အခန်း ၂၉၆
Vol. 30 Ch. 296
အခန်း(၂၉၆) ပိုင်ချူးရန်၏ ဝမ်းသာလုံးပီတိဖြာမှု [၁]
"ဘယ်လို။"
ကျီရှန်းက သံသယ၀င်စွာ မေးသည်။
"မင်းက ဘာလို့ အဲဒီလောက်တောင် စိတ်ပျက်နေရတာလဲ။ သူ မင်းနဲ့အတူ ဆက်ရှိနေပေးဖို့ တကယ်ကြီး မျှော်လင့်နေတာလား။"
ထို့နောက် ပိုင်ချူးရန်သည် အစောက အခြေအနေကို ကျီရှန်းအား အကျဉ်းချုပ် ရှင်းပြလေ၏။ ထိုအကြောင်းကို ကြားပြီးနောက် ကျီရှန်းမှာ အံ့ဩသွားရသည်။
"ဘာ။ ကောင်းကင်မနာလိုခန္ဓာကိုယ်က စစ်မှန်တဲ့ သက်စောင့်စွမ်းအင်ကို ကျင့်ကြံဖို့ ဒီလိုနည်းလမ်းကို သုံးရတာလား။ ဒါပေမဲ့ သေသေချာချာ ပြန်စဉ်းစားကြည့်မယ်ဆိုရင် ကောင်းကင်မနာလိုခန္ဓာကိုယ်ရဲ့ ဒန်ထျန်မှာ ကန့်သတ်ချက် မရှိဘူးဆိုတော့ ဖိအားရှာဖို့ ပြင်ပလောကကိုပဲ အားကိုးရတော့မှာပေါ့။ နှမြောစရာပဲ။ မင်းက ကျင့်ကြံထားတာ အရမ်းမြင့်လွန်းနေပြီလေ။ တကယ်လို့ မင်းသာ အဆင့်တစ်သောင်း၊ နှစ်သောင်းလောက်မှာဆိုရင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ချိုးဖောက်ဖို့ ဟင်းလင်ပြင်ရဲ့ ဖိအားကို အသုံးပြုလို့ ရနိုင်သေးတယ်။ ဒါပေမဲ့ အခုတော့ အာကာသ တိုက်ခိုက်မှုတွေက မင်းအပေါ် ဘာအကျိုးသက်ရောက်မှုမှ မရှိတော့ဘူး။"
"ငါ အဲဒါကိုပဲ ဒေါသထွက်နေတာ။"
ပိုင်ချူးရန်မှာ အစောကတည်းက မသိခဲ့ရသည့်အတွက် နောင်တရမိနေ၏။
"အခုမှ ဒါတွေ ပြောနေလည်း အလကားပါကွာ။ နောက်မှပဲ ဘယ်လိုပြန်ရမလဲဆိုတာ စဉ်းစားကြတာပေါ့။"
ကျီရှန်းက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်သည်။
"အခု ငါတို့ ဘယ်ခေတ်ကို ရောက်နေတာလဲ။"
"ငါက ဘယ်လိုလုပ်သိမှာလဲ"
ပိုင်ချူးရန် ပတ်ဝန်းကျင်ကို လှည့်ကြည့်ရာ သူ့အနီးတွင် အင်မော်တာ် တစ်စုသည် ဧရာမ မိစ္ဆာကောင်ကြီး တစ်ကောင်နှင့် သေရေးရှင်ရေး တိုက်ခိုက်နေကြသည်ကို တွေ့လိုက်သည်။
"ဘာပဲဖြစ်ဖြစ် ရှေးခေတ်အချိန်ပဲနေမှာ"
"အရှေ့စွန်းနတ်ဘုရင်ရဲ့ ခေါင်းလောင်းက ငါတို့ကို ဘယ်ခေတ်ဆီ ပို့ပေးလိုက်မလဲ မသိဘူးနော်။"
ကျီရှန်းက ခဏမျှ စဉ်းစားပြီးနောက် လေးပင်စွာ သက်ပြင်းချလာ၏။
