← Chapters

အခန်း ၂၉၈

Vol. 30 Ch. 298

အခန်း ၂၉၈

Vol. 30 Ch. 298

အခန်း (၂၉၈) နတ်ဘုရားများခေတ် [၁]

ထို့ကြောင့် ယခုအခါ ပိုင်ချူးရန်တစ်ယောက် အလွန်တရာ အရှက်ရဖွယ်ကောင်းသော အခြေအနေဆိုးကြီးသို့ ဆိုက်ရောက်သွား၏။ သူသည် ကျီရှန်း၏ လမ်းညွှန်မှုဖြင့် တောအုပ်ထဲသို့ ခပ်သုတ်သုတ် ပြေးဝင်သွားကာ တောရိုင်းလူရိုင်းတစ်ယောက်ကဲ့သို့ လက်ချည်းသက်သက်ဖြင့် ကျားသစ်နှင့် ဝက်ဝံပုံစံတူ ထူးဆန်းသော သတ္တဝါနှစ်ကောင်ကို အမဲလိုက် သတ်ဖြတ်ခဲ့ရသည်။ ထို့နောက် သားရေများကို ခွာကာ သူ၏ အရှက်ကို ဖုံးကွယ်နိုင်ရုံမျှ သားရေစကတ်တို တစ်ထည်ကို ကမန်းကတန်း ဖန်တီးဝတ်ဆင်၏။

အကယ်၍ စုရှန်းရွှယ်သာ ဤနေရာတွင်ရှိလျှင် ပိုကောင်းမည်။ သူမမှာ ကာမသုတြာဂိုဏ်းချုပ် တစ်ယောက်ဖြစ်သောကြောင့် သူမဆီမှ လက်မှုပညာ စွမ်းရည်ဖြင့်ဆိုလျှင် သားရေကြမ်းများဖြင့် သပ်ရပ်သော ဝတ်ရုံတစ်ထည် ချုပ်လုပ်ရသည်မှာ အလွန်လွယ်ကူသော ကိစ္စပင်။ မိန်းကလေး လီကျင်းယောင် ဆိုလျှင်လည်း အဆင်ပြေနိုင်သည်။ သူမသည်လည်း စီနီယာအတွက် အဝတ်အစားတစ်ထည် ချုပ်ပေးရသည်ကို စိတ်အနှောင့်အယှက် ဖြစ်မည်မဟုတ်ပေ။

'ရော်ဝေ့ကတော့... ဟင်း၊ အဲ့ကလေးက တော်ဝင်မိသားစုမှာ မွေးဖွားလာတဲ့ မင်းသမီးလေးဆိုတော့ ဒီလို သိမ်မွေ့တဲ့ အပ်ချုပ်အလုပ်မျိုးကို လုပ်တတ်ပါ့မလား'

ရှေးဟောင်း နတ်ဘုရားများခေတ်သို့ ရောက်ရှိလာသည်မှာ တစ်နာရီပင် မပြည့်သေးသော်ငြား ပိုင်ချူးရန်သည် စိတ်ထဲတွင် အတွေးပေါင်းစုံ စတင်ဝင်ရောက်လာကာ သက်ပြင်းချမိ၏။

"မင်းရဲ့ အခုပုံစံကြီးက တကယ်ကို ရယ်ရလွန်းလို့ပါကွာ။ ငါ့မှာသာ လက်တွေ၊ ခြေတွေ ရှိနေသေးရင် မင်းရဲ့ ဒီအသွင်အပြင်ကို အမှတ်တရ မှတ်တမ်းတင်ထားဖို့ ပုံရိပ်ဖမ်းကျောက်တုံး တစ်တုံးလောက် သွားရှာမိမှာ။"

ကျီရှန်းအား ပိုင်ချူးရန်က သားရဲအရွတ်ကြိုးများဖြင့် ခါးနောက်ဘက်တွင် ပြန်လည် ချည်နှောင် ချိတ်ဆွဲထားသည်။ ခေါင်းခွံကြီးမှာ ယိမ်းထိုးနေရင်းမှ နောက်ပြောင်ဆဲပင်။

