အခန်း ၆၉၆
Vol. 59 Ch. 696
အခန်း ၆၉၆
မျန့်ရွှေကဲ့သို့ မထင်မရှား စီရင်စုအသေးလေးကို ဟန်ဟယ့်နှင့်ဟန်လျန်ကဲ့သို့ တိုက်ရိုက်တပည့်များကို အဘယ်ကြောင့် စေလွှတ်၍ ယီးဟုန်ဂေဟာဖွင့်ခိုင်းရသနည်းဟု ချန်ကျဲ့ အရင်က စဉ်းစားနေခဲ့ဖူးသည်။
အခုတော့ သူနားလည်သွားလေပြီ။ ဤသည်မှာ တော်ဝင်နန်းတော်နှင့် ရင်ဆိုင်ဖို့အတွက် မဟုတ်ဘဲ မျန့်ရွှေ၏ ဆေးဘုရင်ရတနာကို စောင့်ကြည့်ရန် ဖြစ်ပေလိမ့်မည်။ သို့ဆိုလျှင် အဓိပ္ပာယ်ရှိသွားလေပြီ။
“သေရည်ဂျိုးတစ်ယောက် စိတ်ဝင်စားတာက သေရည်ကိုမှ မဟုတ်တာပဲ”
ချန်ကျဲ့ စိတ်ထဲတွင် တွေးလိုက်သည်။
အဲဒီတော့ မျန့်ရွှေက ဒီလောက်တောင် အရေးကြီးတဲ့နေရာပေါ့လေ။
ထိုသို့တွေးလျက် ချန်ကျဲ့ ယဲ့လုဖုန်းကို မေးလိုက်သည်။
“သခင်ကြီးယဲ့လုက မျန့်ရွှေကိုရောက်တာ ၁၀နှစ်ကျော်တောင်ရှိပြီဆိုတော့ ဒီဆေးဘုရင်ရတနာအကြောင်းကို ကြားဖူးလားဗျ”
ယဲ့လုဖုန်း အသာခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ငါကြားဖူးတယ်။ အရင် စီရင်စုအုပ်ချုပ်ရေးမှူးဟောင်းက နှစ်စဉ်မှတ်တမ်းထဲမှာ မှတ်တမ်းတင်ထားတယ်။ လွန်ခဲ့တဲ့နှစ်၃၀တုန်းက မျန့်ရွှေမှာ နဂါးတွေ ပေါများလို့ ကြီးမားပြည့်ဝတဲ့ ကုန်းမြေကြီး မြစ်ထဲက ထွက်ပေါ်လာတယ်တဲ့။ သိုင်းလောကသားတွေက အဲဒီကုန်းမြေကြီးဆီ အုံဖွဲ့သွားခဲ့ကြပြီး အဆုံးမှာ အမျိုးသမီးတစ်ယောက်က ဆေးဘုရင်ရတနာတွေထဲက တန်ဖိုးအကြီးဆုံးပစ္စည်းတစ်ခုကို ရယူသွားခဲ့တယ်။ အဲဒီအချိန်ကတည်းက သိုင်းပညာရှင်ကြီးတွေက အဲဒီကုန်းမြေကြီးကနေ ထွက်ခွာလာခဲ့ကြပြီး အဲဒီအကြောင်းကို ထပ်မပြောကြတော့ဘူးတဲ့”
ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။
“အဲဒီတော့ ဟန်မြောင်ကျန်းကို အထက်ကို တက်လှမ်းစေခဲ့တဲ့ ဇာမဏီအသွင်ပြောင်းဆေးလုံးက ဆေးဘုရင်ရတနာတစ်ပါးဖြစ်ပြီးတော့ အဲဒီရတနာကို မရလိုက်ဘဲ ဆုံးရှုံးလိုက်ရတဲ့အခါမှာ သိုင်းပညာရှင်ကြီးတွေက ဆေးဘုရင်ရတနာကို စိတ်မဝင်စားကြတော့ဘူးပေါ့ ဟုတ်လား”
ထိုအခါ ယဲ့လုဖုန်းမှ ပြောသည်။
“အဲဒီလိုဖြစ်လိမ့်မယ်”
ကျောက်ယာမှ ပြောသည်။
“အမှန်ပဲ။ ဆေးဘုရင်တောင်ကြားက တန်ဖိုးအကြီးဆုံးရတနာ ဇာမဏီအသွင်ပြောင်းဆေးလုံးက သူများယူသွားပြီးပြီ။ မဟုတ်ရင် ဒီရတနာလေးက ငါတို့လို သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်တွေကို တပ်မက်စေနိုင်ပါ့မလား။ တခြားသိုင်းပညာရှင်တွေ ယူနိုင်သွားတာ ကြာရောပေါ့။ ငါတို့က ခြေတစ်လှမ်းတောင် ကြားဝင်လိုက်မှာ မဟုတ်ဘူး”
