အခန်း ၆၉၂
Vol. 59 Ch. 692
အခန်း ၆၉၂
ရူယန်မင်းသားသည် ထိုငယ်သားများ၏ အတွေးအမြင်များကို ဂရုမစိုက်ဘဲ ဖိနှိပ်နိုင်စွမ်းမရှိပေ။ မူဝါဒအသစ်တစ်ခု အကောင်အထည်ဖော်လျှင် ဆန့်ကျင်မှုများနှင့် ကြုံတွေ့ရလေရာ ရူယန်မင်းသားမှာ ခံနိုင်ရည်မရှိပေ။
သို့ဖြစ်ရာ ရူယန်မင်းသားမှ မူဝါဒအသစ်တစ်ခု အကောင်အထည်ဖော်သင့်သည်ဟူသည် ဟာသတစ်ခုဖြစ်၏။
သို့ဖြစ်ရာ ၎င်းကို လုပ်ဆောင်ခြင်းငှာ မဖြစ်နိုင်ပေ။ သူကိုယ်တိုင်သည် ဟန့်လူမျိုးတစ်ယောက်ဖြစ်နေခြင်းကို မဆိုထားနှင့် မုလန်လူမျိုးအထက်တန်းလွှာတစ်ဦးဖြစ်နေလျှင်ပင် မူဝါဒအသစ်အကောင်အထည်ဖော်ခြင်းကို မလုပ်ဆောင်ဝံ့ပါချေ။
ချန်ကျဲ့ ငါးဖမ်းကုန်သည်အဖွဲ့တွင် မူဝါဒအသစ်များ အကောင်အထည်ဖော်ရဲခြင်းမှာ ကုန်သည်အဖွဲ့သည် သေးငယ်ပြီး သူ့တွင် အကြွင်းမဲ့ထိန်းချုပ်ခွင့်ရှိပြီး ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ ငါးဖမ်းကုန်သည်အဖွဲ့၌ သူမည်သည့်မူဝါဒများ ချမှတ်သတ်မှတ်ပါစေ မည်သူမျှ ဆန့်ကျင်ဝံ့လိမ့်မည် မဟုတ်ပေ။
နန်ပါးထျန်းသည် ကျရှုံးသွားပြီဖြစ်ကာ နန်ပါးထျန်း၏နောက်လိုက်တစ်ယောက်ယောက်မှ ဆန့်ကျင်ဝံ့ခဲ့လျှင်လည်း ချန်ကျဲ့အနေဖြင့် ထိုဆန့်ကျင်သူကို သတ်ပစ်လိုက်ရုံသာ ဖြစ်သည်။
ကျားဖြူခန်းမတွင်တော့ သူ့ကို ဆန့်ကျင်မယ့်သူ မရှိပေ။
ရှောင်ဟူလား ကျိုးချူလား စစ်ရှီးလား ဘယ်သူက ဆန့်ကျင်မှာတဲ့လဲ။
ချန်ကျဲ့သည် ငါးဖမ်းကုန်သည်အဖွဲ့တွင် အလုံးစုံသော အာဏာကို ပိုင်ဆိုင်ထားပြီဖြစ်၏။ ထို့ကြောင့် မည်သို့သော ပုန်ကန်ထကြွမှုမျိုးဖြစ်စေ အောင်မြင်နိုင်လိမ့်မည် မဟုတ်ပေ။
ငါးဖမ်းကုန်သည်အဖွဲ့၌ သူသည် ဘုရင်ဖြစ်ပြီး ဤလုပ်ငန်းကို သူအလုံးစုံ ဆက်ခံယူပြီး ဖြစ်သည်။
သူဤပလ္လင်ထက် ခိုင်မာစွာ ထိုင်နိုင်ရသည့်အကြောင်းအရင်းမှာ အကျိုးအမြတ်ကို တပ်မက်လိုလားကြသည့် တောင်ပိုင်းဒေသ၏မုလန်လူမျိုးများမှ တွန်းတင်ပေးလိုက်ခြင်းကြောင့် ဖြစ်သည်။
ချန်ကျဲ့သည် သူ၏အာဏာလွှမ်းမိုးမှုဖြင့် အထက်တန်းလွှာတစ်ယောက်၊နှစ်ယောက် သို့မဟုတ် ထိုထက်များသည့် ပမာဏကိုလည်း နှိမ်နင်းနိုင်သည်။
သို့သော် အထက်တန်းလွှာတစ်ရပ်လုံးကိုဖြင့် သူ မဆန့်ကျင်ဝံ့ပါချေ။
သို့မဟုတ်ပါက ပထမဆုံး ဖြုတ်ချခံရသူမှာ သူဖြစ်သွားလိမ့်မည်။
