← Chapters

အခန်း ၆၉၃

Vol. 59 Ch. 693

အခန်း ၆၉၃

Vol. 59 Ch. 693

အခန်း ၆၉၃

အရည်အသွေးမြင့်ငါးများ ရေထဲမှ ဖောက်ခွဲထုတ်ခံရကာ ခြင်းတောင်းထဲ ပစ်ထည့်ခံနေရသည့်မြင်ကွင်းကို ကြည့်လျက် ယဲ့လုဖုန်း၏မျက်နှာမှာ ဖြူဖျော့သွားတော့သည်။

ချီမုကောမှ ခပ်တိုးတိုးပြော၏။

“သခင်ကြီး”

ယဲ့လုဖုန်း အံကြိတ်လျက် အမိန့်ပေးသည်။

“ဒီနေ့နေ့လယ် စားသောက်ပွဲတော်မှာ ငါးအကောင်ရေတစ်ရာပြင်လိုက်”

“ဟုတ်ကဲ့”

ထို့နောက် ယဲ့လုဖုန်းသည် ထိုမြင်ကွင်းကို မကြည့်လိုတော့သဖြင့် နေရာမှ လှည့်ထွက်သွားခဲ့သည်။

“သူတို့စိတ်တိုင်းကျလုပ်ပါစေ”

ကျောက်ယာနှင့် ချန်ကျဲ့သည်လည်း ဆူညံသံများကြောင့် လန့်ဖျပ်သွားရကာ ခေါင်းလှည့်ကြည့်လိုက်ကြသည်။ ထိုအခါ ရေများပေါက်ကွဲ၍ ငါးများ ခုန်ပျံထွက်လာနေသည့် လှပသော ဖျော်ဖြေမှုမြင်ကွင်းကို မြင်လိုက်ရလေသည်။

ချန်ကျဲ့ အံ့ဩနေခြင်းကို မဖုံးကွယ်နိုင်ချေ။

“ဘုရားရေ ဒါက သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ရဲ့ ချီစွမ်းအင်ဆိုတာလား။ မိုက်လိုက်တာ..”

ကျောက်ယာသည်တော့ စိတ်ရှုပ်သွားကြောင်း သိသာလှသည်။ သူမ ထရပ်လိုက်သည်။

“ခေါင်းဆောင်ချန် ရှင်နဲ့ စကားပြောရတာ တကယ်ပျော်ခဲ့ပါတယ်။ အခု အာ… ရယ်စရာဖြစ်စေမိပါပြီ ရယ်စရာဖြစ်စေမိပါပြီ”

“ရပါတယ် ခရိုင်မင်းသမီး စိတ်ထဲမထားပါနဲ့”

ချန်ကျဲ့မှ ပြန်ပြောသည်။

ကျောက်ယာမှ မေးသည်။

“ခေါင်းဆောင်ချန် ရှင်က အခု ငါးဖမ်းကုန်သည်အဖွဲ့ကို တာဝန်ယူလိုက်ပြီဆိုတော့ မနက်ဖြန်ကစပြီးတော့ ကုန်သည်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းတော့မှာလား”

“ဟုတ်ပါတယ်”

ချန်ကျဲ့မှ ပြောသည်။

“ကျွန်တော်တို့ နောက်ကျလို့မဖြစ်ဘူး။ ကျွန်တော် နောက်၇ရက်နေရင် ရာထူးဆက်ခံပွဲအတွက် ပြင်ဆင်ရဦးမယ်”

ထိုအခါ ကျောက်ယာမှ ပြောသည်။

“ရှင် ကုန်သည်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းတဲ့အခါ ကျွန်မ ဘေးကနေ စောင့်ကြည့်ပြီး သင်ယူရမလားလို့ တွေးနေတာ”

ချန်ကျဲ့ ခဏမျှ မင်သက်သွားခဲ့ပြီးနောက် အမြန်ပြန်ပြောလိုက်သည်။

“ရတာပေါ့ဗျာ။ ခရိုင်မင်းသမီးလိုပုဂ္ဂိုလ်မျိုးက ကျွန်တော့်ရဲ့ဒီလိုကိစ္စလေးတွေကို စိတ်ဝင်စားပေးတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ”

