်သာ ကုန်သည်အဖွဲ့ခေါင်းဆောင်ဖြစ်သွားရင် ကုန်သည်အဖွဲ့ကို ဘယ်လိုစီမံအုပ်ချုပ်မလဲဆိုတာ သိချင်တာ။ ရှင့်ရဲ့စီမံခန့်ခွဲမှုနည်းလမ်းတွေက ကျားဖြူခန်းမရဲ့လမ်းလေးလမ်းကို အုပ်ချုပ်တုန်းကလိုမျိုး ရှင့်လက်အောက်က လူတွေကို ကောင်းကောင်းမွန်မွန် နေထိုင်နိုင်စေမလားဆိုတာ ကျွန်မသိချင်တယ်။ ကျွန်မ ရှင့်ရဲ့စွမ်းဆောင်ရည်ကို အကဲဖြတ်ကြည့်ချင်တယ်။ ပြီးရင် ရှင့်ကို တောင်းဆိုချင်တာရှိတယ်”
ကျောက်ယာမှ လက်ဆန့်တန်းလျက် ပြောသည်။
“အဲဒါကြောင့် ရှင် ကျွန်မအပေါ် အကြွေးနှစ်ခုတင်နေတာကို မှတ်ထားပါ”
ထိုအခါ ချန်ကျဲ့သည် ထပ်မံ၍ လက်သီးယှက်အရိုအသေပြုလိုက်ပြန်ကာ ပြောသည်။
“ဟုတ်ကဲ့ ကျွန်တော် ခရိုင်မင်းသမီးအပေါ်မှာ ကျေးဇူးကြွေးနှစ်ခုတင်နေပါတယ်။ အဲဒါကြောင့် ခရိုင်မင်းသမီးရဲ့ တောင်းဆိုချက်နှစ်ခုကို လိုက်လျောပေးသင့်ပါတယ်”
ကျောက်ယာ စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။
“အရမ်းကောင်းတယ်”
“ချန်ကျိုစစ် အခု ရှင်က ကုန်သည်အဖွဲ့ခေါင်းဆောင်ဖြစ်သွားပြီဆိုတော့ ရှင့်ရဲ့ကုန်သည်အဖွဲ့ကို ဘယ်လိုစီမံအုပ်ချုပ်မယ် စိစဉ်ထားလဲ။ ပြီးတော့ ရှင့်နယ်မြေထဲက သာမန်ပြည်သူတွေကို ကျားဖြူခန်းမရဲ့ လမ်းလေးလမ်းက ပြည်သူတွေရဲ့ဘဝလိုမျိုး ကောင်းကောင်းမွန်မွန်နေနိုင်အောင်လို့ ဘယ်လိုနည်းလမ်းနဲ့ အုပ်ချုပ်မယ်တွေးထားလဲ”
ကျောက်ယာသည် အုပ်ချုပ်ရေးပိုင်းကို ဤမျှအထိ စိတ်ဝင်စားနေလိမ့်မည်ဟု ချန်ကျဲ့ လုံးဝ ထင်မထားခဲ့ပေ။
မိန်းမငယ်လေးတစ်ဦးသည် ရွှေငွေရတနာများကို စိတ်မဝင်စား၊ အလှအပများကို စိတ်မဝင်စားဘဲ တိုင်းပြည်အခြေအနေကို ဂရုစိုက်နေလေသည်။
ဤမိန်းမငယ်လေးသည် အလွန်ရည်မှန်းချက်ကြီးမားသည်ဟု သတ်မှတ်ရပေမည်။
ကျောက်ယာနှင့် ချန်ကျဲ့သည် ကျောက်တုံးကြီးတစ်ခုပေါ်တွင် ထိုင်လျက် ငါးဖမ်းကုန်သည်အဖွဲ့အတွက် စတင်စီစဉ်ကြတော့သည်။
ထို့နောက် ချန်ကျဲ့မှ ပြောသည်။