ထို့ပြင် ချန်ကျဲ့၏မူဝါဒသည် ရူယန်မင်းသားအား သူ့ကိုထောက်ပံ့ပေးခဲ့သည့် အထက်တန်းလွှာတစ်ခုလုံးနှင့် ရန်သူဖြစ်သွားစေလိမ့်မည်။ ဤသို့မူဝါဒမျိုးမှာ မည်မျှကောင်းမွန်ပြောင်မြောက်နေဦးတော့ ရူယန်မင်းသားသည် လက်ခံကျင့်သုံးဝံ့လိမ့်မည် မဟုတ်ပေ။
သို့ဖြစ်ရာ ဤသည်မှာ အကောင်အထည်ပေါ်မလာနိုင်သည့် နည်းဗျူဟာတစ်ခုသာ ဖြစ်လေသည်။
သို့သော် ကျောက်ယာနှင့် စကားပြောဆိုပြီးနောက် ချန်ကျဲ့ ကျောက်ယာကို နားလည်လာခဲ့သည်။ သူမသည် သူမ၏ကိုယ်ပိုင်စိတ်ဆန္ဒနှင့် စိတ်ကူးစိတ်သန်းရှိသူဖြစ်သည်။ သို့သော် ပြန်လည်ပြုပြင်ဖွဲ့စည်းခြင်းသည် ကျယ်ကျယ်ပြန့်ပြန့် အကျိုးအမြတ်စားနေသည့် လူအုပ်စု၏ အကျိုးအမြတ်များကို ကိုင်လှုပ်လိမ့်မည်ကိုဖြင့် ကျောက်ယာ နားလည်မနေခဲ့ချေ။
ဆိုလိုသည်မှာ ပြန်လည်ပြုပြင်ဖွဲ့စည်းမှုကို စတင်လုပ်ဆောင်လိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏ ချစ်ခင်ရသော ဦးလေးများ၊ အိမ်တော်သခင်ကြီးများ စသည်တို့သည် သူမကို ချက်ချင်း ကျောခိုင်းဆန့်ကျင်ကုန်ကြလိမ့်မည်။
ထိုသို့အကျိုးဆက်မျိုးအတွက် သူမ ကြိုတင်ပြင်ဆင်ထားပါ၏လော။
သူမ၏ နိုင်ငံရေးအမြင်မှာ အလွန်တရာ မရင့်ကျက်လှဟု ချန်ကျဲ့ တွေးလိုက်သည်။
သို့သော် ထိုသို့လူမျိုးသည် လှည့်စားဖို့ရာ အလွယ်ကူဆုံးဖြစ်ကြပေသည်။
ထိုသို့တွေးလျက် ချန်ကျဲ့ပြုံးလိုက်ပြီး ပြောသည်။
“အရမ်းကောင်းတယ်။ ခရိုင်မင်းသမီးမှာ ဒီလိုမျှော်လင့်ချက်မျိုးရှိနေမှတော့ ကျွန်တော်က ဘယ်လိုအန္တရာယ်မဆို ရဲရဲရင့်ရင့် ရင်ဆိုင်ပြီး ဘယ်အရာကိုမှ တုံ့ဆိုင်းတွေဝေမှု မရှိစေရပါဘူး”
ဆက်ဆံရေးတစ်ခုကို ခိုင်မာအောင် တည်ဆောက်လိုက်ပါက အနာဂတ်တွင် ဤဆက်ဆံရေးကို အသုံးချပြီး ခရိုင်မင်းသမီး၏လူတစ်ယောက် အစစ်အမှန် ဖြစ်လာနိုင်ပေသည်။
ချန်ကျဲ့၏စကားတွင် ကျောက်ယာသည် အလွန်စိတ်လှုပ်ရှားပျော်ရွှင်သွား၏။ ထို့နောက် ပြောသည်။
“ခေါင်းဆောင်ချန် ရှင် တကယ် ကျွန်မကိုကူညီဖို့ ဆန္ဒရှိတယ်လား”
ချန်ကျဲ့ လက်မြှောက်လိုက်ပြီး ပြောသည်။
“ကျွန်တော်ကျိန်ဆိုပါတယ်”
ကျောက်ယာမှ ပြောသည်။
“ကောင်းတယ်။ ခေါင်းဆောင်ချန်ရဲ့အကူအညီနဲ့ဆို တစ်ဝက်အားစိုက်ထုတ်ရုံနဲ့ ရလဒ်ကောင်းထွက်လာမှာ သေချာပါတယ်”