“မဟုတ်တာ မဟုတ်တာပါ၊ ငါးဖမ်းကုန်သည်အဖွဲ့မှာ ရှင်က ကျွန်မရဲ့ဆရာပါပဲ”

ကျောက်ယာမှ ပြောသည်။

“ကျွန်မက ရှင့်ဆီကနေ အဖွဲ့အစည်းတစ်ခု၊ နယ်မြေတစ်ခုကို ဘယ်လိုစီမံအုပ်ချုပ်ရလဲဆိုတာ သင်ယူရမှာပါ”

“ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်”

ချန်ကျဲ့မှ ပြောသည်။

“ဒါဆိုရင်တော့ ရှင့်ကို ယုံကြည်အပ်နှံထားလိုက်ပါမယ် ခေါင်းဆောင်ချန်”

ကျောက်ယာမှ ပြောသည်။

“ကျွန်တော်လုပ်သင့်တာပါ”

ချန်ကျဲ့မှ ထပ်ပြောသည်။

သူတို့သည် စကားပြောရင်း ရေကန်ဘေးသို့ ရောက်လာခဲ့ကြသည်။ အားသာ့မှ ကျောက်ယာဘက်သို့လှည့်၍ ပြောသည်။

“ခရိုင်မင်းသမီး ကျွန်တော်တို့ ငါးဖမ်းတာ အကောင်တစ်ရာပြည့်တော့မယ်။ ခဏပဲစောင့်ပါ”

ကျောက်ယာ မျက်မှောင်ကြုတ်လိုက်သည်။

“ထပ်မဖမ်းနဲ့တော့”

အားသာ့ နားမလည်နိုင်စွာ ပြောလိုက်သည်။

“ဪ ဒါဆိုလည်းကောင်းပါပြီ။ အားစန်း ရပ်တော့။ ခရိုင်မင်းသမီးက ထပ်မဖမ်းနဲ့တော့တဲ့”

ထိုအခါ အားစန်း ရပ်လိုက်သည်။

ထိုအချိန်၌ ချီမုကောသည် ရေကန်ရှိ အခြေအနေမှာ တည်ငြိမ်သွားပြီဖြစ်ကြောင်း သတိထားမိသဖြင့် အနားကပ်သွားလိုက်ပြီး ပြောသည်။

“ခရိုင်မင်းသမီး သခင်ကြီးယဲ့လုက မင်းသမီးကို စားသောက်ပွဲတော်တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်”

ကျောက်ယာမှ ပြန်ပြောသည်။

“အင်း သိပြီ။ ခေါင်းဆောင်ချန် အတူသွားကြတာပေါ့”

ထိုအခါ ချန်ကျဲ့ အရိုအသေပြုလိုက်ပြီး ပြောသည်။

“ခရိုင်မင်းသမီး ကျွန်တော့်ကို အဲဒီလို အရမ်းကြီးတလေးတစားခေါ်ဖို့ မလိုပါဘူး။ ဒီလိုခေါ်တာက အထင်လွဲစရာတွေ ဖြစ်ကုန်ပါလိမ့်မယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ချန်ကျိုစစ်လို့ပဲ ခေါ်ပါ”

ကျောက်ယာ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောသည်။

“ကောင်းပြီ။ ကျွန်မ ရှင့်ကို ခေါင်းဆောင်ချန်လို့ မခေါ်တော့ဘူး။ အရင်လိုပဲ အစ်ကိုချန်လို့ ခေါ်မယ်”

“ခရိုင်မင်းသမီးကို ကျေးဇူးတင်ပါတယ်”

ချန်ကျဲ့မှ ပြောသည်။

ထို့နောက် ကျောက်ယာမှ အားသာ့တို့ကို ပြောသည်။

“သွားစို့”

“ခရိုင်မင်းသမီး ဒီငါးတွေကို ဘယ်လိုလုပ်လိုက်ရမလဲ”

ထိုအခါ ချီမုကောမှ ပြောသည်။

“လူကြီးမင်းတို့ ငါးတွေကို ကျွန်တော်နဲ့ထားခဲ့လိုက်ပါ”

သုံးဦးသည် ချီမုကောကို ပြန်ပြော၏။

“အင်း ဒါဆိုလည်း မင်းကိုပေးခဲ့လိုက်မယ်”