"မင်း လက်နက်တွေ ဖန်တီးတဲ့အချိန်တုန်းက အရမ်းကို ပါရမီပါတဲ့သူပဲလို့ ငါ ထင်ခဲ့တာ။ ဒါပေမဲ့ ဒီလို အပ်ချုပ်လက်မှုအလုပ်တွေ လုပ်တဲ့နေရာကျတော့ ဘာလို့ ဒီလောက်တောင် ကြမ်းတမ်းရိုင်းစိုင်းနေရတာလဲကွ။"

"ငါက အပ်ချုပ်ပညာကို အထူးတလည် လေ့ကျင့်ထားတာမှ မဟုတ်တာကွ။ ပြီးတော့ လူတွေဆိုတာ အရာရာ ပြည့်စုံနေတဲ့ သူတော်စင်တွေမှ မဟုတ်တာ။ ငါ့မှာလည်း မကျွမ်းကျင်တဲ့ အရာတွေ ရှိနေမှာပဲလေ။"

ပိုင်ချူးရန်က သက်ပြင်းချလာ၏။

"နောက်ကျရင် လက်နက်ဖန်တီးဖို့ သုံးလို့ရမယ့် ကောင်းမွန်တဲ့ ပစ္စည်းတွေရှိတဲ့ ထူးဆန်းတဲ့ သားရဲနှစ်ကောင်လောက်ကို ငါ့ကို လိုက်ရှာပေးပါဦး။ ပြီးမှ ပိုသပ်ရပ်တဲ့ အဝတ်အစား တစ်ထည်လောက် ထပ်ပြီး ဖန်တီးရမယ်။"

သူတို့နှစ်ဦးသည် သစ်တောအုပ်ကြီးထဲတွင် ခြေဦးတည့်ရာ လျှောက်လှမ်းနေကြသည်။ ဤခေတ်ကာလတွင် မည်သူမျှ လမ်းမသိသောကြောင့် ပိုင်ချူးရန်လည်း သစ်ကိုင်းတစ်ကိုင်းကို ပစ်ချကာ ထိုသစ်ကိုင်း ညွှန်ပြရာ အရပ်ဆီသို့ ကျပန်း ဦးတည်ရွေးချယ်လိုက်၏။

အချိန်အတန်ကြာ လမ်းလျှောက်ပြီးနောက် ပိုင်ချူးရန်လည်း မွှေးပျံ့လှသော ထူးဆန်းသည့် ရနံ့တစ်ခုကို ရုတ်တရက် ရှူရှိုက်မိသည်။

"ဒါက..."

ပိုင်ချူးရန်သည် နှာခေါင်းရှုံ့ကာ အနံ့ခံလိုက်ပြီး အံ့အားသင့်စွာ ရေရွတ်မိသည်။ "ဝိုင်နံ့လား။"

ဝိုင် ရှိသည်ဆိုခြင်းမှာ ဉာဏ်ရည်မြင့် သတ္တဝါ ရှိသည်နှင့် အတူတူဖြစ်၏။ ဤခေတ်ကာလတွင် ဝိုင်ချက်သူများသည် လူသားများ မဟုတ်နိုင်သော်ငြား အနည်းဆုံးတော့ သူတို့သည် အဆင့်မြင့် ဉာဏ်ရည်ပိုင်ဆိုင်ထားသော မျိုးနွယ်စုများ ဖြစ်ရမည်မှာ အသေအချာပင်။

သူတို့နှင့် ဆက်သွယ်ပြောဆိုခြင်းအားဖြင့် ပိုင်ချူးရန်နှင့် ကျီရှန်းတို့သည် ယခုခေတ်ကာလနှင့် ပတ်သက်သည့် အခြေခံ အချက်အလက်အချို့ကို ရရှိနိုင်၏။ ကျီရှန်း၏ မဟာဉာဏ်ပညာသည် အလွန် အသုံးဝင်လှသော်လည်း လောကကြီးရှိ အရာခပ်သိမ်းကို အကြွင်းမဲ့ သိနိုင်စွမ်းရှိသည်တော့ မဟုတ်ပေ။ အချို့သော အခြေခံ ဗဟုသုတများကို ဒေသခံများနှင့် ဆက်သွယ်ပြောဆိုခြင်းမှတစ်ဆင့်သာ ရယူရန် လိုအပ်သေးသည်။

အကယ်၍များ တစ်ဖက်လူသည် လူသားမျိုးနွယ်ကို ရန်လိုသော မျိုးနွယ်စု ဖြစ်နေလျှင်တောင်မှ ပြိုင်ဘက်ကင်း ပိုင်ချူးရန်အတွက်မူ အကြောက်အလန့် တစ်စက်မျှ မရှိပေ။