“ဒါပေမဲ့ ခေါင်းဆောင်ချန်၊ ရှင် နည်းနည်းတော့ စောင့်ဖို့လိုလိမ့်မယ်။ အခု ကျွန်မက တော်ဝင်နန်းတော်ရဲ့အမိန့်နဲ့ တာဝန်ထမ်းဆောင်နေတာမလို့ မင်းသားအိမ်တော်ကို ပြန်ရောက်ဖို့ အချိန်နည်းနည်းယူရလိမ့်ဦးမယ်။ အဲဒါပြီးရင်တော့ ရှင့်ကို ကျွန်မနဲ့အတူ ခေါ်သွားလို့ရပြီ”
ထိုအခါ ချန်ကျဲ့ပြောလိုက်သည်။
“အိုး အလျင်မလိုပါဘူး အလျင်မလိုပါဘူး”
ခရိုင်မင်းသမီးကို အရင်ဆုံး တည်ငြိမ်စေရန်သာ ချန်ကျဲ့ ဆုံးဖြတ်လိုက်သည်။ နောက်ပိုင်းကိစ္စကိုတော့ နောက်မှ ဖြေရှင်းပေမည်။
ချန်ကျဲ့နှင့် ကျောက်ယာတို့သည် ကျောက်တုံးကြီးတစ်ခုပေါ်ထိုင်လျက် အတိုင်အဖောက်ညီညီ စကားပြောဆိုေနကြသည်။
မနီးမဝေး၌ အားသာ့၊ အားအာ့နှင့် အားစန်းတို့သည် မျက်မှောင်ကြုတ်လျက် သူတို့ကို ကြည့်နေကြ၏။
အားသာ့မှ ပြောသည်။
“ခရိုင်မင်းသမီးက ဟန့်လူမျိုးတစ်ယောက်ကို မေတ္တာသက်ဝင်သွားတာတော့ မဟုတ်လောက်ပါဘူးနော်”
အားအာ့မှ ပြောသည်။
“မဖြစ်နိုင်တာ။ ခရိုင်မင်းသမီးက ဘယ်လိုလူမျိုးမို့လို့လဲ။ ဟန့်လူမျိုးယောက်ျားတစ်ယောက်က ခရိုင်မင်းသမီးနဲ့ ထိုက်တန်မတဲ့လား”
အားစန်းမှ ပြောသည်။
“ဖားပြုပ်က ငန်းရဲ့အသွေးအသားကို တပ်မက်နေတာပဲ။ ဒါပေမဲ့ ဒီကောင်စုတ်လေးက သေချာပေါက် ဖားပြုပ်ထက် ပိုဉာဏ်ကောင်းတယ်”
ထိုအခါ အားသာ့မှ ပြောသည်။
“မဖြစ်ဘူး။ ငါတို့ သူတို့နှစ်ယောက်တည်း အချိန်ကြာကြာ အတူပေးနေလို့မဖြစ်ဘူး။ ငါတို့ သွားနှောင့်ယှက်ရမယ်”.
အားစန်းမှ ပြောသည်။
“ခရိုင်မင်းသမီးက ကျွန်တော်တို့ကို ငါးဖမ်းမမိမချင်း သူ့ကိုလာမရှာဖို့ ပြောထားတယ်လေ”
ထိုအခါ အားအာ့မှ ပြောသည်။
“အဲဒါက လွယ်ပါတယ်”
ထို့နောက် ရေထဲတွင် ပေါက်ကွဲမှုတစ်ခုဖြစ်သွား၏။ ထို့နောက် ရေကန်ထဲမှ ငါးကြင်းတစ်ကောင်ခုန်ထွက်လာသည်။ အားအာ့သည် ငါးကို လှမ်းဖမ်းလိုက်ပြီးနောက် အားသာ့လက်ထဲ ထည့်ပေးလိုက်သည်။
“ဒီလိုဆို ငါးဖမ်းမိသွားပြီမဟုတ်လား”
အားသာ့မှ ပြောသည်။
“အားအာ့ မင်းက အရမ်းဉာဏ်ကောင်းတာပဲ”
ထိုသို့ပြောလျက် အားသာ့သည် ငါးကို ငါးမျှားချိတ်တွင် ချိတ်လိုက်သည်။ ထို့နောက် သုံးဦးသား ခရိုင်မင်းသမီးရှိရာသို့ အပြေးသွား၏။
“ခရိုင်မင်းသမီး ခရိုင်မင်းသမီး”
ကျောက်ယာသည် ချန်ကျဲ့နှင့် ပြုပြင်ဖွဲ့စည်းမှုနည်းဗျူဟာများကို စိတ်အားထက်သန်စွာ ဆွေးနွေးနေချိန်ဖြစ်သည်။ သူ့ထံ ပြေးလာနေသည့် အားသာ့တို့သုံးဦးကို မြင်သောအခါ မျက်မှောင်ကြုတ်သွား၏။
“ဘာကိစ္စလဲ”