“အဲဒီလိုဆေးအများစုကို သိုင်းပညာရှင်အချို့က ယူသွားပြီးကြပေမဲ့ အယူမခံရသေးတဲ့ ဆေးပစ္စည်းအချို့ ရှိနေသေးတယ်။ အားအာ့”
ကျောက်ယာမှ ခေါ်လိုက်ရာ အားအာ့သည် အနားရောက်လာပြီး စာရင်းတစ်ခုကို ထုတ်ပေးသည်။
ကျောက်ယာမှ ပြောသည်။
“ဒီစာရင်းက အရင်က ဆေးဘုရင်တောင်ကြားကို ဝင်ခဲ့ဖူးသူတစ်ယောက်ဆီက ရခဲ့တာပဲ။ အထဲမှာ ဆေးပစ္စည်းအမျိုးအစား အများကြီးပါတယ်။ ထိုက်ဆွေ့ဆေးလုံးတွေလည်း အများကြီးပဲ”
“ထိုက်ဆွေ့ဆေးလုံး”
ထိုစကားတွင် ယဲ့လုဖုန်း၏မျက်လုံးများ တောက်ပသွား၏။
ထိုက်ဆွေ့ဆေးလုံးကို မလိုချင်တဲ့သူရှိပါ့မလား။ ထိုက်ဆွေ့ဆေးလုံးဆိုတာ ရတနာတစ်ပါးပဲလေ။
ထိုသို့တွေးတောရင်း ယဲ့လုဖုန်းသည် ကျောက်ယာဖြန့်ပြသည့် စာရင်းကို ကြည့်လိုက်သည်။ အထဲတွင် အရည်အသွေးမြင့် ဆေးဖက်ဝင်ပစ္စည်းများစွာ ပါဝင်ပေသည်။
ချန်ကျဲ့လည်း စာရင်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူသည် အစက သိပ်စိတ်မဝင်စားဘဲ သာမန်ကာလျှံကာမျှ ကြည့်လိုက်ခြင်းဖြစ်သည်။ သို့သော် သူ၏အကြည့်များသည် ဆေးဖက်ဝင်ပစ္စည်းများစွာထဲမှ အမည်တစ်ခုအပေါ်တွင် ရပ်တန့်သွားရသည်။
ရေစိမ်းသစ်သီးနီ။
ချီစွမ်းအင်ဆေးလုံးဖော်စပ်ရန်အတွက် လိုအပ်သည့် အဓိကပါဝင်ပစ္စည်းနှစ်မျိုးမှာ ရေစိမ်းသစ်သီးနီနှင့် ထိုက်ဆွေ့အသားဖြစ်သည်။ သူလိုအပ်နေသည့်ပစ္စည်းသည် စာရင်းထဲတွင် ပါဝင်နေ၏။ ချန်ကျဲ့ အကြည့်မလွှဲနိုင်တော့ပေ။
ထိုအချိန်၌ ယဲ့လုဖုန်းသည်လည်း စာရင်းကို ဖတ်ကြည့်ရင်း အမည်တစ်ခုထံတွင် အကြည့်ရပ်နေသည်။
သွေးငွေ့သစ်သီး။
သွေးငွေ့သစ်သီးသည် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်မှ ဝံပုလွေအငွေ့အသက်အဆင့်သို့ တက်လှမ်းစေနိုင်သည့် အဓိကပါဝင်ပစ္စည်းတစ်ခုဖြစ်သည်။ ယဲ့လုဖုန်းသည် ၎င်းကို ရှာဖွေနေခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်သည်။
မမျှော်လင့်ထားဘဲ ၎င်းသည် ဆေးဘုရင်ရတနာများထဲ ရှိနေသည်။ သို့ဖြင့် ထိုအမည်ကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်၌ ယဲ့လုဖုန်း၏ဦးခေါင်းထဲ အတွေးများလှိုင်းထန်သွားတော့သည်။
အဲဒီဆေးကို ငါအရယူမယ်။
ရေစိမ်းသစ်သီးနီကို ကြည့်နေခဲ့သည့် ချန်ကျဲ့သည်လည်း စိတ်ပိုင်းဖြတ်လိုက်သည်။
ငါ ဆေးဘုရင်တောင်ကြားထဲ ဝင်နိုင်ဖို့ နည်းလမ်းရှာရမယ်။ စာရင်းအရဆို ရေစိမ်းသစ်သီးနီက အရမ်းရှားပါးတဲ့ပစ္စည်းထဲတောင် မပါဝင်ဘူး။