ထိုမွှေးပျံ့သော ရနံ့နောက်သို့ ခပ်သုတ်သုတ် လိုက်ကာ ပိုင်ချူးရန်လည်း တောအုပ်ကြီးကို အလျင်အမြန် ဖြတ်သန်းသွားနိုင်သည်။ သူ့ကို သားကောင်အဖြစ် အသုံးချလိုသော ထူးဆန်းသည့် သားရဲအချို့ကို နောက်ကွယ်တွင် ခပ်ဝေးဝေး ထားရစ်ခဲ့ပြီး ပြူးထွက်နေသော ကျောက်ဆောင် ချောက်ကမ်းပါးစွန်းတစ်ခုသို့ ရောက်ရှိလာ၏။ ထိုနေရာတွင် ထူးဆန်းအံ့ဩဖွယ်ရာ သစ်ပင်ကြီးတစ်ပင် ပေါက်ရောက်နေသည်။ ဤသစ်ပင်ပေါ်တွင် ပန်းများနှင့် အရွက်များ လုံးဝ မရှိပေ။ ထိုအစား ရေပုလင်းပများနှင့် တူသော အိတ်ပုံစံ အသီးတောင့်အချို့ တွဲလောင်းကျနေပြီး ထိုအရာများထံမှ မွှေးပျံ့သော ဝိုင်ရနံ့များ ဆွဲဆောင်မှုရှိစွာ ထွက်ပေါ်နေခြင်း ဖြစ်သည်။

"ဘာလဲကွ။ သစ်ပင်ကြီးဟ။"

ပိုင်ချူးရန်သည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချမိ၏။

"ဘာသစ်ပင်လဲ။ ငါ့ကို ပြစမ်းပါဦး။"

ကျီရှန်းသည် သူ၏ ခေါင်းခွံကို အလောတကြီး လှုပ်ရမ်းကာ အော်ပြောလာသည်။

ပိုင်ချူးရန်သည် ခါးနောက်မှ ကျီရှန်းကို ဖြုတ်ယူပြီး သစ်ပင်ဘက်သို့ မျက်နှာမူပေး၏။ ကျီရှန်းသည် ထိုသစ်ပင်အား နှစ်မိနစ်ခန့် စေ့စေ့စပ်စပ် ကြည့်ရှုပြီးနောက် ပြောလေသည်။

"အိုး ဒီသစ်ပင်ရဲ့ နာမည်က ကျောက်စိမ်းရည် သစ်ပင်လို့ ခေါ်တယ်။ အပင်ရဲ့ အိတ်အသီးတောင့်တွေက သဘာဝရဲ့ ချီစွမ်းအင်တွေကို စုပ်ယူပြီး စွမ်းအင်တွေ ကြွယ်ဝတဲ့ အင်မော်တယ်ဝိုင်အဖြစ် ထုတ်လုပ်ပေးတယ်။ အရသာပဲဖြစ်ဖြစ်၊ အရောင်အဆင်းပဲဖြစ်ဖြစ် ဒါက လောကမှာ အကောင်းဆုံး သစ်သီးဝိုင်ပဲ။ သာမန်လူတွေသာ ဒါကို သောက်လိုက်ရင် ရောဂါကင်းပြီး အသက်ရှည်ကျန်းမာစေနိုင်တယ်။ ကောင်းကင်နတ်ဘုရင်ရဲ့ ဥယျာဉ်တော်ထဲမှာလည်း အများကြီး စိုက်ပျိုးထားကြတယ်။"

"ဉာဏ်ရည်မြင့် သတ္တဝါတွေ ဖန်တီးထားတဲ့ ဝိုင်မှ မဟုတ်တာ။ ဘယ်လောက်ပဲ အရသာရှိရှိ သတင်းအချက်အလက် မရနိုင်တော့ ငါ့အတွက် အလကားပဲ။ ငါက အရက်မက်တဲ့ ဟွမ်ဖုဖိန်မှ မဟုတ်တာ။"