အားသာ့သည် ငါးမျှားတံကို မြှောက်ပြလျက် ပြောသည်။
“ခရိုင်မင်းသမီး ကျွန်တော် ငါးတစ်ကောင်ဖမ်းမိပြီ။ ငါးတစ်ကောင်ဖမ်းမိပြီ”
ထိုအခါ ကျောက်ယာမှ အားသာ့ကို ကြည့်လိုက်ပြီး ပြောသည်။
“ငါ ခေါင်းဆောင်ချန်နဲ့ စကားပြောနေတာ မမြင်ဘူးလား”
ခုနက စကားပြောဆိုနေစဉ်အတွင်း၌ ချန်ကျဲ့သည် ခေါင်းဆောင်ဟု ပြောင်းလဲခေါ်ဆိုခံလိုက်ရပြီဖြစ်သည်။
အားသာ့မှ ပြောသည်။
“ခရိုင်မင်းသမီးက ကျွန်တော်တို့ကို ငါးတစ်ကောင်ဖမ်းမိရင် ခရိုင်မင်းသမီးကို လာရှာခိုင်းထားတာ မဟုတ်ဘူးလား”
ကျောက်ယာ အားသာ့ကို ပြောလိုက်သည်။
“သွား။ ငါးအကောင်တစ်ရာ သွားဖမ်းချည်။ ပြီးမှ ငါ့ကိုလာရှာလှည့်”
ထိုအခါ အားသာ့သည် အားအာ့၊ အားစန်းတို့နှင့် အကြည့်ချင်းဖလှယ်လိုက်သည်။ ထို့နောက် အရိုအသေပြုလိုက်ပြီး ပြောသည်။
“ဟုတ်ကဲ့”
ထိုသို့ပြောခဲ့ပြီး သူတို့ ရေကန်ဘေးသို့ ပြန်လာခဲ့ကြသည်။ ထို့နောက် အပြန်အလှန် အကြည့်ချင်းဖလှယ်လိုက်ကြ၏။
ထို့နောက် သုံးယောက်အတူ အတွင်းအားထုတ်လိုက်ကြသည်။
လုပ်လိုက်ကြတာပေါ့။
ရုတ်ချည်းပင် ရေကန်မှာ ပေါက်ကွဲပစ္စည်းများ အပြည့်ရှိနေသည့်အလား ရေပြင်အနှံ့ပေါက်ကွဲကုန်တော့သည်။ ငါးများသည်လည်း ဖရိုဖရဲဖြင့် ရေပေါ်ပေါ်လာကြလေသည်။ ထိုအခါ အားသာ့မှ ပြောသည်။
“အားစန်း”
အားစန်းသည် တစ်ချက်အသာခုန်၍ ငါးခြင်းတောင်းကြီးတစ်ခုကို ဆွဲယူလိုက်သည်။
ထို့နောက် လေပေါ်ခုန်ပျံကာ လက်တစ်ဖက်တွင် ငါးခြင်းတောင်းကို ကိုင်လျက် ကျန်တစ်ဖက်ဖြင့် လေပေါ်ခုန်တက်လာသည့် ငါးများကို ဖမ်းဆီးသည်။ မကြာမီ ငါးခြင်းတောင်းတစ်တောင်း ပြည့်သွား၏။
ထို့နောက် နောက်ထပ်ခြင်းတောင်းတစ်ခုကို ယူကာ ထပ်ဖမ်းသည်။
ငါးခြင်းတောင်းသည် အလွန်လျင်မြန်စွာ ပြည့်သွား၏။
ထိုအချိန်၌ ထိုနေရာအနီးမှ ဖြတ်သွားသည့် ယဲ့လုဖုန်းသည် ပေါက်ကွဲသံများကို ကြားလိုက်ရရာ အထဲတွင် တိုက်ပွဲဖြစ်နေပြီဟု တွေးထင်လိုက်သေးသည်။ သို့သော် ညီအစ်ကိုသုံးဦးမှ ငါးများကို ဖောက်ခွဲဖမ်းဆီးနေခြင်း ဖြစ်နေခဲ့လေသည်။
“ဒါက ဘာဖြစ်နေတာလဲ”
ယဲ့လုဖုန်းမှာ နားမလည်နိုင်ဖြစ်သွားရ၏။
အဲဒီသုံးယောက်က ဘာလုပ်ချင်နေတာလဲ။
ငါ့ရေကန်ကို ငါးဖောက်ခွဲပြီးဖမ်းတဲ့ကန်လုပ်ပစ်နေတာလား။ ဒီကန်ထဲ ငါးတွေ ဖြည့်မွေးဖို့ ငါအတော်လေး အားစိုက်ထုတ်ခဲ့ရတာ မင်းတို့ အပျော် လျှောက်ဖောက်ခွဲပစ်ဖို့ မဟုတ်ဘူးကွ။