← Chapters

အခန်း ၆၉၈

Vol. 59 Ch. 698

အခန်း ၆၉၈

Vol. 59 Ch. 698

အခန်း ၆၉၈

ဟွမ်ကျိုးပြည်နယ်၏ မြို့စောင့်တပ်မှူးသည် ဟွမ်ကျိုးတွင် တတိယအင်အားအာဏာအကြီးမားဆုံးသူဖြစ်သည်။ သူ၏အထက်တွင် ဟွမ်ကျိုးပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ဟွမ်ကျိုးပြည်နယ် ရာဇဝတ်တရားသူကြီးတို့သာ ရှိပြီး စီရင်စုအုပ်ချုပ်ရေးမှူးထက် ပို၍ အဆင့်မြင့်သည်။ ပြည်နယ်မြို့စောင့်တပ် တပ်မှူးမှ လှုပ်ရှားလာပါက ယဲ့လုဖုန်းသည်လည်း မျက်နှာသာပေးရပေလိမ့်မည်။

ထိုအချက်များကို နားလည်ထားရာ နန်ပါးထျန်းမှ ချက်ချင်းပြောသည်။

“ဆရာတူညီမလေးကို ကျေးဇူးတင်ပါတယ်။ ဒါနဲ့ ဆရာတူညီမလေး ဒီတစ်ကြိမ် ပြည်နယ်မြို့စောင့်တပ်မှူး မျန့်ရွှေကို လာတာက ဘာကိစ္စအတွက်များလဲ”

ထိုအခါ ယွီမန်အာသည် နန်ပါးထျန်းကို တစ်ချက်ကြည့်လာပြီး ပြောသည်။

“တကယ်တော့ ဒီကိစ္စကို ကျွန်မ ဆရာတူအစ်ကို့ကို မပြောပြသင့်ဘူး။ ဒါပေမဲ့ အစ်ကိုနဲ့လည်း သက်ဆိုင်နေတော့ ပေးသိလိုက်လို့လည်း ပြဿနာမရှိနိုင်ပါဘူးလေ”

“မျန့်ရွှေစီရင်စုမှာရှိတဲ့ ဆေးဘုရင်ရတနာအကြောင်းကို သိလား”

“ဆေးဘုရင်ရတနာလား”

နန်ပါးထျန်း အံ့ဩနေသည့်မျက်လုံးများဖြင့် ယွီမန်အာကို ကြည့်နေသည်။

ယွီမန်အာမှ ပြောသည်။

“ဟုတ်တယ်။ ဆေးဘုရင်ရတနာကြောင့်သာ မဟုတ်ရင် ကျွန်မတို့ဆရာက ငါးဖမ်းကုန်သည်အဖွဲ့ကို သစ္စာဖောက်ခဲ့မှာ မဟုတ်ဘူး။ နှစ်၃၀တောင် ကြာသွားခဲ့ပြီ။ ဒီတစ်ကြိမ်မှာ ဆေးဘုရင်ရတနာက လောကမှာ ပြန်ထွက်ပေါ်လာလိမ့်မယ်”

နန်ပါးထျန်းမှ ပြောသည်။

“ဒါပေမဲ့ ဆရာတူညီမလေး နောက်ဆုံးတစ်ခေါက်တုန်းက ဟန်မြောင်ကျန်းက ဆေးဘုရင်တောင်ကြားရဲ့ နောက်ဆုံးစမ်းသပ်မှုကို အောင်မြင်သွားပြီး ဇာမဏီအသွင်ပြောင်းဆေးလုံးကို ယူသွားခဲ့ပြီလေ။ ဆေးဘုရင်တောင်ကြားမှာ ရတနာတွေ မရှိတော့ဘူး မဟုတ်ဘူးလား”

ယွီမန်အာမှ ပြောသည်။

“ဆရာတူအစ်ကို ရှင်က အရမ်းမောက်မာထောင်လွှားသလို အရမ်းလည်း တုံးအတာပဲ”