ပိုင်ချူးရန်က သက်ပြင်းချလိုက်၏။

"အနည်းဆုံးတော့ ရေငတ်ပြေသွားအောင် နတ်ဘုရားတွေခေတ်က နတ်ဘုရားတွေ ကိုယ်တိုင် သောက်သုံးခဲ့တဲ့ ဝိုင်ကိုတော့ မင်း မြည်းစမ်းခွင့် ရသေးတာပဲ။" ကျီရှန်းက နှစ်သိမ့် ပေး၏။

ပိုင်ချူးရန် စဉ်းစားကြည့်ပြီး ကျောက်စိမ်းရည် သစ်ပင် အနီးသို့ လျှောက်သွားကာ ထိုပေါ်တွင် တွဲလောင်းကျနေသော အိတ်ပုံစံ အသီးတောင့်တစ်လုံးကို အသာအယာ ဖွင့်ကြည့်သည်။

အလွန်ပြင်းထန် မွှေးပျံ့သော ရနံ့တစ်ခု ထွက်ပေါ်လာပြီး အိတ်ပုံစံ အခွံအတွင်းတွင် ကြည်လင်နေသော ကျောက်စိမ်းရည်များသည် ပိုင်ချူးရန်၏ လှုပ်ရှားမှုများနှင့်အတူ အနည်းငယ် လှုပ်ခါသွား၏။ ထိုရနံ့ကို ရှူရှိုက်လိုက်ရုံဖြင့် လူကို အလိုလို တံတွေးမျိုချမိစေလောက်အောင် ဆွဲဆောင်မှု ပြင်းထန်လှသည်။

မြရည်ကဲ့သို့ ကြည်လင်နေသော ဝိုင်ကို မြင်လိုက်ရသောအခါ ပိုင်ချူးရန်၏ မူလက မသာမယာဖြစ်နေသော စိတ်အခြေအနေမှာလည်း အနည်းငယ် သက်သာသွားရသည်။ သူသည် ခေါင်းကို မော့ကာ အိတ်ထဲရှိ ဝိုင်များကို အားရပါးရ မော့သောက်တော့၏။

တစ်သက်တွင် တစ်ခါမှ မမြည်းစမ်းဖူးခဲ့သော ထိုထူးကဲသည့် အရသာသည် သူ၏ ပါးစပ်ထဲသို့ ဝင်ရောက်လာပြီး လျှာပေါ်ရှိ အာရုံခံဆဲလ်တိုင်းကို လှုံ့ဆော်ပေးလာသည်။ ချိုမြိန်သော ဝိုင်သည် မွှေးရနံ့များဖြင့် ပြည့်နှက်နေသော်လည်း လည်ချောင်းကို ပူလောင်သွားစေခြင်း အလျဉ်းမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် လည်ချောင်းတစ်လျှောက် စီးဆင်းသွားသောအခါ အေးမြသော ခံစားချက်တစ်ခု ပြန့်နှံ့သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးကိုပါ အနည်းငယ် နွေးထွေးသွားသလို သက်သောင့်သက်သာလည်း ခံစားရစေသည်။

ပိုင်ချူးရန် ခေါင်းမော့လိုက်ပြီး နှုတ်ခမ်းကို လျှာဖြင့် သပ်ကာ မနေနိုင်တော့ဘဲ ချီးကျူးမိသည်။ "တကယ် ကောင်းလိုက်တဲ့ ဝိုင်ပဲ။"

သူသည် သစ်ပင်ပေါ်သို့ ခုန်တက်ကာ သစ်ပင်ပေါ်ရှိ ဝိုင်အိတ်များအားလုံးကို တစ်ခုမကျန် အားရပါးရ သောက်ပစ်လိုက်၏။ ထိုသို့ သောက်သုံးပြီးနောက် သူတို့နှစ်ဦးလည်း ခရီးဆက်ခဲ့ကြပြီး ရွေးချယ်ထားသော လမ်းကြောင်းအတိုင်း တစ်နာရီခန့် ဆက်လက် လမ်းလျှောက်လာကြသည်။

သူတို့နှစ်ဦး ရေစီးသန်လှသော မြစ်တစ်စင်းသို့ ရောက်ရှိလာသောအခါ ပိုင်ချူးရန်သည် ဗိုက်ကို ရုတ်တရက် အုပ်ကိုင်ပြီး အထိတ်တလန့် အော်ပြောလေ၏။

"နေဦး... အခြေအနေက တစ်ခုခု ထူးနေပြီကွ။"

All Chapters