“ငါးဖမ်းကုန်သည်အဖွဲ့က အခု အတွင်းပိုင်းရှုပ်ထွေးမှုတွေရှိနေတဲ့ အခြေအနေပါ။ အဖွဲ့သားတွေအတွက် ရာထူးတိုးမှုပိုင်းမှာ ရှင်းလင်းပြတ်သားမှုမရှိဘူး၊ ဆုလာဘ်ချီးမြှင့်မှုအတွက် သတ်မှတ်ချက်တွေလည်း လုံလောက်မှုမရှိဘူး၊ ပြစ်ဒဏ်ပေးစနစ်ကလည်း ပြီးပြည့်စုံမှုမရှိဘူး၊ ပြီးတော့ အတွင်းပိုင်းအမြင်တစ်ရပ်လုံးကို ခိုင်မာအောင်လုပ်ဖို့လိုအပ်တယ်…”
ချန်ကျဲ့သည် သူ၏အစီအစဉ်များကို ကျောက်ယာအား ဖြည်းဖြည်းချင်း ရှင်းပြသည်။
ကျောက်ယာသည် မင်သက်စွာ နားထောင်နေခဲ့သည်။ ရံဖန်ရံခါတွင် ချန်ကျဲ့အား မေးခွန်းအချို့ မေးမြန်းခြင်းဖြင့် အဓိကအချက်ကို နားလည်အောင် လုပ်တတ်လေသည်။
“ဆုလာဘ်ချီးမြှင့်မှုအတွက် သတ်မှတ်ချက် မလုံလောက်ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ”
ကျောက်ယာသည် အသိပညာစုဆောင်းချင်စိတ် ပြင်းပြစွာဖြင့် ချန်ကျဲ့ကို မေးသည်။
ချန်ကျဲ့မှ ပြန်ပြောသည်။
“နန်ပါးထျန်းရဲ့ စီမံခန့်ခွဲမှုပြဿနာက မျက်နှာလိုက်အလေးပေးမှု ပြင်းထန်လွန်းတာပဲ။ စွမ်းဆောင်ရည်မရှိတဲ့လူတွေက ရာထူးအမြင့်ပိုင်းကိုရောက်နေပြီး စွမ်းဆောင်ရည်ရှိတဲ့သူတွေက ရာထူးမတိုးနိုင်ဘဲ ဖြစ်နေတယ်။ ဆုလာဘ်နဲ့ ပြစ်ဒဏ်ပေးတဲ့ စံနှုန်းတွေက ရှင်းလင်းပြတ်သားမှုမရှိနေဘူး။ အဲဒီလိုပဲ ရန်သူတစ်ယောက်ယောက်ကို ဖမ်းဆီးတာလိုကိစ္စမျိုးမှာ သာမန်အဖွဲ့သားတစ်ယောက်က ငွေတုံးတစ်တုံးရရှိနိုင်တယ်။ ဒါပေမဲ့ နန်ပါးထျန်းရဲ့လူယုံတချို့ကတော့ ငွေတုံးဆယ်တုံးကနေ ငွေတုံးနှစ်ဆယ်အထိ ရရှိနိုင်ကြတယ်”
“ဒီလိုခွဲခြားဆက်ဆံမှုမျိုးကို ဘယ်သူက လက်ခံနိုင်ပါ့မလဲ။ အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့ဒီလိုနည်းစနစ်က အဆင့်နိမ့်အဖွဲ့သားတွေကို စိတ်အားထက်သန်မှုကျဆင်းစေတယ်။ နန်ပါးထျန်းရဲ့လူယုံတချို့ကတော့ ကြီးပွားနေတော့တာပေါ့။ အပြစ်ကိုဖုံးကွယ်ပြီး အကျိုးဆောင်မှုကို မမှန်မကန်ပြောတာလိုမျိုး တခြားကိစ္စတွေလည်း ရှိသေးတယ်။ ကျွန်တော် ခေါင်းဆောင်ရာထူးဆက်ခံပြီးရင် ပထမဆုံးလုပ်မှာက အဲဒီအလေ့အကျင့်တွေကို ဖြိုဖျက်ပြီး အဖွဲ့သားအားလုံးကို တရားမျှတမှုဆိုတာကို ခံစားရစေဖို့ပဲ”
