အခန်း ၃၀၃
Vol. 31 Ch. 303
အခန်း (၃၀၃) သွေးနှော
ကျန်းလန်၏ နောက်သို့ တောက်လျှောက် လိုက်ပါလာပြီးနောက် ပိုင်ချူးရန်နှင့် ကျီရှန်တို့သည် တိတ်ဆိတ်ချောက်ချားဖွယ် သစ်တောအုပ်ကြီး ဝန်းရံထားသည့် တဲအိမ်ငယ်လေးတစ်လုံးရှေ့သို့ ရောက်လာ၏။
ကျောက်တုံးကြမ်းများနှင့် သက်ငယ်မိုးထားသော ထိုတဲအိမ်လေးမှာ တောင်စောင်းနေရာတွင် အထီးကျန်စွာ တည်ရှိနေ၏။ ကျန်းလန်သည် သူမ၏ တန်ခိုးစွမ်းအင်ကို သုံးကာ ထူထပ်ပိတ်ဖုံးနေသော သစ်တောကြီးအတွင်းမှ မြေကွက်လပ်တစ်ခုကို ရှင်းလင်း၍ နေထိုင်ခဲ့ဟန်တူသည်။
တဲအိမ်ဘေးတွင်မူ ဝါးခြမ်းများဖြင့် ခပ်ကြမ်းကြမ်း ကာရံထားသော ခြံစည်းရိုးတစ်ခုရှိသည်။ ခြံဝင်းအတွင်း၌ စိုက်ခင်းနှစ်ခုရှိပြီး ပိုင်ချူးရန် တစ်ခါမျှ မမြင်ဖူးသော ထူးဆန်းသည့် ပန်းများနှင့် အပင်အချို့ကို စိုက်ပျိုးထား၏။ တဲအိမ်နံဘေးရှိ သစ်သားစင်တန်းများပေါ်တွင်တော့ အညိုရောင် မြေအိုးများကို တစ်လုံးချင်း စီတန်းထားကာ ထိုအိုးများထဲမှ ကြက်သီးမွေးညင်းထဖွယ် အသံသဲ့သဲ့ ထွက်ပေါ်နေ၏
"ကျွနမခြံထဲက ဘာကိုမှ လျှောက်မကိုင်နဲ့။ မဟုတ်ရင် နင့်ကိုသတ်ပြီး အလောင်းဖျောက်ဖို့တောင် ဝန်လေးနေမှာ မဟုတ်ဘူးနော်။"
ခြံဝင်းထဲရှိ ပန်းတစ်ပွင့်ကို သိချင်စိတ်ပြင်းပြစွာဖြင့် စူးစမ်းနေသော ပိုင်ချူးရန်အား မြင်သည်နှင့် ကျန်းလန်က အေးစက်စက် လေသံဖြင့် သတိပေးလခာသည်။
ပိုင်ချူးရန်လည်း ကိုယ်ကို မတ်လိုက်ပြီးနေ ကျန်းလန်နောက်သို့ ကပ်လျက် သူမ၏ တဲအိမ်အတွင်းသို့ တိတ်ဆိတ်စွာ လှမ်းဝင်လာ၏။
တံခါးကို တွန်းဖွင့်လိုက်သည်နှင့် မြင်လိုက်ရသော တဲအိမ်တွင်း မြင်ကွင်းမှာ အလွန်တရာ ဆင်းရဲနွမ်းပါးလွန်းလှပြီး ပိုင်ချူးရန် မြင်ဖူးသမျှ အဆင်းရဲဆုံး လယ်သမားအိမ်ထက်ပင် ပို၍ ခေတ်နောက်ကျနေသေးသည်။ မြေကြီးပေါ်တွင် သစ်သားတုံးများနှင့် ကျောက်တုံးများကို စုပုံ၍ စားပွဲငယ်တစ်ခု ပြုလုပ်ထားကာ ဘေးတွင် သစ်ငုတ်တိုနှစ်ခုကို ထိုင်ခုံအဖြစ် ချထား၏။ စားပွဲငယ်ဘေး ထောင့်တစ်နေရာရှိ တိရစ္ဆာန်သားရေများ ခင်းကျင်းထားသော ကျောက်တုံးစင်မြင့်မှာမူ ရှေ့မှ မိန်းကလေး အိပ်စက်ရာ ကုတင်ပင် ဖြစ်နိုင်သည်။
