← Chapters

အခန်း ၃၀၁

Vol. 31 Ch. 301

အခန်း ၃၀၁

Vol. 31 Ch. 301

အခန်း (၃၀၁) ကျန်းလန်

ထိုအေးစက်စက် အသံကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ကောင်းကင်နတ်ဘုရား၏ မျက်နှာအမူအရာမှာ သိသိသာသာ ပျက်ယွင်းသွားပြီး သူ၏ ခြေအောက်တွင် လှိမ့်တက်နေသော တိမ်တိုက်များမှာလည်း တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွား၏။

သစ်ရွက်ခြောက်များ နင်းမိသံ ခပ်သဲ့သဲ့နှင့်အတူ မြစ်ကမ်းစပ် နောက်ကွယ်ရှိ ချုံပုတ်များကြားမှ မိန်းကလေးငတစ်ဦး ဖြည်းညှင်းစွာ ထွက်လာသည်။

ယခုခေတ်ကာလရှိ သာမန်လူသားများကဲ့သို့ပင် သူမ၏ အဝတ်အစားများမှာ အလွန် ရိုးရှင်းကြမ်းတမ်း၏။ သူမသည် အဖြူရောင် သားမွေးကြမ်းကြမ်းဖြင့် ချုပ်လုပ်ထားသော အပေါ်အင်္ကျီကို ဝတ်ဆင်ထားပြီး အောက်ပိုင်းတွင်လည်း ထိုသားမွေးဖြင့်ပင် ပြုလုပ်ထားသော စကတ်ရှည်ကို ရိုးရှင်းစွာ ဝတ်ဆင်ထားသည်။

သို့သော် သာမန်လူသားများနှင့် ကွဲပြားခြားနားနေသည်မှာ အသက် ၁၃ နှစ်၊ ၁၄ နှစ်ခန့်သာ ရှိသေးပုံပေါ်သော ထိုမိန်းကလေးသည် ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် အလှတရားများဖြင့် ပြည့်စုံစွာ မွေးဖွားလာခဲ့ခြင်းပင်။ သူမတွင် မင်ရည်ကဲ့သို့ မည်းနက်ရှည်လျားသော ဆံကေသာများ ရှိပြီး ဆံပင်များကို သစ်သားဆံထိုးလေး တစ်ချောင်းတည်းဖြင့် တိမ်တိုက်သဏ္ဍာန် ဆံထုံးတစ်ခုအဖြစ် သပ်ရပ်စွာ ထုံးဖွဲ့ထား၏။

ရှည်လျားကော့ညွှတ်နေသော မျက်တောင်များ အောက်တွင် စူးရှတောက်ပသော မျက်လုံးတစ်စုံ ရှိပြီး မိတ်ကပ်ကင်းစင်နေသော နှုတ်ခမ်းဖူးဖူးလေးများမှာ သဘာဝအတိုင်း ပန်းရောင်သန်းနေကာ အတွင်းဘက်ရှိ သွားတန်းလေးများမှာ ပုလဲလုံးလေးများအလား ဖြူဖွေးနေသည်။ ထို့ပြင် သူမ မျက်လုံးထောင့်များတွင် လျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင် တက်တူးအမှတ်အသားများ ခပ်ဖျော့ဖျော့ ရှိနေ၏။

သူမ၏ အသားအရေမှာ ကျောက်စိမ်းဖြူကဲ့သို့ ဝင်းမွတ်နေပြီး မှိန်ဖျော့ဖျော့ တောက်ပမှုတစ်မျိုးပင် ကိန်းအောင်းနေလေသည်။ သူမ၏ ကျောက်စိမ်းကဲ့သို့ သွယ်လျသော လက်ချောင်းလေးများအပြင် ပုရွက်ဆိတ်အလား သေးတိန်သော ခါးလေးနှင့် တိမ်တိုက်ကဲ့သို့ အသားအရေကို ငေးကြည့်ရင်း ကျီရှန်းနှင့် ပိုင်ချူးရန်တို့ပင် သူမ၏ ပြိုင်ဘက်ကင်း အလှတရားကို စိတ်ထဲမှ မချီးကျူးဘဲ မနေနိုင်တော့ချေ။

သို့သော် ချောမောလှပသောမိန်းကလေးငယ်လေးထံတွင် ယခုအခိုက်အတန့်၌ အေးစက်ခက်ထန်သော အငွေ့အသက်များ လွှမ်းခြုံနေပြီး သူမ၏ ပခုံးပေါ်တွင် အမည်းရောင် မြွေဟောက်ကြီးတစ်ကောင် ရစ်ခွေနေကာ လျှာနှစ်ခွကို တဖျတ်ဖျတ် ထုတ်နေ၏။

