အခန်း ၂၉၇
Vol. 30 Ch. 297
အခန်း (၂၉၇) နတ်ဘုရားများခေတ်
"အင်း..."
ပိုင်ချူးရန်က စကားစကို ခေတ္တရပ်တန့်လိုက်ပြီးနောက် ရုတ်တရက် မေးသည်။
"ဒါက နတ်ဘုရားတွေ ကြီးစိုးခဲ့တဲ့ ဘယ်ခေတ်ကာလလဲဆိုတာ မင်း ခန့်မှန်းနိုင်လား။"
"ငါ တစ်ချက်လောက် ကြည့်ပါရစေဦး..."
ကျီရှန်းသည် သူ၏ရှေ့မှောက်ရှိ ကျယ်ပြောလှသော မြေပြင်ကြီးကို စေ့စေ့စပ်စပ် ကြည့်ရှုပြီးနောက် ပြန်ဖြေသည်။
"ဒါက နတ်ဘုရားတွေခေတ်ရဲ့ နှောင်းပိုင်းကာလ။ အရှေ့စွန်းနတ်ဘုရင် ထိုက်ရိ အုပ်စိုးတဲ့ခေတ် ဖြစ်ရမယ်။ ကံကောင်းတာက ငါတို့တွေ အဆိုးရွားဆုံး အခြေအနေထဲ ရောက်သွားတယ် ဆိုပေမယ့်လည်း အနည်းဆုံးတော့ အဆိုးထဲက အကောင်းဆုံး အခြေအနေလို့ ဆိုရမှာပဲ။"
"မင်းက တော်တော် အကောင်းမြင်တတ်တာကိုး။"
ပိုင်ချူးရန်သည် ခဏမျှ စဉ်းစားခန်းဝင်သွားပြီးနောက် ရုတ်တရက် ထပ်ပြောလာ၏။
"တစ်နည်းပြောရရင်တော့ အခုအချိန်မှာ နောက်ဆုံး ကောင်းကင်နတ်ဘုရင်ဖြစ်တဲ့ အရှေ့စွန်းနတ်ဘုရင် ထိုက်ရီက သက်ရှိထင်ရှား ရှိနေသေးပြီး လောကကြီးကို ကြီးစိုးနေဆဲပဲပေါ့၊ ဟုတ်လား။"
ကျီရှန်းက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့လိုက်ပြီး ပြန်ဖြေ၏။
"အင်း။ နောက်ဆုံး နတ်ဘုရင်ကြီး ရှိနေသေးပုံပဲ။"
"ဒါဆိုရင် လူသားမျိုးနွယ်က ပုန်ကန်ဖို့ မစရသေးဘူးပေါ့။"
ပိုင်ချူးရန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မျှော်လင့်ချက်တကြီးဖြင့် ပြောလာသည်။ "ပထမမျိုးဆက် ကောင်းကင်မနာလိုခန္ဓာကလည်း မမွေးဖွားသေးဘူးဆိုတော့ အခု ငါက ဒီခေတ်ကို ရောက်လာပြီဆိုရင် ပထမမျိုးဆက် ကောင်းကင်မနာလို ခန္ဓာကို သွားရှာလို့ ရနိုင်မလား ပြီးတော့ သူ့ဆီကနေ အခြေခံတည်ဆောက်ခြင်းအဆင့် ဘယ်လိုတက်ရမလဲဆိုတာ သင်ပေးဖို့ တောင်းဆိုလို့ ရနိုင်လား"
"ဟင်... အဓိပ္ပာယ်ရှိသားပဲ။"
ကျီရှန်းသည် ခဏမျှ မှင်သက်သွားပြီးနောက် ထောက်ခံလာ၏။ "ပထမမျိုးဆက် ကောင်းကင်ကောင်းကင်မနာလိုခန္ဓရဲ့ အချက်အလက်တွေကို ငါ ရှာမတွေ့နိုင်သေးတဲ့ လက်ရှိအချိန်မှာ ဒါက အကောင်းဆုံး နည်းလမ်းတစ်ခုပဲ။ ပထမမျိုးဆက် ကောင်းကင်ကောင်းကင်မနာလိုခန္ဓာဆိုတာ ဘယ်လိုလူများလဲဆိုတာကို ငါလည်း သိချင်နေတာ။"
"ကောင်းပြီ။ ဒါဆို ငါတို့ နောက်ထပ် ဘာလုပ်မလဲဆိုတဲ့ အစီအစဉ်ကို ဆုံးဖြတ်လိုက်ပြီ။"
ပိုင်ချူးရန်သည် ကောင်းကင်ယံသို့ လက်ညှိုး ထိုးပြသည်။ "ပထမဆုံးအနေနဲ့ ပထမမျိုးဆက် ကောင်းကင်ကောင်းကင်မနာလိုခန္ဓကို ရှာတွေ့ဖို့ဆိုတဲ့ ရည်မှန်းချက် အသေးလေး တစ်ခုကို အရင်ဆုံး ချမှတ်ထားကြတာပေါ့။"
"ရည်မှန်းချက်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဘိုးဘေးပိုင်ရာ..."
ကျီရှန်းက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောလာ၏။
"ငါ ထင်တာကတော့ အခုလောလောဆယ် မင်း အဝတ်အစား ဝတ်ဖို့ နည်းလမ်းတစ်ခုခုကို အရင်ရှာသင့်တယ် မဟုတ်ဘူးလား။ ဒီခေတ်က လူသားတွေက ခေတ်မမှီသေးဘူး ဆိုပေမယ့်လည်း အခုလို ကိုယ်လုံးတီးကြီးနဲ့တော့ မဟုတ်သေးဘူးလေ။"
နတ်ဘုရားများ၏ နယ်မြေကို စူးစမ်းလေ့လာသည့် ခရီးစဉ်အတွင်း ဤကဲ့သို့ အဝတ်ဗလာ ကိုယ်လုံးတီး ဖြစ်သွားလိမ့်မည်ဟု ပိုင်ချူးရန်တစ်ယောက် အိပ်မက်ထဲတွင်ပင် ထည့်မမက်ခဲ့ဖူးချေ။
ပုံမှန်အရ သူ၏ အဝတ်အစားများသည် စစ်မှန်သော ချီစွမ်းအင် အကာအကွယ်များကို အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းထားနိုင်စွမ်း ရှိသည်။ သို့သော် ယခုအခါတွင်မူ သာမန် အထည်အလိပ်များဖြင့် ချုပ်လုပ်ထားသော ထိုအဝတ်အစားများသည် သူ၏ ကြံ့ခိုင်လှသော ခန္ဓာကိုယ်လောက် ခံနိုင်ရည်မရှိကြောင်း ထင်ရှား၏။ စစ်မှန်သော ချီစွမ်းအင်များဖြင့် အားဖြည့်ထားခဲ့လျှင်တောင်မှ အဝတ်အစားများသည် ကြောက်မက်ဖွယ် ဟင်းလင်းပြင် မုန်တိုင်းကြီး၏ ဖျက်ဆီးမှုကို မခံနိုင်ခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ဤအဝတ်အစားများမှာ တောင်ခြေရှိ သာမန် အဝတ်အထည်ဆိုင် တစ်ဆိုင်မှ ပေါ့ပေါ့ပါးပါး ဝယ်ယူလာခဲ့ခြင်းသာ ဖြစ်ရာ စုတ်ပြဲသွားလျှင်လည်း ပြဲသွားပါစေတော့ဟုသာ သဘောထားနိုင်သည်။ သို့သော် အဓိက ပြဿနာမှာ ပိုင်ချူးရန် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲလွန်းခြင်းကြောင့် သိုလှောင်အိတ်ထဲတွင် အပိုအဝတ်အစား တစ်စုံတစ်ရာမျှပင် ယူဆောင်လာခဲ့ခြင်း မရှိပင်။
မူလကမူ သူ ယူလာရန် စဉ်းစားခဲ့သေးသည်။ ကျင့်ကြံသူများ အသုံးပြုလေ့ရှိသော ဖုန်မတင်အောင် ကာကွယ်ပေးသည့် မန္တန်ကို အသုံးမပြုနိုင်သော်ငြား လီကျင်းယောင်က သူ့ အဝတ်အစားများကို လျှော်ဖွပ်ပေးရန် ကိုယ်တိုင်ကိုယ်ကျ တာဝန်ယူပေးခဲ့သောကြောင့် ယူမလာဖြစ်ခဲ့ခြင်းလည်းပါသည်။