"ဒါပေမဲ့ ကံကောင်းတာက မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ စစ်မှန်တဲ့ သက်စောင့်စွမ်းအင်တွေ ရှိနေပြီလေ။ ဒါက မျှော်လင့်ချက်တစ်ခုပဲ။ မင်းရဲ့ စစ်မှန်တဲ့ ချီစွမ်းအင်တွေနဲ့ဆိုရင် ဒီစစ်မှန်တဲ့ သက်စောင့်စွမ်းအင် အနည်းငယ်လေးကတောင် စွမ်းအားကြီးတဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ သက်စောင့်စွမ်းအင် အားလုံးနဲ့ နှိုင်းယှဉ်လို့ ရတယ်။ တကယ်လို့သာ ငါတို့ မှတ်တမ်းတင်ထားတဲ့ နတ်ဘုရားတွေရဲ့ မှော်စာလုံး ဖွဲ့စည်းပုံထဲကနေ အချိန်ဥပဒေသတွေနဲ့ ပတ်သက်တဲ့ သဲလွန်စတွေကို ရှာဖွေဖော်ထုတ်နိုင်မယ်ဆိုရင် မူလခေတ်ဆီ ပြန်သွားနိုင်မယ့် မျှော်လင့်ချက်က မရှိတာတော့ မဟုတ်ဘူးကွ။"
"အင်း။"
ထိုအချက်ကို တွေးမိသောအခါ စစ်မှန်သော သက်စောင့်စွမ်းအင် အနည်းငယ် ရရှိထားသည့်အတွက် ပျော်ရွှင်နေသော ပိုင်ချူးရန် စိတ်အခြေအနေမှာ အနည်းငယ် ပြန်လည်တည်ငြိမ်သွားသည်။
ပတ်ဝန်းကျင် မြင်ကွင်းများ လျင်မြန်စွာ ပြောင်းလဲနေပြီး သူတို့နှစ်ဦး၏ ရှေ့တွင် အချိန် အပြောင်းအလဲများကို လျှပ်တစ်ပြက် ပြသနေ၏။ အချိန်အတန်ကြာပြီးနောက်တွင် မြင်ကွင်းပြောင်းလဲမှုအရှိန်မှာ နှေးကွေးသွားသည်။
ရုတ်တရက် ပြင်းထန်သော တွန်းကန်အားတစ်ခု ထွက်ပေါ်လာပြီး သူတို့နှစ်ဦးလည်း အချိန်မြစ်ပြင်ရှည်ကြီးထဲမှ တွန်းထုတ်ခံလိုက်ရကာ စိမ်းလန်းစိုပြည်သော သစ်တောအုပ်ကြီး ဖုံးလွှမ်းနေသည့် တောင်ကုန်းတစ်ခုပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားတော့၏။
"ကြည့်ရတာ အရှေ့စွန်းနတ်ဘုရင် ခေါင်းလောင်းရဲ့ စွမ်းအားတွေ ကုန်ခမ်းသွားပြီထင်တယ်။" ကျီရှန်းက ပြောလာသည်။
"တကယ် ကံဆိုးတာပဲ။ ငါတို့ ဘယ်နေရာကို ပစ်ချခံလိုက်ရမှန်းတောင် မသိဘူး။"
ပိုင်ချူးရန်သည် လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းမိကာ မအံ့ဩပဲမနေနိုင်တော့ချေ။
"ဒီနေရာက ချီစွမ်းအင်တွေ အရမ်းကို သိပ်သည်းပြည့်ဝနေတာပဲ။ ကောင်းကင်နဲ့ မြေကြီးကြားက ချီစွမ်းအင် ပမာဏက ငါတို့ခေတ်ထက် အနည်းဆုံး ဆယ်ဆလောက် ပိုများတယ်။"
ပိုင်ချူးရန် ကျီရှန်း၏ ခေါင်းကို ကိုင်ထားရင်း အနီးအနားရှိ မြင့်မားသော ကျောက်ဆောင်ကြီးတစ်ခုကို ရှာတွေ့ကာ အပေါ်သို့ လျင်မြန်စွာ တက်ကြည့်သည်။ ထို့နောက် သူ၏ရှေ့ရှိ ခမ်းနားထည်ဝါလှသော မြင်ကွင်းကြီးကို မျက်ဝါးထင်ထင် မြင်လိုက်ရလေ၏။