“ဇာမဏီအသွင်ပြောင်းဆေးလုံးက ရတနာတွေထဲရှိနေရင်တောင် ကျွန်မတို့ရဲ့သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်လေးနဲ့ ယူနိုင်မှာတဲ့လား”

“မယူနိုင်ဘူး။ ဆေးဘုရင်တောင်ကြား နောက်ဆုံးတစ်ကြိမ်ပွင့်တုန်းက သက်တံအဆင့်သိုင်းပညာရှင်တွေပဲ ၅ယောက်၊၆ယောက်လောက် ရှိတယ်။ ဝံပုလွေအငွေ့အသက်အဆင့်သိုင်းပညာရှင်က အယောက်၂၀ကျော်တယ်။ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်တွေက ရတနာသိုက်ထဲဝင်ဖို့ အရည်အချင်းတောင် ပြည့်မီတာ မဟုတ်ဘူး။ နဂါးအဆင့်သိုင်းပညာရှင်လည်း နှစ်ယောက်ပါသေးတယ်”

“အဆုံးမှာ ဟန်မြောင်ရှန်းက ဇာမဏီအသွင်ပြောင်းဆေးလုံးကို အတင်းအကျပ်ရယူခဲ့ပြီး ပြာပုံထဲက တစ်ဖန်ပြန်မွေးဖွားလာလို့ နဂါးအဆင့်ကို တက်လှမ်းသွားခဲ့တယ်။ ပြီးတော့ သိုင်းလောကရဲ့ နာမည်ကျော်ဂိုဏ်းကြီးတစ်ခုရဲ့ ဂိုဏ်းချုပ်ကို သတ်ပစ်ခဲ့တယ်။ အဲဒီအချိန်ကစပြီးတော့ အမတငှက် ဟန်မြောင်ရှန်းဆိုတဲ့အမည်ဟာ သိုင်းလောကတစ်ခွင်မှာ ကျော်ကြားလာခဲ့ပြီး နောက်ပိုင်းမှာ မိန်ဂိုဏ်းရဲ့ ဓမ္မရာဇာလေးပါးထဲက တစ်ယောက်အဖြစ် ရာထူးတိုးသွားခဲ့တယ်”

နန်ပါးထျန်းသည် လွန်ခဲ့သည့်နှစ်သုံးဆယ်က အဖြစ်အပျက်များကို ဖြည်းဖြည်းချင်း ပြန်ပြောင်းစဉ်းစားနေခဲ့သည်။ နန်ပါးထျန်းသည် ထိုအဖြစ်အပျက်များ၏ အသေးစိတ်ကို ကောင်းကောင်းသိထားပါ၏။ အကြောင်းမှာ သူသည် ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ဟောင်း၏ တပည့်အဖြစ် နောက်လိုက်လုပ်ခဲ့စဉ်က ထိုရတနာသိုက်သို့ သွားရောက်သည့် သူရဲကောင်းကြီးများကို လှေဖြင့်ပို့ဆောင်ပေးရန် တာဝန်ယူခဲ့ရသောကြောင့် ဖြစ်သည်။

ရတနာသိုက်ထဲ ဝင်ရန်အတွက်မူ မတတ်နိုင်ပေ။ ထိုအချိန်က သူ၏အင်အားသည် သံမဏိအရိုးအဆင့်ဖြစ်လေရာ ထိုသိုင်းလောကသူရဲကောင်းများ၏ နောက်လိုက်လုပ်ရန်ပင် အရည်အချင်းမပြည့်မီပေ။

