အခန်း ၂၉၂
Vol. 30 Ch. 292
အခန်း (၂၉၂) လူကို သိပ်အနိုင်မကျင့်နဲ့လေ [၁]
ဂလက်ဆီ ဘီလူးကြီးသည် ပါးစပ်ကြီးကို ဟလိုက်ရာ ပါးစပ်ထဲရှိ အနက်ရောင်အစုအဝေးများ လျင်မြန်စွာ စုစည်းသွားပြီး အားကောင်းပူပြင်းလှသော စွမ်းအင်များ ပေါင်းစပ်သွားကာ အပြင်သို့ ပန်းထွက်လာမည့် ဧရာမ လေဆာအလင်းတန်းကြီးတစ်ခုကို ဖွဲ့စည်းသည်။
သို့သော် နောက်တစ်စက္ကန့်မှာပင် ထိုအလင်းတန်းကြီးမှာ အလယ်မှနေ၍ တိုက်ရိုက် ခုတ်ပိုင်းခံရသည်။ ပိုင်ချူးရန်ချိုးရန်သည် လက်ကို ဓားသဏ္ဍာန် ပြုလုပ်ကာ ဘီလူးကြီးဆီသို့ လျှပ်စီးတစ်ပတ် ပြေးဝင်သွား၏။ သူသည် စွမ်းအားများကို ဖိနှိပ်မထားတော့ဘဲ လက်ဝါးကို ဝှေ့ယမ်းကာ ကောင်းကင်ယံကို တောက်ပသော ဓားအလင်းတန်း အနည်းငယ်ဖြင့် ရက်ရက်စက်စက် ခုတ်ဖြတ်ရာ ဂလက်ဆီ ဘီလူးကြီး၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ ချက်ချင်းပင် အပိုင်းပိုင်းအစစ ပြတ်တောက်လေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ဓားစွမ်းအင်များသည် ဟင်းလင်းပြင်ထဲသို့ တဖြည်းဖြည်း ပြန့်ကျဲပျောက်ကွယ်သွားပြီး အဝတ်အစား တစ်လွှာမျှမရှိတော့ဘဲ ကိုယ်လုံးတီးဖြစ်နေသော ပိုင်ချူးရန်ချိုးရန်သည် စကြဝဠာ ကောင်းကင်ယံတွင် တိတ်ဆိတ်စွာ ရပ်နေ၏။
"ဘိုးဘေးပိုင်။ မင်း ဒီလောက်ကြီး ခမ်းခမ်းနားနား လုပ်စရာ မလိုပါဘူးကွာ။"
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ကျီရှန်းက ဖြည်းညှင်းစွာ စကားစသည်။
"မင်း အခြေအနေအရ ကြည့်မယ်ဆိုရင် အခြေခံတည်ဆောက်ခြင်း လျှို့ဝှက်နည်းစနစ်ဆိုတာ ရှိခဲ့ရင်တောင် အဲဒီ လျှို့ဝှက်နည်းစနစ်က စစ်မှန်တဲ့ ချီစွမ်းအင်ဆိုတဲ့ အချက်ကို သေချာပေါက် လျစ်လျူရှုနိုင်မှာပဲ။ တကယ်လို့ မရှိဘူးဆိုရင်တော့ ငါ ထင်တာ အဆင့် ၆၆,၆၆၅ နဲ့ ၆၆,၆၆၆ ကြားမှာ တကယ်တော့ ဘာကွာခြားချက်မှ သိပ်မရှိပါဘူး။"
"အဲဒီအကြောင်း ဆက်မပြောနဲ့တော့။ သတင်းအချက်အလက်တွေ ဘာလို့ ရမလာတာလဲဆိုတဲ့ အကြောင်းရင်းကို မင်း သိလား။" ပိုင်ချူးရန်ချိုးရန် ခဏမျှ ရပ်တန့်သွားပြီးမှ မေးသည်။
"ငါ သိတယ်။ ဒီလိုအခြေအနေမျိုးမှာ များသောအားဖြင့် အကြောင်းရင်း နှစ်ခုရှိတယ်။ ပထမတစ်ခုက ကောင်းကင်လမ်းစဉ် ကိုယ်တိုင်က အဲဒီ ကောင်းကင် မနာလို ခန္ဓာကိုယ်ရဲ့ မူလဇာစ်မြစ်ကို မသိတာ။ ကောင်းကင် မနာလို ခန္ဓာကိုယ်ဆိုတာ နယ်မြေပြင်ပက တည်ရှိမှုတစ်ခု ဖြစ်နေလို့ပေါ့။ ဒါပေမဲ့ ဒါက ငါ သိထားတာတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်။ ကောင်းကင် မနာလို ခန္ဓာကိုယ်ဆိုတာ ကောင်းကင်လမ်းစဉ်ရဲ့ ထိန်းချုပ်မှုအောက်က ကမ္ဘာလောကမှာ မွေးဖွားလာတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံတစ်ခုဆိုတာ ထင်ရှားတယ်လေ။ ပြီးတော့ ကောင်းကင်လမ်းစဉ်ကလည်း ဒီခန္ဓာကိုယ် ဖွဲ့စည်းပုံရဲ့ အချက်အလက်တွေကို ကောင်းကောင်း သိထားတယ်။"
ကျီရှန်းက ထပ်ဖြေ၏။
