← Chapters

အခန်း ၃၀၅

Vol. 31 Ch. 305

အခန်း ၃၀၅

Vol. 31 Ch. 305

အခန်း (၃၀၅) လုဝူ

နောက်တစ်နေ့ နံနက် အရုဏ်တက်ချိန်တွင် ပုခက်ထဲ၌ အိပ်မောကျနေသော ပိုင်ချူးရန်တစ်ယောက် လှုပ်နှိုးခံလိုက်ရသည်။

သူ မျက်လုံးများကို ပွတ်သပ်ဖွင့်ကာ အောက်သို့ ငုံ့ကြည့်သောအခါ ကျန်းလန်က သူ့ပုခက်ချည်ထားသည့် သစ်ပင်ကို ခြေထောက်ဖြင့် ဆောင့်ကန်နေခြင်း ဖြစ်ကြောင်း တွေ့လေ၏။ လူသုံးဖက်စာခန့် တုတ်ခိုင်သော သစ်ပင်ကြီးမှာ ကောက်ရိုးဖိနပ်စီးထားသည့် မိန်းကလေး ခြေအစွမ်းကြောင့် တသိမ့်သိမ့် တုန်ခါနေသည်။

"ထတော့လေ။"

သူ ခေါင်းပြူထွက်လာသည်ကို မြင်သည်နှင့် ကျန်းလန်က အေးစက်မာကြောသော လေသံဖြင့် အမိန့်ပေးသည်။

"ဆင်းခဲ့။ ထမင်းစားမယ်။"

"အင်းပါ။"

ပိုင်ချူးရန် သမ်းဝေကာ အကြောဆန့်ပြီးနောက် မြေပြင်နှင့် လေးငါးမီတာခန့် ကွာဝေးသော ပုခက်ပေါ်မှ အသာအယာ ခုန်ဆင်း၏။

"ရော့။ ဒါ နင့်အတွက်။ စီးထား။"

ကျန်းလန်သည် ကောက်ရိုးဖိနပ်တစ်ရံကို ပိုင်ချူးရန်ဆီသို့ ပစ်ထည့်ပေးပြီး နောက်ထပ် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ တဲအိမ်ထဲသို့ ပြန်ဝင်သွားသည်။

ပိုင်ချူးရန်သည် ထိုကောက်ရိုးဖိနပ်များကို ကိုင်ကာ ခေတ္တမျှ ကြောင်အမ်းသွားခဲ့၏။ ထို့နောက် သဘောတကျ ပြုံးလိုက်လျက် သူ့ ခြေဗလာများကို ဖိနပ်တွင်းသို့ သွင်းလိုက်သည်။ အံ့သြစရာကောင်းစွာပင် ဤကောက်ရိုးဖိနပ်တစ်ရံမှာ သူ့ ခြေဖဝါးအရွယ်အစားနှင့် ကွက်တိကျနေသည်။

ကုန်ကြမ်းပစ္စည်းများ ကြမ်းတမ်းလှသော်လည်း လက်ရာမှာ အလွန် သပ်ရပ်ပြီး စီးရသည်မှာလည်း သက်တောင့်သက်သာ ရှိလှသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ကျန်းလန်သည် အပြင်ပန်းတွင် ဂရုမစိုက်သယောင် ဟန်ဆောင်နေသော်လည်း အမှန်တကယ်တွင် အလွန် ဂရုစိုက်တတ်သော မိန်းကလေးတစ်ဦး ဖြစ်ကြောင်း ပေါ်လွင်နေသည်။

တဲအိမ်တံခါးဝသို့ ရောက်သည်နှင့် ပိုင်ချူးရန်၏ နှာခေါင်းဝ၌ မွှေးပျံ့သော အသားဟင်းရနံ့ကို ရလိုက်သည်။ တဲအိမ်တွင်းရှိ စားပွဲပုလေးပေါ်တွင် အနက်ရောင် မြေအိုးတစ်လုံးကို တင်ကာ သစ်သားဇွန်းဖြင့် အိုးထဲမှ ဟင်းရည်များကို သစ်သားပန်းကန်လုံး နှစ်လုံးထဲသို့ ခွဲထည့်နေသော ကျန်းလန်ကို ဦးစွာမြင်လေ၏။