သို့ဖြင့် အရင်တစ်ကြိမ် ဆေးဘုရင်ရတနာ ထွက်ပေါ်လာခဲ့ချိန်က နန်ပါးထျန်းသည် အပြင်မှ စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ လှေလှော်ခတ်စောင့်ဆိုင်းရင်း သူရဲကောင်းကြီးများ အသေအကြေတိုက်ခိုက်နေကြသည့် မြင်ကွင်းကို ကြည့်နေခဲ့ရကာ အမတငှက် ဟန်မြောင်ကျန်းမှ သူမ၏နောက်ဆုံးသောတိုက်ကွက်တွင် ကောင်းကင်တစ်ဝက်ကို အနီရောင်လင်းလက်သွားစေခဲ့သည့် ကြီးကျယ်ခမ်းနားလှသည့် မြင်ကွင်းကိုလည်း မြင်တွေ့ခဲ့ရသည်။

နန်ပါးထျန်းမှ ပြောသည်။

“ဆရာတူညီမလေး မင်းဆိုလိုတာက ဒီတစ်ကြိမ်ဆေးဘုရင်ရတနာထွက်ပေါ်လာရင် ငါတို့လည်း အထဲဝင်ဖို့ အရည်အချင်းပြည့်မီပြီလို့ ဆိုလိုတာလား”

ယွီမန်အာမှ ပြောသည်။

“ဒါပေါ့ ပြီးတော့ ဆရာတူအစ်ကို အခု အဲဒီကိုဝင်ဖို့ အလိုအပ်ဆုံးသူက ရှင်ပဲ”

“ဘာလို့လဲ”

ယွီမန်အာမှ ပြောသည်။

“ရှင့် ချီစွမ်းအင်သွေးကြောမှတ်တွေကို ကိုယ့်ဘာကိုယ် စစ်ဆေးကြည့်”

ထိုအခါ နန်ပါးထျန်းသည် ချက်ချင်း အသက်ရှူနှုန်းထိန်းညှိလိုက်ပြီး သူ၏အတွင်းအင်္ဂါများကို စစ်ဆေးကြည့်သည်။ ထို့နောက် ထိတ်လန့်ချောက်ချားမှုနှင့်အတူ မျက်လုံးပြူးသွားရ၏။

“ဒါဘယ်လိုဖြစ်နိုင်မှာလဲ”

သူ၏သိဒ္ဓိစွမ်းအင်လုံးမှာ အက်ကြောင်းများစွာ ကွဲအက်နေခဲ့ပြီး သူ၏အတွင်းရှိ ချီစွမ်းအင်များသည် အဆက်မပြတ် စိမ့်ထွက်နေလေရာ သူ၏သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သိုင်းပညာရှင်ဟူသည် အဆင့်အတန်းတစ်ခုသက်သက်သာ ဖြစ်သွားပြီး သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်အင်အားမှာ မတည်ရှိတော့ပေ။

သူ၏လက်ရှိအင်အားသည် ယခင်ထက် များစွာ အားနည်းနေခဲ့၏။

ယွီမန်အာမှ ပြောသည်။

“ဆရာတူအစ်ကို ရှင့်ကို တုံးအတယ်လို့ပြောတောင် အရမ်းညှာတာပေးလွန်းရာကျသေးတယ်။ ရှင့်မှာ ထူးခြားတဲ့ပါရမီရှိလို့ ချီသွေးဆေးလုံး မသောက်ဘဲ အတွင်းအားတစ်ခုတည်းကို အားကိုးပြီး အဆင့်တက်လှမ်းနိုင်စွမ်းရှိတယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ သိဒ္ဓိစွမ်းအင်လုံးဖွဲ့စည်းဖြစ်တည်နေတဲ့ဖြစ်စဉ်အတွင်းမှာ ချီစွမ်းအင်ပြန်လည်ဖြည့်တင်းမှုမရှိရင် ရှင့်ရဲ့သိဒ္ဓိစွမ်းအင်လုံးသွေးကြောက ခြောက်ခမ်းပြီး အက်ကွဲသွားလိမ့်မယ်”

“သိဒ္ဓိစွမ်းအင်လုံးအဆင့်ကို မရောက်နိုင်ရုံတင်မကဘဲ သိဒ္ဓိစွမ်းအင်လုံးသွေးကြောတွေကိုပါ အက်ကွဲစေနိုင်တယ်။ ပြန်လည်မပြုပြင်ဘူးဆိုရင် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ကို တက်လှမ်းဖို့မပြောနဲ့ လက်ရှိကျင့်ကြံဆင့်ကိုတောင် ထိန်းသိမ်းနိုင်တော့မှာ မဟုတ်ဘူး”