အခန်းထောင့်များတွင် ပုလင်းများ၊ သံဗူးများနှင့်အတူ ကြောက်မက်ဖွယ် သားရဲဦးခေါင်းခွံများဖြင့် ပြုလုပ်ထားသော ခွက်များစွာ ရှိနေသော်လည်း အခန်းအတွင်း၌ အနံ့အသက်ဆိုးများ လုံးဝမရှိချေ။ ထိုအစား ဆေးဘက်ဝင်အပင်တို့၏ ရနံ့နှင့် ထူးခြားချိုမြိန်သော ရနံ့တစ်မျိုး ရောယှက်နေသည့် သိမ်မွေ့သော ရနံ့သင်းသင်းလေးကသာ အခန်းတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။
"ရော့။ ဒါ နင့်အတွက်။"
ကျန်းလန်သည် အိမ်နံရံရှိ သစ်သားသေတ္တာတစ်ခုထဲမှ တိရစ္ဆာန်သားရေဖြင့် ပြုလုပ်ထားသော ပုခက်တစ်ခုကို ဆွဲထုတ်ကာ ပိုင်ချူးရန်ထံသို့ ပစ်ပေးလိုက်၏။
"အပြင်မှာ သစ်ပင်နှစ်ပင် ရှိတယ်။ ဒီဟာကို သွားချည်ပြီး အဲဒီသစ်ပင်ပေါ်မှာ အိပ်လို့ရတယ်။ မနက်ဖြန်ကျရင်တော့ ငါ နင့်ကို ကောင်းကင်ဘုံခေါ်သွားပြီး ဧကရာဇ်မင်းဆီကနေ နတ်ဘုရားရာထူး တစ်ခုခု တောင်းပေးမယ်။ အဲဒီကျရင် နင် ငါနဲ့ ဒီမှာ အတူဆက်နေစရာ မလိုတော့ဘူး။"
"အို။ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။"
ပိုင်ချူးရန်က သူမ ကမ်းပေးလာသော သားရေပုခက်ကို ဖမ်းယူရင်း ပြောလာသည်။
"အပြင်ဘက်မှာ ပြင်းထန်တဲ့ အဆိပ်ငွေ့တွေ ရှိနေတော့ သာမန်နတ်ဘုရားတွေတောင် ဒီထဲကို ကျူးကျော်ဝင်ရောက်လို့ မရဘူး။ နင် ခြံထဲမှာပဲ အိပ်လိုက်။ အသက်အန္တရာယ်အတွက်တော့ ပူစရာမလိုဘူး။"
ကျန်းလန်က အတည်ပေါက်ဖြင့် မှာကြားပြီးနောက် ဆက်ပြော၏။ "ကဲ... နင် အပြင်ထွက်ပြီး အရင်နားလိုက်တော့။ ငါလည်း အိပ်ချင်နေပြီ။"
နေမဝင်သေးသဖြင့် အိပ်ရန် စောလွန်းသေးကြောင်း ပိုင်ချူးရန် မသိစိတ်မှ ငြင်းဆန်ချင်သွားသော်လည်း မည်းမှောင်စပြုလာသော ကောင်းကင်ပြင်ကို မော့ကြည့်လိုက်မိချိန်တွင် သူသည် အခြားသော ရှေးဟောင်းခေတ်ကာလတစ်ခုသို့ ရောက်ရှိနေကြောင်းကို ချက်ချင်း သတိရသွား၏။