ကျောက်ယာသည် မျက်လုံးအပြူးသားဖြင့် နားထောင်နေခဲ့၏။
ချန်ကျဲ့ပြောခဲ့သည့် ထိုပြဿနာများမှာ ငါးဖမ်းကုန်သည်အဖွဲ့လေးတွင်သာ တည်ရှိနေသည့် ပြဿနာများမဟုတ်ဘဲ သာ့ချန်ပြည်ကြီး၏ အထက်ပိုင်းအဖွဲ့အစည်းကြီးများတွင်လည်း တည်ရှိနေကြောင်း ကျောက်ယာ သိပေသည်။
အထူးသဖြင့် သူမ၏ဖခင်ဖြစ်သူ ရူယန်မင်းသား၏ စစ်တပ်ထဲတွင် ထိုသို့ပြဿနာများသည် ပုံမှန်ကြုံတွေ့နေကျဖြစ်သည်။ ကျောက်ယာသည် ဤပြဿနာများကို ဖြေရှင်းမည့်နည်းဗျူဟာများမှာ အုပ်ချုပ်ရေးဆိုင်ရာ နည်းဗျူဟာများအဖြစ် အသိအမှတ်ပြုပေသည်။
ချန်ကျိုစစ်က တကယ် ပါရမီရှင်ပဲ။ ဒီချန်ကျိုစစ်ကိုသာ ငါအသုံးချနိုင်ရင် သူက ငါနဲ့အဖေ့ကို ကူညီပြီး ဒီတိုင်းပြည်ကြီး အင်အားတောင့်တင်းပြီး ကြွယ်ဝလာအောင် ကူညီဆောင်ရွက်ပေးနိုင်တဲ့ သာ့ချန်ပြည်ကြီးရဲ့ ဗျူဟာရှင်ကြီးဖြစ်လာမှာပဲ။
ထိုသို့အတွေးဖြင့် ကျောက်ယာမှ ချန်ကျဲ့ကို ပြောသည်။
“ညီနောင်ချန် ရှင် တော်ဝင်ညီလာခံကို ဝင်ရောက်ဖို့ တွေးကြည့်ဖူးလား”
ချန်ကျဲ့ တွေဝေသွားပြီး ကျောက်ယာကို ကြည့်လိုက်သည်။
“ကျွန်တော်က တော်ဝင်ညီလာခံကို ဝင်ရောက်မယ်တဲ့လား”
ကျောက်ယာသည် ရိုးသားပွင့်လင်းစွာ ခေါင်းညိတ်ပြသည်။
“ဟုတ်တယ် တော်ဝင်ညီလာခံထဲ ဝင်ရောက်ဖို့လေ။ ကျွန်မ ရှင့်ကို ကျွန်မအဖေနဲ့ မိတ်ဆက်ပေးနိုင်တယ်။ ရှင်ကတော့ ရှင့်ရဲ့နည်းဗျူဟာတွေနဲ့ ကျွန်မအဖေကို သူ့ရဲ့နယ်မြေတွေကို အုပ်ချုပ်ရာမှာ ကူညီပေးပေါ့။ ဘယ်လိုလဲ”
ချန်ကျဲ့ ကျောက်ယာ၏ ရိုးသားဖြူစင်သည့် မျက်လုံးများအတွင်းသို့ ကြည့်နေခဲ့သည်။
ချန်ကျဲ့ မထိန်းချုပ်နိုင်စွာ စိတ်ထဲမှ ရယ်မောလိုက်သည်။
အာ မင်းအဖေကို နည်းဗျူဟာတွေ ကူညီပေးရမယ်ပေါ့လေ။ ငါ့ရဲ့ စီမံအုပ်ချုပ်ရေးနည်းလမ်းတွေက သာ့ချန်မှာ သုံးလို့ရမယ်လို့ မင်း တကယ်ကြီးထင်နေတာလား။
ခရိုင်မင်းသမီး အို ခရိုင်မင်းသမီးရေ မင်းက အရမ်းတုံးအတာပဲ။