သို့ဖြစ်ရာ ချန်ကျဲ့အနေဖြင့် ရေစိမ်းသစ်သီးနီကို ဆေးဘုရင်တောင်ကြား အတွင်းဆုံးထဲအထိ ဝင်စရာပင် မလိုအပ်ဘဲ အစွန်အဖျားလေးတွင်ပင် ရှာတွေ့နိုင်ကာ သူ၏ကျင့်ကြံဆင့်ကို တိုးမြှင့်ခြင်းအမှုကို အောင်မြင်နိုင်လိမ့်မည်။
ထိုသို့အတွေးဖြင့် ချန်ကျဲ့ တည်ငြိမ်လေးနက်နေ၏။
သူ ကျောက်ယာကို ကြည့်လိုက်သည်။ ကျောက်ယာသည်လည်း ထိုစာရင်းထဲမှ ဆေးပစ္စည်းများကို လိုအပ်သည်။ မြောက်ပိုင်းဒေသ၏ တိုက်ပွဲအခြေအနေသည် ပြင်းထန်လာနေသဖြင့် ကျောက်ယာသည် သူမ၏အဖေအတွက် ဆေးပစ္စည်းများကို စုဆောင်းပေးကာ ကြိုတင်ခန့်မှန်းမရသည့် အနာဂတ်အတွက် ပြင်ဆင်ထားရပေမည်။
ကျောက်ယာ၏ မျန့်ရွှေသို့ခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ ဆေးဘုရင်ရတနာများဟုပင် သတ်မှတ်နိုင်သည်။
ကျောက်ယာသည် ယဲ့လုဖုန်းမှာ ယခုကတည်းက စိတ်ဝင်စားနေပြီဖြစ်ကြောင်း သိလိုက်သည်။
“အဲဒီတော့ လူကြီးမင်းတို့ ကျွန်မရဲ့ရတနာရှာဖွေခြင်းခရီးစဉ်မှာ ပါဝင်ဖို့ စိတ်ဝင်စားကြရဲ့လား”
ထိုအခါ ယဲ့လုဖုန်းမှ ပြန်ပြောသည်။
“ခရိုင်မင်းသမီးရဲ့အမိန့်ကို မဖီဆန်ဝံ့ပါဘူး”
ချန်ကျဲ့လည်း လက်သီးယှက်အရိုအသေပြုလိုက်ပြီး ပြောသည်။
“ခရိုင်မင်းသမီးရဲ့အမိန့်ကို လိုက်နာဖို့အသင့်ပါ”
ဤသည်မှာ ရတနာသိုက်ထဲသို့ ဝင်ရောက်နိုင်မည့် အဖိုးတန်လှစွာသော ဝင်ခွင့်လက်မှတ်ဖြစ်ကြောင်း ချန်ကျဲ့နားလည်သည်။ ဤသို့တန်ဖိုးကြီးအခွင့်အရေးမျိုးကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ပေ။ အကယ်၍များ တစ်ခုခုမှားယွင်းသွားခဲ့လျှင် ဘယ်လိုလုပ်ကြမည်နည်း။
ထိုအခါ ကျောက်ယာပြုံးလိုက်သည်။
“အရမ်းကောင်းတယ်။ ရှင်တို့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားကြ။ ရတနာသိုက်က တစ်လအတွင်း ထွက်ပေါ်လာတော့မှာ။ အဲဒီအချိန်ကျ ရတနာယူဖို့ ပြိုင်ဆိုင်မယ့်သူတွေက နည်းမှာမဟုတ်ဘူး”
သူတို့အားလုံး ခေါင်းညိတ်လိုက်ကြသည်။ ရတနာများသည် စွန့်စားရန်ထိုက်တန်သည်၊ ကျိန်းသေပေါက် အကျိုးများလိမ့်မည်ဟု သူတို့အားလုံး ယုံကြည်ထားကြသည်။
သို့ဖြင့် စားသောက်ပွဲအပြီး၌ ဆေးဘုရင်တောင်ကြားထဲ ဝင်ရောက်မည့်သူများကို အတည်ပြုလိုက်သည်။ ယဲ့လုဖုန်းနှင့် ချန်ကျဲ့သည် မလွဲမသွေ ဝင်ရောက်ကြရမည်။ ထို့နောက် ကျောက်ယာနှင့် ညီအစ်ကိုသုံးဦးတို့ ဝင်ရောက်မည်။ သို့ဖြစ်ရာ ၆ယောက် အတည်ပြုလိုက်ကြသည်။