မျက်စိတစ်ဆုံး ကျယ်ပြောလှသော သဘာဝ သစ်တောအုပ်ကြီးသည် ကမ္ဘာမြေ၏ အဆုံးသတ်အထိ ဖြန့်ကြက်ထားပြီး သစ်တောထဲတွင် နေရာအနှံ့အပြား၌ ကောင်းကင်ယံသို့ ထိုးထွက်နေသော နတ်ဘုရားဓားတစ်လက်အလား ခမ်းနားထည်ဝါလှသည့် မိုးပျံတောင်ထွတ်များကို မြင်တွေ့နိုင်သည်။ ချီစွမ်းအင်များသည် ထိုတောင်ထွတ်များနှင့် သစ်တောများကို ရစ်ပတ်ဖုံးလွှမ်းထားပြီး အရောင်အသွေး စုံလင်ကာ စွဲမက်ဖွယ်ကောင်းသော ဝိညာဉ်အလင်းတန်း တိမ်တိုက်များကို ဖန်တီးထား၏။ နတ်ဘုရားတောင်ထွတ်ပေါ်တွင်မူ ကြည်လင်သော ရေတံခွန်များသည် နဂါးငွေ့တန်းသဏ္ဍာန် ပေါ်နေပြီး ကောင်းကင်ဘုံကိုးလွှာမှ စီးဆင်းကျလာသကဲ့သို့ တသွင်သွင် စီးဆင်းနေသည်။
ချီစွမ်းအင် စီးဆင်းမှုများသည် တောင်ကျစမ်းပေါက်အဖြစ် ပြောင်းလဲကာ တောင်ထွတ်တစ်ခုမှ စီးဆင်းလာပြီး မြေပြင်ပေါ်တွင် ကြည်လင်သော စမ်းချောင်းလေးတစ်ခုပင် ဖြစ်ပေါ်နေသည်ကို ပိုင်ချူးရန် မြင်လိုက်ရသည်။
'ဒါက လရောင်အနှစ်သာရလို့ခေါ်တဲ့ ကြယ်တွေဆီကလာတဲ့ ကောင်းချီးမင်္ဂလာပဲ ချီစွမ်းအင်တွေပဲ'
သူတို့နှစ်ဦးရှေ့ရှိ အလှတရားတွင် နစ်မျောနေစဉ် တောထဲရှိ မရေမတွက်နိုင်သော ငှက်များသည် ရုတ်တရက် အထိတ်တလန့် အော်ဟစ်ကာ ပျံသန်းသွား၏။
ရုတ်တရက် အဝေးဆီမှ ခြောက်ခြားဖွယ် ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာပြီး ကျောပေါ်တွင် အတောင်ပံများ ပါရှိကာ မီတာရာချီ ရှည်လျားသော ဧရာမ ကျားကြီးတစ်ကောင်သည် တောင်ပံများကို ခတ်ကာ ကောင်းကင်ယံထက်တွင် ဝဲပျံလာသည်။
ဤဧရာမ ကျားကြီးထံမှ အငွေ့အသက်မှာ အလွန် အားကောင်းလှပြီး နှောင်းပိုင်းခေတ်များရှိ ကျင့်ကြံသူတစ်ဦး၏ အဆင့်နှင့်ပင် တူညီလေသည်။ ပို၍ အံ့ဩစရာကောင်းသည်မှာ ကျားကြီးသည် လေထဲတွင် အကြိမ်အနည်းငယ် ဝဲပျံပြီးနောက် ရုတ်တရက် မြေပြင်ပေါ်သို့ ဆင်းသက်ကာ တောင်တန်းများကြားတွင် တွားသွားနေခြင်းပင်။ ကြည့်ရသည်မှာ တစ်စုံတစ်ရာထံမှ ပုန်းအောင်းနေပုံရ၏။