မိန်းကလေး ထွက်လာသည်ကို မြင်သောအခါ ကောင်းကင်နတ်ဘုရား၏ မျက်နှာအမူအရာမှာ ထိတ်လန့်မှုကြောင့် အနည်းငယ် ဖြူရော်သွားပြီး အလျင်အမြန် မေးလိုက်သည်။

"ကူးစက်ရောဂါ နတ်ဘုရားမ။ ဒီနေရာကို ဘာကိစ္စနဲ့များ ရောက်လာရတာလဲ။"

မိန်းကလေးသည် သူ၏ မေးခွန်းကို ချက်ချင်း ပြန်မဖြေချေ။ သူမသည် မြစ်ကမ်းစပ်သို့ ဖြည်းညှင်းစွာ လျှောက်သွားကာ မြေပြင်ပေါ်တွင် ကြောက်လန့်တကြား လဲကျနေသော လူသားများကို တစ်ချက် ဝေ့ကြည့်ပြီး မြစ်ကမ်းစပ်တွင် တင်နေသော နဂါးအလောင်းကြီးကိုလည်း မျက်တောင်မခတ်တမ်း တစ်ချက် စိုက်ကြည့်၏။

ထို့နောက် သူမက အေးစက်ပြတ်သားသော အသံဖြင့် ပြောသည်။ "ဒီနဂါးကို ငါ အဆိပ်ခတ်လိုက်တာ။ ဒီလူတွေနဲ့ ဘာမှမဆိုင်ဘူး။"

"ဘာ။"

ထိုနေ့က ပူဇော်ပစ္စည်းများကို မြင်ပြီး ဝမ်းသာအားရဖြင့် ပျံသန်းထွက်ခွာတော့မည့် နတ်ဘုရားမှာ ဒေါသကို မထိန်းနိုင်တော့ဘဲ အော်ဟစ်မိသည်။

"မင်းက ငါ့ရဲ့ နဂါးကို အကြောင်းပြချက်မရှိဘဲ အဆိပ်ခတ်သတ်ခဲ့တာလား။ မင်းက ကူးစက်ရောဂါ အဆိပ်တွေကို တာဝန်ယူရတဲ့ နတ်ဘုရားမ တစ်ပါးဆိုရင်တောင်မှ ကောင်းကင်နတ်ဘုရင်မင်းမြတ်က မင်းကို အလိုလိုက်ထားမှာ မဟုတ်ဘူး။ ကူးစက်ရောဂါ နတ်ဘုရားမ။ မင်း သေသေချာချာ စဉ်းစားပြီး ဒီလူသားတွေကို မင်းကိုယ်စား အပြစ်ခံဖို့ တာဝန်ယူခိုင်းလိုက်ဖို့ ငါ အကြံပေးပါရစေ။ အဲဒါဆို ငါလည်း မင်းကို အပြစ်တင်စရာ မလိုတော့ဘူး။"

"ဒီသခင်မက အဆင့်နိမ့် လူသားမျိုးနွယ်ကို အသုံးချပြီး ငါ့ကိုယ်စား အပြစ်ခံခိုင်းဖို့ လိုလို့လား။"

မိန်းကလေးသည် အထင်အမြင်သေးစွာဖြင့် အေးစက်စက် နှာခေါင်းရှုံ့ပြီးနောက် ပြန်ချေပ၏။ "ငါက ကောင်းကင်နတ်ဘုရင်မင်းမြတ်ရဲ့ အမိန့်နဲ့ အဆိပ်ဆေးလုံး အသစ်ကို စမ်းသပ်ဖို့ ဒီကို ရောက်လာတာ။ နင် အရှင်မင်းကြီးဆီ သွားတိုင်ချင်ရင်လည်း သွားတိုင်လိုက်လေ။ ဘာပဲဖြစ်ဖြစ် နင့်ရဲ့ နဂါးက မျက်စိကန်းနေလို့ ဒီသခင်မ အဆိပ်စမ်းသပ်နေတဲ့ မြစ်ထဲကိုမှ လာဆော့ချင်ရတယ်လို့။ ကိုယ့်အိမ်မွေးတိရစ္ဆာန်ကို သေသေချာချာ မစောင့်ကြည့်ဘဲ သေသွားတဲ့အခါကျမှ ငါ့ကို လာအပြစ်ပုံချချင်နေတာလား။ နင့်ရဲ့ နဂါးက အရှင်မင်းကြီးရဲ့ စမ်းသပ်ကွင်းထဲကို ကျူးကျော်ဝင်ရောက်လာတာကို ငါ အပြစ်မတင်ရသေးဘူးနော်။ နတ်ဘုရားအဆင့်နိမ့်လေးကများ ဒီသခင်မရှေ့မှာ ရိုင်းစိုင်းရဲသေးတယ်။"

"ဒါက..."