ထိုစကားတွင် နန်ပါးထျန်းသည် ထိတ်လန့်တုန်လှုပ်သွားလျက် ပြောသည်။

“ဆရာတူညီမလေး ငါဘယ်လိုလုပ်ရမလဲ”

ယွီမန်အာမှ ပြုံးလိုက်ပြီး ပြောသည်။

“ရိုးရှင်းပါတယ်။ ရတနာသိုက်ထဲမှာ သိဒ္ဓိစွမ်းအင်လုံးနဲ့သွေးကြောတွေကို ပြင်ဆင်ပေးနိုင်တဲ့ဆေးတွေရှိတယ်။ အဲဒါကြောင့် ဆရာတူအစ်ကို ရှင်နည်းနည်းလေးပဲ အားစိုက်ထုတ်လိုက်ရင် ရှင့်ရဲ့သိဒ္ဓိစွမ်းအင်လုံးနဲ့သွေးကြောတွေကို ပြန်ပြင်ဆင်ဖို့ ဆေးကို ရယူနိုင်တယ်။ အထဲမှာ ထိုက်ဆွေ့ဆေးလုံးလည်း ရှိတယ်လို့ ပြောကြတယ်။ ထိုက်ဆွေ့ဆေးလုံးနဲ့ဆိုရင် ဆရာတူအစ်ကိုရဲ့ သိဒ္ဓိစွမ်းအင်လုံးကို ပြန်ပြင်ဆင်နိုင်တဲ့အပြင် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ကိုလည်း တက်လှမ်းနိုင်လိမ့်မယ်”

“အာ ဆရာတူညီမလေး မင်း အစ်ကို့ကို ရတနာသိုက်ဆီ ခေါ်သွားပေးနော်။ ဆရာတူအစ်ကိုရဲ့အနာဂတ်က ဆရာတူညီမလေး မင်းအပေါ်မှာ မူတည်နေပါပြီ”

ယွီမန်အာမှ ပြောသည်။

“ဒါပေါ့ ဒါပေါ့။ ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ ဆရာတူအစ်ကိုအနေနဲ့ ငါးဖမ်းကုန်သည်အဖွဲ့ကို ပြန်သိမ်းယူဖို့လိုတယ်။ ရတနာသိုက်က ရေအောက်မှာရှိနေတာ။ ငါးဖမ်းကုန်သည်အဖွဲ့က အထူးလိုအပ်တဲ့ အင်အားစုတစ်ခုပဲ”

နန်ပါးထျန်းမှ ပြောသည်။

“ကောင်းပါပြီ ဆရာတူညီမလေး။ ဆရာတူအစ်ကိုရဲ့ဒဏ်ရာတွေ နည်းနည်းသက်သာလာတာနဲ့ ချက်ချင်း မြို့ကိုပြန်သွားလိုက်မယ်”

ယွီမန်အာမှ ပြန်ပြောသည်။

“အလျင်မလိုပါဘူး။ ပြည်နယ်မြို့စောင့်တပ်မှူးရောက်လာတာကို အရင်စောင့်ကြတာပေါ့။ ပြီးတော့ ကျွန်မလူတွေ ယူလာတဲ့သတင်းအရ နောက်၇ရက်ကြာရင် ဆရာတူအစ်ကိုရဲ့ ရန်သူတော်ကြီးချန်ကျိုစစ်က ရာထူးဆက်ခံပွဲအခမ်းအနားကျင်းပမှာတဲ့။ အဲဒီလိုအခမ်းအနားမျိုးကို ကုန်သည်အဖွဲ့ခေါင်းဆောင်ဟောင်းရဲ့ ဂုဏ်ပြုမှုမပါဘဲနဲ့ ဘယ်လိုကျင်းပနိုင်မှာတဲ့လဲ”