ဤခေတ်ကာလရှိ ညချမ်းအချိန်များသည် အလွန်တရာ အန္တရာယ်များလှသည်။ လူသားများ အခြေချနေထိုင်ရာ လုံခြုံပါသည်ဆိုသော နေရာများတွင်ပင် မည်သည့်အချိန်မဆို ရုတ်တရက် တိုက်ခိုက်ခံရနိုင်ပြီး အသက်ဆုံးရှုံးသွားနိုင်ချေ ရှိပေသည်။ ထို့ကြောင့် နေထွက်ချိန်တွင်သာ အလုပ်လုပ်၍ နေဝင်လျှင် အနားယူခြင်းမှာ ယခုခေတ်ကာလ၏ ရှင်သန်မှု ဓလေ့စရိုက်တစ်ခု ဖြစ်လိမ့်မည်။
ကျန်းလန်သည် နတ်ဘုရားတစ်ပါး ဖြစ်သော်ငြား ကောင်းကင်ဘုံ၌ မနေဘဲ မြေပြင်ပေါ်တွင် နေထိုင်နေသည်ကို ကြည့်ခြင်းအားဖြင့် သူမသည် အခြားနတ်ဘုရားများ၏ ဖယ်ကြဉ်ခြင်းခံရကာ လူ့လောကတွင် လာရောက်နေထိုင်ရခြင်းဖြစ်ကြောင်း ထင်ရှား၏။ သူမ၏ အလုပ်နှင့် အနားယူမှု အလေ့အထများသည်လည်း လူသားမျိုးနွယ်၏ လွှမ်းမိုးမှုကြောင့် ဤသို့ ပြောင်းလဲနေခြင်းဖြစ်နိုင်သည်။
ပိုင်ချူးရန် တဲအိမ်အပြင်သို့ ထွက်လာသည်နှင့်တစ်ပြိုင်နက် ကျန်းလန်သည် တံခါးကို ချက်ချင်း ဆွဲပိတ်လေ၏။ ပိုင်ချူးရန်၏ အထက်မြက်လှသော နားအစုံက အတွင်းမှ အသံများကို ရှင်းလင်းစွာ ကြားသည်။ ဤနတ်ဘုရားမလေးသည် သူမပြောသည့်အတိုင်း အဝတ်အစားများချွတ်ကာ အိပ်ရာဝင်သွားခြင်း ဖြစ်ပေလိမ့်မည်။
သူသည် သားရေပုခက်ကို ယူကာ တဲအိမ်ပတ်လည်သို့ လှည့်ပတ်ကြည့်ရာ တဲအိမ်အနောက်ဘက်တွင် ယှဉ်တွဲပေါက်ရောက်နေသော သစ်ပင်ကြီးနှစ်ပင်ကို တွေ့လိုက်ရသည်။ ထိုသစ်ပင်များ၏ အကိုင်းအခက်များမှာ ပုခက်ချည်နှောင်ရန် အသင့်တော်ဆုံးပင် ဖြစ်၏။
ခြေချစရာ နေရာရှိနေသရွေ့ ပိုင်ချူးရန်သည် စူးစမ်းချင်သူပင်။ သူသည် ပုခက်ကိုကိုင်လျက် သစ်ပင်ပေါ်သို့ တက်ကာ ပုခက်၏ ထိပ်နှစ်ဖက်ကို သစ်ပင်နှစ်ပင်၏ အကိုင်းအခက်များတွင် မြဲမြံစွာ ချည်နှောင်ပြီး အိပ်ရာဝင်ရန် ပြင်သည်။ ထိုစဥ် သူ၏ မျက်ဝန်းထောင့်မှနေ၍ ထူးခြားသော အရာတစ်ခုကို ရုတ်တရက် သတိပြုမိသွားသည်။ ထိုသည်မှာ ခြံဝင်း၏ အနောက်ဘက်ထောင့်တွင် သီးသန့် ဖန်တီးထားသော လျှို့ဝှက်လမ်းကူးလေးတစ်ခု ရှိနေလေ၏။
ပိုင်ချူးရန်၏ ရင်ထဲတွင် သိချင်စိတ်များ ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။ သိုင်းပညာရှင်တစ်ဦး၏ ရဲစွမ်းသတ္တိကို အားကိုးကာ မည်သည့်အန္တရာယ်ကိုမျှ မမှုဘဲ သစ်ပင်ပေါ်မှ ခုန်ဆင်းပြီး ခြေသံမထွက်စေရန် သတိထား၍ တိတ်တဆိတ် သွားရောက် စူးစမ်းတော့သည်။