ထို့နောက် သူတို့သည် ကျောက်ယာ၏ဦးဆောင်မှုနှင့်အတူ ဧည့်ဆောင်သို့ သွားခဲ့ကြသည်။

ဧည့်ဆောင်၌ ယဲ့လုဖုန်းသည် သူတို့ကို စောင့်နေပြီဖြစ်သည်။ ခရိုင်မင်းသမီးကို မြင်သောအခါ ချက်ချင်း ထရပ်၏။

“ခရိုင်မင်းသမီး”

ကျောက်ယာ လက်ဝှေ့ရမ်းလိုက်သည်။ ယဲ့လုဖုန်းသည် အဓိကနေရာတွင် ကျောက်ယာကို ထိုင်စေသည်။

ယဲ့လုဖုန်းသည် အရိုအသေပြုပြီးနောက် တစ်နေရာတွင် နေရာယူလိုက်သည်။ ချန်ကျဲ့လည်း အစွန်ဘက်တစ်နေရာတွင် နေရာယူရန် စဉ်းစားလိုက်သည်။ သို့သော် မထင်မှတ်ဘဲ ကျောက်ယာမှ ပြောလာသည်။

“အစ်ကိုချန် လာ ကျွန်မဘေးမှာ လာထိုင်”

ချန်ကျဲ့ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ပြီးနောက် ပြောသည်။

“ခရိုင်မင်းသမီး ကျွန်တော့်အဆင့်အတန်းနဲ့ ဘယ်လိုလုပ်ပြီး သခင်ကြီးယဲ့လုနဲ့ တစ်တန်းတည်း ထိုင်နိုင်မှာပါလဲ။ မသင့်တော်ပါဘူး။ ကျွန်တော် ဒီအစွန်မှာပဲ ထိုင်လိုက်ပါ့မယ်”

ထိုအခါ ကျောက်ယာသည် ယဲ့လုဖုန်းကို မေး၏။

“သခင်ကြီး ခေါင်းဆောင်ချန် ကျွန်မဘေးမှာထိုင်တာ မသင့်တော်ဘူးလို့ထင်သလား”

“သင့်တော်ပါတယ် အရမ်းသင့်တော်ပါတယ်”

ယဲ့လုဖုန်းသည် ရိုးဖြောင့်ဟန်သော အပြုံးမျက်နှာဖြင့် ပြောသည်။

“ကျိုစစ်က ခရိုင်မင်းသမီးရဲ့ တန်ဖိုးထားခံရတဲ့ အလားအလာရှိတဲ့ လူငယ်တစ်ယောက်ပါ။ သူ ဒီထိုင်ခုံမှာ ထိုင်တာ သင့်တော်ပါတယ်။ ပြီးတော့လည်း သူနဲ့ကျွန်တော် စားပွဲတစ်ခုတည်း မျှဝေနိုင်တာက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ။ ကျိုစစ် မြန်မြန်လာ၊ ခရိုင်မင်းသမီးဘေးမှာ ထိုင်လိုက်”

ချန်ကျဲ့မှာ အကျပ်ရိုက်နေတော့သည်။

“ဒီလိုက မသင့်တော်ဘူးထင်တယ်နော်”

ယဲ့လုဖုန်း မတ်တပ်ထရပ်လိုက်သည်။

“ငါကိုယ်တိုင် မင်းကို လာဖိတ်ခေါ်ရမှာလား”

“မဟုတ်ပါဘူး မဟုတ်ပါဘူး”

ချန်ကျဲ့ အမြန်ပြန်ပြောလိုက်သည်။

“ကျွန်တော်ထိုင်ပါ့မယ်”

အားသာ့၊ အားအာ့နှင့် အားစန်းတို့သည် နေရာမယူမီ အချင်းချင်းအကြည့်ဖလှယ်လိုက်ကြသည်။ ထို့နောက်မှ ဝင်ထိုင်သည်။

ချန်ကျဲ့နှင့် ကျောက်ယာတို့ အေးအေးဆေးဆေး စကားပြောနေကြသည့် မြင်ကွင်းတွင် လူတချို့မှာ မျက်မှောင်ကြုတ်ကုန်ကြရသည်။

