အခန်း ၂၉၅
Vol. 30 Ch. 295
အခန်း(၂၉၅) ပိုင်ချူးရန်၏ ဝမ်းသာလုံးပီတိဖြာမှု
အစပိုင်းတွင် ပိုင်ချူးရန်က သူ့ခန္ဓာကိုယ်တွင်းရှိ ချီစွမ်းအင် အမျှင်တန်းများကို ဒန်ထျန်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော အညစ်အကြေးများဟုသာ ထင်မှတ်ထား၏။ မည်သို့ပင်ဆိုစေကာမူ ယခုအချိန်၌ ကောင်းကင်လမ်းစဉ်မှ ခြယ်လှယ်ထားသော အချိန်၏ စွမ်းအားသည် သူ့တည်ရှိမှု တစ်ခုလုံးကို ခန္ဓာကိုယ်၏ အတွင်းအပြင် အနှံ့အပြားအား ခွဲခြားမှုမရှိဘဲ ဖိနှိပ်ထားသောကြောင့် ဖြစ်သည်။
သို့ရာတွင် ဝိညာဉ်အာရုံဖြင့် စူးစမ်းကြည့်သောအခါ ရွှေရောင် အမျှင်တန်းများမှာ အခြားအရာမဟုတ်ဘဲ ကောင်းကင်လမ်းစဉ်မှ လှုံ့ဆော်လိုက်သည့် အချိန်ဥပဒေသ၏ ဧရာမ ဖိအားကြီးအောက်တွင် တဖြည်းဖြည်း သိပ်သည်းကျစ်လျစ်လာကာ မွေးဖွားလာသော သူ့ကိုယ်ပိုင် စစ်မှန်သည့် ချီစွမ်းအင်များသာဖြစ်ကြောင်း ပိုင်ချူးရန် သဘောပေါက်သွား၏။ ထိုအရာသည် စစ်မှန်သော သက်စောင့်စွမ်းအင်များ စတင် ဖြစ်တည်လာခြင်းပင်။
ဤကြောက်မက်ဖွယ် ဖိအားကြီးအောက်တွင်ပင် ပိုင်ချူးရန် ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သော သက်စောင့်စွမ်းအင်များသည် အလွန်နှေးကွေးစွာ ထွက်ပေါ်လာသော်လည်း အဆုံးတွင်မူ ကျယ်ပြောလှသော စစ်မှန်သည့် ချီစွမ်းအင် ပင်လယ်ကြီးထဲမှ စစ်မှန်သော သက်စောင့်စွမ်းအင်များ တဖြည်းဖြည်း မွေးဖွားဖွဲ့စည်းလာ၏။
သို့ဖြစ်ရာ ပိုင်ချူးရန်သည် ခုခံနေမှုကို စွန့်လွှတ်ပြီး ခြေလက်များကို လွတ်လပ်စွာ ဆန့်တန်းကာ ကောင်းကင်လမ်းစဉ်၏ ထိန်းချုပ်မှုအောက်မှ ယခင်တစ်ကြိမ်ထက် ပိုမိုပြင်းထန်လှသော အချိန်လှိုင်းလုံးကြီးကို သူ့ခန္ဓာကိုယ်ပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်ခွင့်ပြုလိုက်သည်။
ထိုဧရာမ လှိုင်းလုံးကြီးများ၏ ဖိအားမှာ ယခင်ကထက် အဆပေါင်းများစွာ အားကောင်းလွန်းလှရာ ပိုင်ချူးရန် ခန္ဓာကိုယ်မျက်နှာပြင်ထက်၌ သွေးစက်များပင် စိမ့်ထွက်လာ၏။ သို့သော် သူကျင့်ကြံထားသော ပြိုင်ဘက်ကင်း မဟာအဆင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေး ကျင့်စဉ်များ၏ ထူးကဲသော အာနိသင်ကြောင့် အရေးမပါသော ဒဏ်ရာများသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အလိုအလျောက် ပြန်လည်ပျောက်ကင်းသွားသည်။