ထိုအခါ နန်ပါးထျန်း၏မျက်နှာထက်တွင် နာကျည်းမုန်းတီးမှုများ ထင်ဟပ်လာခဲ့သည်။

“ရာထူးဆက်ခံပွဲအခမ်းအနားတဲ့လား ဟား မင်းသေချာလေး ရာထူးဆက်ခံရအောင် ငါလုပ်ပေးရတာပေါ့”

ထိုသို့ပြောပြီးနောက် နန်ပါးထျန်းသည် တိတ်ဆိတ်သွား၏။ ယွီမန်အာမှ မတ်တပ်ထရပ်လိုက်ပြီး ပြောသည်။

“အိုးထဲမှာ ဆေးရှိတယ်။ ကိုယ့်ဘာကိုယ် ခပ်သောက်လိုက်။ ကျွန်မသွားပြီ”

နန်ပါးထျန်း ယွီမန်အာကို မော့ကြည့်လိုက်ပြီး မေးသည်။

“ဆရာတူညီမလေး မင်းဘယ်သွားမလို့လဲ”

ယွီမန်အာမှ ပြောသည်။

“သေချာပေါက် မြို့ထဲမှာ တည်းခိုခန်းကောင်းကောင်းသွားရှာမလို့ပေါ့။ မဟုတ်မှ ကျွန်မကို ဆရာတူအစ်ကိုနဲ့အတူ ဒီတဲစုတ်ထဲမှာနေဖို့ မျှော်လင့်နေတာလား”

နန်ပါးထျန်းမှာ ပြောစရာစကားပျောက်သွားရသည်။ ယွီမန်အာသည် မနီးမဝေးရှိ ထောင့်တစ်နေရာကို လက်ညှိုးညွှန်ပြလျက် ပြောသည်။

“အဲဒီမှာ ပေါက်စီတွေရှိတယ်။ ရက်နည်းနည်းလောက်တော့ စားဖို့လုံလောက်လိမ့်မယ်။ ဒီရက်နည်းနည်းတော့ ဆရာတူအစ်ကို သည်းခံလိုက်ပေါ့။ ပြည်နယ်မြို့စောင့်တပ်မှူးရောက်လာရင် ကျွန်မတို့ အတူ မြို့ထဲဝင်ကြမယ်”

ယွီမန်အာသည် လက်ဝှေ့ယမ်းပြကာ လှည့်ထွက်သွားခဲ့သည်။ တစ်ချက်ကလေးမှ မတုံ့ဆိုင်းသလို နောက်ပြန်လည်း လှည့်မကြည့်ခဲ့။

နန်ပါးထျန်းသည် သက်ကယ်မိုးတဲစုတ်လေးကို ဝေ့ဝဲကြည့်လိုက်သည်။ ဆေးရည်အိုးသည် မြေပြင်ပေါ်တွင် ရှိနေ၏။ မာကြောခြောက်သွေ့နေသည့် ပေါက်စီလုံးကြီးများကိုတော့ အဝတ်ဖြင့် ပတ်ထုတ်ထားကာ မနီးမဝေးတွင် ချပေးထားသည်။

နန်ပါးထျန်းမှာ မျက်ရည်များ ဝဲတက်လာခဲ့၏။

တစ်ချိန်က ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့တဲ့ ငါလိုလူက အခုတော့ မာခြောက်နေတဲ့ ပေါက်စီတွေကို မြုံ့ဝါးနေရတဲ့ဘဝကို ရောက်သွားရပြီတဲ့လား…

ဒီရန်ငြိုးအတွက် ငါ ချန်ကျိုစစ်ကို လက်စားချေရမယ်— ဒါတွေအားလုံး သူ့ကြောင့်ပဲ။ ချန်ကျိုစစ် ငါ မင်းနဲ့ သူသေကိုယ်သေတိုက်ခိုက်ပစ်မယ်။

All Chapters