ကောင်းမွန်တဲ့မူဝါဒတွေကို အမြဲ အကောင်အထည်ဖော်နိုင်မယ်လို့ မင်း တကယ်ကြီး ယုံကြည်ထားလို့မရဘူးလေ၊ မဟုတ်ဘူးလား။
မဟုတ်သေးဘူး။ ကောင်းမွန်တဲ့မူဝါဒတွေက သေချာပေါက် အသုံးပြုမခံရဘူး။ များသောအားဖြင့် ကောင်းမွန်တဲ့မူဝါဒတွေက ချောင်ထိုးခံထားရမှာ မဟုတ်ရင် ပစ်မှတ်ထားအပြစ်ရှာခံရမှာပဲ။
မူဝါဒများ၏ သက်ရောက်မှုသည် ဆက်စပ်နေ၏။ ချန်ကျဲ့၏မူဝါဒများသည် ပြည်သူအများစုကို အကျိုးပြုသည်။ လူနည်းစုသော မုလန်လူမျိုးအထက်တန်းလွှာများနှင့် သာမန်ပြည်သူများအတွက် အကျိုးရှိစေသည်လည်း ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။
သို့သော် အမြင့်ပိုင်းရှိ အထက်တန်းလွှာကြီးများ၏ အကျိုးအမြတ်များကိုတော့ သက်ရောက်မှုပြင်းထန်လိမ့်မည်။
အထက်တန်းလွှာများမှ အကျိုးဆောင်မှုကို မမှန်မကန်လုပ်ကြံပြောဆိုခြင်းအား ခွင့်မပြုခြင်းကဲ့သို့ပင်။
ထင်ရှားကျော်ကြားသည့် မျိုးနွယ်စုများမှ ဆင်းသက်လာသော အထက်တန်းလွှာကြီးများသည် အကျိုးဆောင်မှုကို လုပ်ကြံပြောဆိုခြင်း သို့မဟုတ် အဆက်အသွယ်များကို အသုံးချ၍ သူတို့၏အဆင့်အတန်းကို မထိန်းသိမ်းနိုင်ပါက သူတို့၏ရာထူးနေရာကို အဘယ်သို့များ တည်ငြိမ်စေနိုင်ပါမည်နည်း။
ဤမူဝါဒများကို အကောင်အထည်ဖော်ရန် တင်သွင်းခြင်းသည် မူဝါဒအသစ် ထွက်ပေါ်မလာစေရေးအတွက် အသည်းသန်ကာကွယ်ကြကာ သူတို့၏အင်အားအာဏာတည်မြဲရေးအတွက် ဘာမဆိုလုပ်နိုင်သည့် ထိုအထက်တန်းလွှာကြီးများနှင့် ရန်ငြှိုးဖွဲ့လိုက်ခြင်းပင် မဟုတ်ပါလော။
ထို့ပြင် ချန်ကျဲ့၏နားလည်မှုအရ မုလန်လူမျိုးများသည် အုပ်စုဖွဲ့မဟာမိတ်ပြုခြင်းမူဝါဒကို အသုံးပြုကြသည်။ ဆိုလိုသည်မှာ ရူယန်မင်းသားကဲ့သို့ အင်အားအာဏာကြီးမားသူများကို အနည်းငယ်သော၊ ဒါဇင်ကျော်ခန့်သော မျိုးနွယ်စုများမှ ရွေးချယ်ထားခြင်းဖြစ်သည်။
သို့ဖြစ်ရာ မူဝါဒအသစ် အကောင်အထည်ဖော်ခြင်းသည် ထိုအထက်တန်းလွှာကြီးများ၏ အကျိုးအမြတ်ကို ထိခိုက်စေနိုင်လေရာ ထိုအထက်တန်းလွှာကြီးများသည် ကျိန်းသေပေါက် ဆန့်ကျင်ကြလိမ့်မည်။