ထိုမျှမကသေးဘဲ ဒဏ်ရာများ ကျက်သွားပြီးနောက် သူကျင့်ကြံထားသော ခန္ဓာကိုယ်ကြံ့ခိုင်ရေး ကျင့်စဉ်များသည် အလိုအလျောက် လည်ပတ်လာကာ ခန္ဓာကိုယ်ကို ပိုမို မာကျောသန်စွမ်းလာစေသည်။ ဧရာမ လှိုင်းလုံးကြီး အကြိမ်အနည်းငယ် ရိုက်ခတ်ပြီးနောက်တွင်မူ ထိုဖိအားသည် သူ့ကို မည်သည့် ထိခိုက်မှုမျှ မပေးနိုင်တော့ချေ။
ထို့ပြင် ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သော သက်စောင့်စွမ်းအင် အမျှင်တန်းလေးများ တိုးပွားလာသည်နှင့်အမျှ ပိုင်ချူးရန် ထွက်သက်ဝင်သက် အငွေ့အသက်များသည်လည်း သာမန်မျက်စိဖြင့်ပင် မြင် နိုင်လောက်အောင် လျင်မြန်သော အရှိန်အဟုန်ဖြင့် တဟုန်ထိုး မြင့်တက်လာ၏။
သို့သော် နောက်ထပ် တိုက်ခိုက်မှု အကြိမ်အနည်းငယ်မျှ ကြာပြီးနောက် မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ ကောင်းကင်လမ်းစဉ်သည် ရုတ်တရက် ဆုတ်ခွာသွားသည်။ အလင်းဖောက်ထွင်းနိုင်သော ထိုရှုံ့တွတွပုံရိပ်ကြီးသည် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်ရှိ မြင်ကွင်းများမှာ ဖုန်မှုန့်၊ သဲပွင့်များအလား တစ်ဖန် ပြန်လည်စုစည်းလာကာ ပိုင်ချူးရန်နှင့် ကျီရှန်းတို့ ခြေထောက်အောက်ရှိ အချိန်မြစ်ရှည်ကြီးကို ဖုံးလွှမ်းလာလေ၏။
"ဘာလို့ ထွက်သွားရတာလဲကွာ။"
ပိုင်ချူးရန်သည် စိတ်ပျက်လက်ပျက်ဖြင့် နှုတ်ခမ်းကိုမဲ့မိပြီး သူ့ ခန္ဓာကိုယ်တွင်းမှ ဖြစ်တည်လာသော စစ်မှန်သော သက်စောင့်စွမ်းအင် အနည်းငယ်ကို လှုံ့ဆော်ကာ အချိန်၏ အကျဉ်းချခံထားရသော အခြေအနေထဲမှ ကျီရှန်းကို လွတ်အောင်လုပ်ပေးတော့သည်။
ဤစစ်မှန်သော သက်စောင့်စွမ်းအင် အမျှင်လေးနှင့် သူ၏ မူလ ချီစွမ်းအင်တို့ကြား ကွာခြားချက်မှာ သာမန်ကျင့်ကြံသူတစ်ဦး၏ သက်စောင့်စွမ်းအင်နှင့် ချီစွမ်းအင်တို့ကြား ကွာခြားချက်နှင့်ပင်တူ၏။ ဤသည်မှာ အရည်အသွေးပိုင်းဆိုင်ရာ ကွာခြားချက်တစ်ခု ဖြစ်သည်။ ပိုင်ချူးရန်သည် စစ်မှန်သော သက်စောင့်စွမ်းအင်များကို လက်ဖဝါးဆီသို့ ပို့ဆောင်ကာ ကျီရှန်းကို ညင်သာစွာ ထိလိုက်ရုံဖြင့် သူ့အား ချည်နှောင်ထားသော အချိန်နှင့် လေဟာနယ် လှိုင်းဂယက်များသည် အလွယ်တကူပင် ကြွေမွပျက်စီးသွား၏။
"ဟင်။ ဘာဖြစ်သွားတာလဲ။"
ကျီရှန်း၏ အတွေးများသည် ကောင်းကင်လမ်းစဉ် ပေါ်လာသည့် အခိုက်အတန့်တွင်သာ ရပ်တန့်နေသည်။ အကျဉ်းချခံရမှုမှ လွတ်မြောက်လာပြီးနောက် ဦးစွာ ခဏမျှ မှင်သက်သွားပြီး လျင်မြန်စွာ သတိဝင်လာ၏။
"ဘိုးဘေးပိုင်။ မင်း ကောင်းကင်လမ်းစဉ်ဆီကနေ လွတ်မြောက်သွားတာလား။"
"ငါ သူ့ကို ဘာမှတောင် မလုပ်လိုက်ရပါဘူးကွာ။ သူက ငါ့ကို ဖိနှိပ်ပြီးတော့ သူ့ဘာသာသူ ထွက်ပြေးသွားတာ။"
ပိုင်ချူးရန် သက်ပြင်းချမိသည်။