သို့သော် ကျောက်ယာသည် လုံးလုံးလျားလျား စိတ်မချနိုင်သေးပေ။ ဤသို့ရတနာသိုက်ထွက်ပေါ်လာခြင်းအတွက် အခြားသော သိုင်းလောကအင်အားစုများနှင့် တော်ဝင်ညီလာခံမှ အခြားအင်အားစုများသည်လည်း လာရောက်ပါဝင်ကြလိမ့်မည်။
၎င်းသည် နဂါးနှင့်ငါးများ စုဝေးခြင်းကဲ့သို့ ဖြစ်လာလိမ့်မည်။ ပိုမိုကောင်းမွန်သည့် ဆေးပစ္စည်းအရင်းအမြစ်များကို ရယူခြင်းငှာ ပိုမိုများပြားသည့်လူများမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လိမ့်မည်။
သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့် ယဲ့လုဖုန်းကို အသုံးပြုရနိုင်သည်။
ချန်ကျိုစစ်ကတော့… ထက်မြက်တဲ့ဉာဏ်ရည်ရှိတော့ အသုံးဝင်လောက်မှာပါ။
ကျောက်ယာ စိတ်ထဲတွင် တွေးလိုက်သည်။
သို့ဖြင့် ယဲ့လုဖုန်းနှင့် ချန်ကျိုစစ်ကို ရတနာရှာဖွေခြင်းခရီးစဉ်တွင် အတူခေါ်ဆောင်သွားရန် ကျောက်ယာ အဆုံးသတ်ဆုံးဖြတ်လိုက်တော့သည်။
သို့သော်လည်း မလုံလောက်သေးဟု ကျောက်ယာ ခံစားနေရသည်။
ရတနာသိုက်ထွက်ပေါ်လာတဲ့အချိန်ကျ တခြားအင်အားစုတွေက ပါဝင်သူအများကြီး ခေါ်လာနိုင်ခြေရှိတယ်။ ဖရိုဖရဲတိုက်ပွဲကြီးဖြစ်လာမှာ မလွဲမသွေပဲ…
…
မျန့်ရွှေမြို့အပြင်ဘက် သက်ကယ်မိုးအိမ်တစ်လုံးအတွင်း၌
“အဟွတ် အဟွတ်…”
နန်ပါးထျန်းသည် ချောင်းဆိုးလျက် နိုးလာသည်။ သူသည် မနေ့ညက ကယ်တင်ခံရပြီးချိန်မှစ၍ သတိလစ်သွားခဲ့သည်မှာ အခု မီးခိုးငွေ့များကြောင့် အသက်ရှူကြပ်၍ နိုးမလာခင်အထိ ဖြစ်သည်။
အဟွတ် အဟွတ်…
နန်ပါးထျန်း မျက်လုံးဖွင့်ကြည့်လိုက်ရာ မီးဖိုဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ သူ့အတွက် ဆေးကြိုပေးနေသည့် အမဲရောင်ဝတ်လူတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုလူ၏နောက်ကျောကို သေချာမြင်လိုက်ရသည်နှင့် ထိုလူ၏သရုပ်မှန်ကို ချက်ချင်း မှတ်မိလိုက်သည်။
“ဆရာတူညီမလေး”
နန်ပါးထျန်းမှ ခေါ်လိုက်သော်ငြား ထိုလူသည် လှည့်ကြည့်မလာဘဲ ပြောသည်။
“နိုးပြီလား”
“ဆရာတူညီမလေး မင်းဘယ်လိုလုပ်ပြီး မျန့်ရွှေမှာ ရောက်နေတာလဲ”
နန်ပါးထျန်းမှ မေးသည်။ ထိုအခါ ထိုလူသည် မတ်တပ်ထရပ်လိုက်ပြီး နန်ပါးထျန်းဘက် လှည့်လာခဲ့ရာ ဟွမ်ဝမ်အာနှင့် ၇၀ရာခိုင်နှုန်းခန့်ဆင်တူသည့် မျက်နှာလေးကို မြင်လိုက်ရလေသည်။
ဟုတ်ပါ၏။ ဤသူမှာ နန်ပါးထျန်း၏ ဆရာတူညီမလေး ယွီမန်အာ ဖြစ်သည်။ သာမန်ဆန်သည့် နာမည်ဖြင့် သာမန်ထက် ထူးကဲလှပသည့် ရုပ်ရည်ပိုင်ရှင် အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။