သို့သော်လည်း သူတို့ဘာမှမလုပ်နိုင်ပေ။ ပေါ်ပေါ်ထင်ထင် မနှစ်ခြိုက်ကြောင်းထုတ်ပြခြင်းသည် ခရိုင်မင်းသမီးအား စိတ်မကျေမချမ်းဖြစ်စေနိုင်ပေသည်။

အားလုံးနေရာယူပြီးနောက် ယဲ့လုဖုန်းသည် လက်ခုပ်တီး၍ ဟင်းပွဲများ တည်ခင်းရန် အချက်ပြလိုက်သည်။ မကြာမီ အစားအသောက်များ ရောက်လာသည်။ ယဲ့လုဖုန်းမှ ပြောသည်။

“ခရိုင်မင်းသမီးက ငါးအကောင်တစ်ရာကျော် ဖမ်းခဲ့တာမြင်တော့ ကျွန်တော်လည်း ငါးတစ်ရာစားသောက်ပွဲတော်ကျင်းပဖို့ စိတ်ကူးရသွားခဲ့ပါတယ်။ ခရိုင်မင်းသမီး သဘောကျဖို့မျှော်လင့်ပါတယ်”

ထိုအခါ ကျောက်ယာသည် စားပွဲအစွန်းဆုံးရှိ သူမ၏ငတုံးနောက်လိုက်သုံးယောက်ကို ကြည့်လိုက်သည်။

ဒီစားသောက်ပွဲအတွက် သူတို့သုံးယောက်ရဲ့အကူအညီက မသေးဘူးပဲ။

ထိုစဉ် အားစန်းမှ မှတ်ချက်ပြုသည်။

“အာ ငါးတစ်ရာစားသောက်ပွဲလား။ ကျုပ် ကြားတော့ကြားဖူးပေမဲ့ တစ်ခါမှ စမ်းမကြည့်ခဲ့ဖူးဘူး။ ဒီတစ်ခါတော့ သေချာလေး မြည်းစမ်းကြည့်ရမယ်”

ထိုအခါ ယဲ့လုဖုန်းသည် လက်ခုပ်တီးအချက်ပြလိုက်သည်။ ထိုအခါ အသင့်စောင့်နေသည့် အစေခံများသည် ဟင်းပွဲများ စတင်ချပေးကြသည်။

ငါးနှပ်၊ ငါးကင်၊ ငါးပေါင်း၊ ငါးအသားပြားနှင့် အချဉ်ရည်၊ ငါးခေါင်းနှင့်တို့ဟူးဟင်း…

စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၏ စားဖိုမှူးများသည် မျန့်ရွှေစီရင်စုတွင် အကောင်းဆုံးစားဖိုမှူးများ ဖြစ်သည်။ ထို့ကြောင့် သူတို့၏ဟင်းလျာများသည် အတော်လေး ထူးခြား၏။

သူတို့သည် စားသောက်ပွဲတော်ကို ပျော်မွေ့နေကြသည့် သာမန် ဧည့်ခံသူနှင့် ဧည့်သည်များကဲ့သို့ စားသောက်ရင်း စကားစမြည်ပြောခဲ့ကြသည်။

ယဲ့လုဖုန်းသည် အခွင့်အရေးရှာပြီး နန်ပါးထျန်း၏အခြေအနေကို ကျောက်ယာထံ တင်ပြသည်။ နားထောင်ပြီးနောက် ကျောက်ယာသည် လေးနက်စွာ ခေါင်းညိတ်၏။

“ခရိုင်မင်းသမီး ဒီနန်ပါးထျန်းက အရမ်းအဆင်အခြင်မဲ့လွန်းပါတယ်”

ယဲ့လုဖုန်းမှ ပြောသည်။

“ချန်ကျိုစစ်နဲ့ ကျွန်တော်နဲ့ စုံစမ်းစစ်ဆေးပြီးနောက်မှာ နန်ပါးထျန်းက မိန်ဂိုဏ်းနဲ့ လျှို့ဝှက်ပူးပေါင်းပြီး စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်နေတာကို သိခဲ့ရပါတယ်။ အဲဒီလက်နက်တွေကို မြောက်ပိုင်းက သူပုန်တပ်ဆီ တင်ပို့ဖို့ ပြင်ဆင်နေခဲ့တာပါ။ ကျိုစစ်ရဲ့ အမြော်အမြင်ရှိရှိ တင်ပြချက်ကြောင့် ကျွန်တော့်ရဲ့စစ်တပ်က နန်ပါးထျန်းကို တားဆီးနိုင်ခဲ့ပါတယ်။ မဟုတ်ရင် နောက်ဆက်တွဲအကျိုးဆက်တွေက မတွေးရဲစရာပါပဲ”