နတ်ဘုရားသည် မျက်နှာပေါ်တွင် အထိတ်တလန့် အမူအရာများ ပေါ်လွင်လာပြီးနောက် နောက်သို့ တစ်လှမ်း ဆုတ်မိသည်။

"ထွက်သွားစမ်း။"

မိန်းကလေးငယ်လေးသည် သူ့ကို စူးရဲစွာ မျက်စောင်းထိုးရာ သူမ၏ ပခုံးပေါ်ရှိ အဆိပ်ပြင်းမြွေကြီးသည် ခေါင်းကို ထောင်ကာ လျှာကို တရွှမ်းရွှမ်း သပ်ပြ၏။

"ကောင်းကင်ဘုံနဲ့ တခြားနတ်ဘုရားတွေက ငါ့ကို အရမ်း မနှစ်မြို့ကြဘူးဆိုတာ ဒီသခင်မ သိတယ်။ ဒါပေမဲ့ အရှင်မင်းကြီးက နင့်လို နတ်ဘုရားအဆင့်နိမ့်လေးအတွက်နဲ့ တရားဝင် နတ်ဘုရားမဖြစ်တဲ့ ငါ့ကို အခက်တွေ့အောင် လုပ်မှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ နင် လမ်းမဖယ်ပေးဘူးဆိုရင် နင့်ကိုလည်း အရှင်မင်းကြီးအတွက် ဆေးစမ်းသပ်ဖို့ ဒီသခင်မ အသုံးချပစ်လိုက်မယ်နော်။"

"ကူးစက်ရောဂါအဆိပ် နတ်ဘုရားမ။ ဒီနတ်ဘုရားက ဒီနေ့ ကိစ္စကို သေချာ မှတ်ထားလိုက်မယ်။"

နတ်ဘုရားသည် သူ၏ ခြေကျင်းဝတ်ခန့်သာ အရပ်ရှိသော မိန်းကလေးငယ်လေးကို အံကြိတ်ကာ အလွန် မကျေမနပ်ဖြင့် လက်အုပ်ချီ အရိုအသေပေးပြီးနောက် မြေပြင်ပေါ်ရှိ နဂါးအလောင်းကြီးကို ဒေါသတကြီး ဆွဲမကာ ထမ်းပိုးလိုက်သည်။

"ထွီ။ တကယ် ကံဆိုးတဲ့ နေ့ပဲ။ ကူးစက်ရောဂါ နတ်ဘုရားမနဲ့မှ လာဆုံနေရတယ်။"

သူက ဒေါသတကြီး တီးတိုး ကျိန်ဆဲပြီးနောက် သူ့ ခန္ဓာကိုယ်မှာ ပေတစ်ထောင်နီးပါးခန့် ဧရာမကိုယ်ထည်ကြီးအဖြစ် ရုတ်ခြည်း ကြီးထွားသွားကာ အနက်ရောင် နဂါးကြီးကို ထမ်းပိုးလျက် ကောင်းကင်ယံသို့ အလျင်အမြန် ပျံသန်းထွက်ခွာ၏။

မိန်းကလေးငယ်လေးသည် ဤနတ်ဘုရား၏ ဆဲရေးတိုင်းထွာမှုများကို ကြားရသော်လည်း သူမ လုံးဝ ဂရုမစိုက်ပေ။ ထိုအစား သူမသည် မြေပြင်ပေါ်ရှိ လူသားတစ်စုကို လှည့်ကြည့်ကာ ပြောသည်။

"ထကြတော့။"

"ဟုတ်... ဟုတ်ကဲ့ပါ။"

မုဆိုးများဟု ယူဆရသော လူသားများသည် မြေပြင်မှ ကြောက်လန့်တကြား ထလာကြပြီး ခေါင်းငုံ့ကာ မိန်းကလေးနှင့် ခပ်ဝေးဝေးတွင် ရိုသေစွာ ရပ်ကြ၏။

All Chapters