နောက်တစ်စက္ကန့်မှာပင် ကောင်းကင်ယံကို ဖြတ်သန်းကာ အဖြူရောင် သက်တံ့ရောင်စဉ်တစ်ခု ရုတ်တရက် ထိုးဖောက်ဝင်ရောက်လာချိန် ဧရာမ ကျားကြီးမှာ နာကျင်စွာ အော်ဟစ်လိုက်ကာ မြေပြင်ပေါ်သို့ ဘေးတိုက် လဲကျလေတော့သည်။ သူ၏ ဝမ်းဗိုက်ဘေးတွင် ဧရာမ မြှားတံကြီးတစ်စင်း စိုက်ဝင်နေပြီး ခန္ဓာကိုယ်ထဲသို့ ထုတ်ချင်းပေါက်လုနီးပါး နစ်ဝင်နေ၏။
သွေးများသည် အမွေးများကို အနီရဲရဲ ဆိုးသွားစေပြီး ဧရာမ ကျားကြီးမှာ ထွက်ပြေးရန် အားမရှိစွာ ယက်ကန်ယက်ကန် ကြိုးစားနေရသည်။ သို့သော် မြှားသည်
အသက်အန္တရာယ်ရှိသော နေရာကို ဖောက်ထွင်းသွားပုံပင်။ စက္ကန့်အနည်းငယ်အကြာတွင် ဧရာမ ကျားကြီး၏ ခေါင်းလည်း စောင်းကျသွားပြီး အသက်ထွက်သွား၏။
ထိုအခိုက် ကောင်းကင်ယံရှိ တိမ်တိုက်များကြားမှ ကြီးမားလှသော လေဟာပြင် အပေါက်ကြီးတစ်ခု ရုတ်တရက် ပွင့်ဟလာသည်။ အရပ်ပေ တစ်ထောင်ခန့်ရှိပြီး အထက်ပိုင်းမှာ ကြံ့ခိုင်သော အမျိုးသားတစ်ဦးနှင့် တူကာ အောက်ပိုင်းမှာ ဧရာမ နဂါးတစ်ကောင်ဖြစ်နေသော နတ်ဘုရားတစ်ပါးသည် နဂါးအမြီးကို ယမ်းကာ ကောင်းကင်ပေါ်မှ ဆင်းသက်လာ၏။ သူ့ ဧရာမ ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်သို့ နင်းချသောအခါ ကမ္ဘာမြေပြင်တစ်ခုလုံးမှာ သိမ့်သိမ့်တုန်အောင် ခပ်တဲ့တဲ့ တုန်ခါသွားသည်။
သူ့ လက်ထဲတွင် ခန္ဓာကိုယ်နှင့် လိုက်ဖက်သော ဧရာမ လေးကြီးတစ်လက်ကိုလည်း ကိုင်ဆောင်ထားပြီး ခါးတွင် လွယ်ထားသော မြှားကျည်တောက်ထဲ၌ မရေမတွက်နိုင်သော ဧရာမ မြှားကြီးများ ပြည့်နှက်နေ၏။
သူသည် လေးလံသော ခြေလှမ်းများဖြင့် ဧရာမ ကျားကြီး၏ အနီးသို့ ရောက်လာကာ ရယ်မောလျက် ကျားကြီး၏ ခန္ဓာကိုယ်ထဲမှ မြှားကို ဆွဲနုတ်၏။ သူလည်း သွေးများကို သုတ်သင်ပြီး မြှားကျည်တောက်ထဲသို့ ပြန်ထည့်ကာ ဧရာမ ကျားကြီးကို အသာအယာမချီပြီး ပခုံးပေါ်သို့ တင်လိုက်သည်။
ခဏအကြာတွင် ဧရာမ နတ်ဘုရားကြီးသည် တိမ်တိုက်များကို ဖြတ်သန်းကာ ကောင်းကင်ယံသို့ ပြန်သန်း ထွက်ခွာသွားသည်။
ပိုင်ချူးရန်နှင့် ကျီရှန်းတို့သည် တိမ်တိုက်ထဲရှိ အပေါက်ကြီးကို အချိန်အတော်ကြာအောင် ငေးကြည့်နေကြပြီးနောက် ကျီရှန်းက ခါးသီးစွာ ပြုံးလျက် ပြော၏။ "အဲဒါ နတ်ဘုရားပဲ။ ကြည့်ရတာ အရှေ့စွန်းနတ်ဘုရင်ရဲ့ ခေါင်းလောင်းက ငါတို့ကို နတ်ဘုရားတွေရဲ့ ခေတ်ဆီ ပြန်ပို့လိုက်တာ ထင်တယ်။"