ကျောက်ယာ ခေါင်းအသာညိတ်သည်။

“ရှင်တို့အားလုံး ပင်ပန်းသွားကြပြီ”

“လုံးဝ မပင်ပန်းပါဘူး”

ယဲ့လုဖုန်း အရိုအသေပြုလိုက်သည်။

“ခရိုင်မင်းသမီးသာ အမိန့်ပေးလိုက်ရင် ကျွန်တော့်အနေနဲ့ ခရိုင်မင်းသမီးရဲ့ စိုးရိမ်ပူပန်မှုတွေကို မျှဝေပြီး တာဝန်ထမ်းဆောင်ပေးဖို့ရာ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး”

ကျောက်ယာ စဉ်းစားနေလိုက်ပြီးနောက် ပြောသည်။

“အမှန်အတိုင်းပြောရရင် ကျွန်မ သခင်ကြီးယဲ့လုရဲ့အကူအညီကို လိုအပ်နေတဲ့ကိစ္စတစ်ခုတော့ ရှိပါတယ်”

“ခရိုင်မင်းသမီး ကျေးဇူးပြုပြီး ပြောပါ”

“လွန်ခဲ့တဲ့တစ်နှစ်တုန်းက ကျွန်မ မိစ္ဆာနီဝမ်ကျွင့်ရဲ့ ပြန်ပေးဆွဲခံခဲ့ရတယ်။ ရှင် အဲဒီကိစ္စကို သိသလား”

ယဲ့လုဖုန်းမှ ပြန်ပြောသည်။

“ကျွန်တော် သိပါတယ်။ ကျွန်တော်လည်း ခရိုင်မင်းသမီးကို ကယ်တင်ဖို့အတွက် လူတွေ စေလွှတ်ပေးခဲ့ပါတယ်”

“အင်း၊ ငါသိချင်တာက အဲဒီတုန်းက နီဝမ်ကျွင့်ပုန်းအောင်းခဲ့တဲ့နေရာတစ်ခုခုများရှိသလား။ သူနဲ့ တိုက်ခိုက်ခဲ့တဲ့နေရာတို့ ဒါမှမဟုတ် သူဒဏ်ရာရသွားတို့ အဲဒီလိုမျိုးတစ်ခုခုရော သိထားသလား”

ကျောက်ယာသည် နီဝမ်ကျွင့်၏မျက်နှာဖုံးဖြင့် တခြားသူတစ်ယောက်ရောက်လာခဲ့ဖူးသည့်အကြောင်းကို ထိမ်ချန်ကာ မေးလိုက်သည်။ ထိုအချိန်က တခြားတစ်ယောက်ရောက်လာခဲ့ခြင်းမှာ နီဝမ်ကျွင့်သည် ဒဏ်ရာရထားသောကြောင့် ကိုယ်တိုင်ရောက်မလာနိုင်ခြင်း ဖြစ်နိုင်ပေသည်။ သို့နည်းဖြင့် ဖြစ်နိုင်ခြေများကို လျှော့ချတွေးတောနိုင်ပေသည်။

ထိုအခါ ယဲ့လုဖုန်းမှ ပြောသည်။

“သိပါတယ်။ ရှန်းထောင်မြို့မှာပါ”

“ရှန်းထောင်မြို့လား”

ကျောက်ယာ မျက်လုံးမှေးကျုံ့သွား၏။ ရင်းနှီးနေသလိုပင်။

“ဟုတ်ပါတယ် ရှန်းထောင်မြို့ပါ”

ယဲ့လုဖုန်း ဆက်ပြောသည်။

“အာ ချန်ကျိုစစ်လည်း ရှန်းထောင်မြို့ကပဲ။ ခရိုင်မင်းသမီး ချန်ကျိုစစ်ကို မေးကြည့်လို့ရပါတယ်”

ဟင်။

ကျောက်ယာ ချန်ကျိုစစ်ကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။

All Chapters