"ဒုတိယအချက်ကတော့ ကောင်းကင်လမ်းစဉ် ကိုယ်တိုင်က ဒီအချက်အလက်တွေကို ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့ထားတာပဲ။ အကြောင်းပြချက် တစ်ခုခုကြောင့် အဲဒီ ကောင်းကင် မနာလို ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ငါ့ကို မသိစေချင်လို့ နေမှာပေါ့။"
"ဘာလို့လဲ။"
ပိုင်ချူးရန်ချိုးရန် မေးသည်။
"ကောင်းကင်ဘုံဆိုတာ ကရုဏာကင်းမဲ့ပြီး ကိုယ်ကျီုးမဖက်ဘူးလို့ ပြောကြတယ်လေ။ မင်းနဲ့ သူတို့ကြားက အရောင်းအဝယ်နဲ့ဆိုရင် ဒါက စာချုပ်ချိုးဖောက်ရာ မကျဘူးလား။"
"ကောင်းကင်ဘုံက ကပ်စေးနဲတယ်လို့ ငါ အစကတည်းက ပြောသားပဲ။ ကရုဏာကင်းမဲ့တယ်ဆိုတာတော့ မှန်တယ်။ ဒါပေမဲ့ ကိုယ်ကျီုးမဖက်ဘူးဆိုတဲ့ အချက်မှာတော့ လုံးဝ မှားတယ်။"
ကျီရှန်းက လှောင်ပြောင်ချင်ဟန်ဖြင့် ပြော၏။
"ကမ္ဘာလောကကြီးထဲက အရာခပ်သိမ်းက အသိစိတ်တွေကို မွေးဖွားပေးခဲ့တာပဲ။ တကယ်ကို ကိုယ်ကျီုးမဖက်တဲ့ တည်ရှိမှုဆိုတာ ဘယ်မှာရှိလို့လဲ။ ကောင်းမှုတွေလုပ်ပြီး လမ်းစဉ်ကို ရှာဖွေတဲ့ သူတော်စင်တွေတောင်မှ သူတို့ရဲ့ ကိုယ်ပိုင် လိုအင်ဆန္ဒတွေ၊ စံပြရည်မှန်းချက်တွေအတွက် သူတို့ရဲ့ ကိုယ်ပိုင်လမ်းစဉ်ကို ကျင့်ကြံနေကြတာပဲလေ။ ကောင်းကင်လမ်းစဉ်က ကိုယ်ကျီုးမဖက်ဘူးဆိုတာက သူ့ရဲ့ ဥပဒေသတွေက ဟန့်တားနေတော့ စိတ်ကြိုက် ခြယ်လှယ်လို့ မရလို့ပဲ။ ဒါပေမဲ့ ဥပဒေသတွေရဲ့ ဟာကွက်တွေထဲကို ဝင်လို့ရနေသရွေ့တော့ သူ့အတွက် အကျီုးရှိမယ့် လမ်းကြောင်းဘက်ကို အဖြစ်အပျက်တွေ ရောက်သွားအောင် အစွမ်းကုန် ကြိုးစားမှာ အသေအချာပဲ။"
"ဒါဆိုရင် ငါသာ ဒီအကြောင်းကို သိသွားမယ်ဆိုရင် သူ့အတွက် ဆိုးကျီုးဖြစ်စေမယ်လို့ သူက ထင်နေတာပေါ့။"
ပိုင်ချူးရန်ချိုးရန်သည် နက်နက်နဲနဲ စဉ်းစားနေသည်။
"အဓိပ္ပာယ်မရှိတာ။ ကိုယ့်နယ်မြေထဲမှာ ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ ဆူးငြောင့်ခလုတ်တစ်ခုကို ဘယ်သူက လိုချင်မှာလဲ။ ငါပြောမယ်။ ငါတို့လောက်ဆိုရင်... တောက်... အဲဒါက ဘာကြီးလဲဟ။"
ကျီရှန်းက ရုတ်တရက် အထိတ်တလန့် အော်ဟစ်လိုက်သည်။
ပိုင်ချူးရန်ချိုးရန် အလျင်အမြန် ခေါင်းလှည့်ကြည့်ရာ သူ အခြေခံအကျဆုံး စွမ်းအင်များအဖြစ် ခုတ်ထစ်ဖြတ်တောက်လိုက်သော ဂလက်ဆီ ဘီလူးကြီး၏ စကြဝဠာ ကောင်းကင်ယံတွင် ပြန့်ကျဲနေသော စွမ်းအင်အစုအဝေးများသည် အရှေ့စွန်းနတ်ဘုရင်၏ ခေါင်းလောင်းကြီး ရှိရာဘက်သို့ အဆက်မပြတ် စီးဆင်းဝင်ရောက်သွား၏။
"ဘာဖြစ်တာလဲ။"
ပိုင်ချူးရန်ချိုးရန်က အံ့အားသင့်စွာ မေးသည်။
"သူ နိုးထလာတဲ့ ဝိညာဉ်အကြွင်းအကျန်ကို ငါ ရှင်းပစ်လိုက်ပြီလေ။"
"ဘီလူးကြီးရဲ့ ဝိညာဉ်အကြွင်းအကျန် မဟုတ်ဘူး။ အဲဒီ ဘီလူးကြီးက သေသွားပြီ။"
ကျီရှန်းက လေးနက်သော လေသံဖြင့် သတိပေး၏။
"အဲဒါ အရှေ့စွန်းနတ်ဘုရင်ရဲ့ ခေါင်းလောင်းပဲ။ သူကိုယ်တိုင်က ပတ်ဝန်းကျင်က စွမ်းအင်တွေကို စုပ်ယူနေတာ ပြီးတော့ မင်းကို သတ်ဖို့ တိုက်ခိုက်ချင်နေတယ်။”