ထိုအရာအားလုံးကို ပြင်ဆင်ပြီးနောက် သူမသည် စားပွဲဘေးရှိ ခုံငယ်လေးပေါ်တွင် ဝင်ထိုင်ပြီး သူမ မျက်နှာချင်းဆိုင် နေရာကို မေးဆတ်ပြသည်။

"ထိုင်လေ။"

သူမလည်း သစ်သားပန်းကန်လုံးကို ကောက်ကိုင်ကာ တိုတိုတုတ်တုတ်ပင် အမိန့်ပေး၏။ "စားတော့။"

ပိုင်ချူးရန်လည်း သူမ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ သစ်သားပန်းကန်လုံးကို ကောက်ကိုင်သည်။ ကျန်းလန်ကမူ သူမ ပန်းကန်ကို မကာ အငမ်းမရ စတင်စားသောက်၏။

စားပွဲပေါ်တွင် အခြား မီးဖိုချောင်သုံး ပစ္စည်းများ မရှိဘဲ ဤခေတ်ကာလရှိ တူများဖြစ်သော ခပ်ကြမ်းကြမ်း ခုတ်ထားသည့် သစ်သားတုတ်တံ နှစ်ချောင်းသာ ရှိသည်။ ပိုင်ချူးရန်သည် ဟင်းရည်ကို တစ်လုပ်ခန့် မြည်းစမ်းကြည့်၏။ ဤဟင်းရည်ထဲရှိ ဟင်းခတ်အမွှေးအကြိုင်မှာ ဆားကြမ်းနှင့် နံနံပင်အရသာရှိသော အပင်အချို့သာ ပါဝင်သော်ငြား ဟင်းရည် မူလအရသာမှာ အလွန် ချိုမြိန်နေသည်။

'ဘာပဲဖြစ်ဖြစ် တူတော့ ရှိနေသေးတာပဲ'

ပိုင်ချူးရန်က သူ့ကိုယ်သူ နှစ်သိမ့်ပြီးနောက် ကျန်းလန် စားသောက်ပုံအတိုင်း အတုခိုးကာ နံနက်စာကို အားပါးတရ စားသုံး၏။

ယခုခေတ်ကာလတွင် အမျိုးသမီးများသည် နောင်လာနောက်သား မျိုးဆက်များကဲ့သို့ ကျက်သရေရှိသော မိန်းမပျိုပုံရိပ်ကို ထိန်းသိမ်းရမည်ဟူသည့် အသိမျိုး မရှိချေ။ အရာအားလုံးသည် အသက်ရှင်သန်ရေးအပေါ်တွင်သာ အခြေခံ၏။ ထို့ကြောင့် ကျန်းလန် စားသောက်ပုံမှာ အလွန် ယောက်ျားဆန်ပြီး ပွင့်လင်းလွတ်လပ်လွန်းသည်ဟုပင် ဆိုရမည်။

ပိုင်ချူးရန်ပင်လျှင် သူမ အမြန်နှုန်းကို အမီလိုက်နိုင်ရန် မနည်းစားသောက်ရ၏။

နတ်ဘုရားတစ်ပါး ဖြစ်သောကြောင့်လားမသိနိုင် ကျန်းလန်မှာ အစားအသောက် အလွန်မက်၏။ မြေအိုးထဲမှ ဟင်းရည်များကို ပိုင်ချူးရန်က တစ်ပန်းကန်သာ စားခဲ့ရပြီး ကျန်သည်များ အားလုံးမှာ သူမ ဗိုက်ထဲသို့ ရောက်ရှိသွားသည်။ စားသောက်ပြီးသွားသောအခါ ကျန်းလန်သည် မြက်ပင်အချို့ကို ခူးယူ၍ ပါးစပ်မှ ဆီစွန်းများကို သုတ်လေ၏။ ထို့နောက် ပန်းကန်များနှင့် တူများကို မြေအိုးထဲသို့ ထည့်ကာ အနီးရှိ မြစ်ကမ်းဘေးသို့ ယူဆောင်သွားပြီး ပြောင်စင်အောင် ဆေးကြောတော့သည်။

ပိုင်ချူးရန်မှာမူ အိမ်ထဲတွင်သာ ကျန်ရစ်ခဲ့သည်။ ကိစ္စအဝဝ ပြီးစီး၍ ဆေးကြောပြီးသော မီးဖိုချောင်သုံး ပစ္စည်းများနှင့်အတူ ကျန်းလန် ပြန်လည်ရောက်ရှိလာချိန်တွင် သူမက သူ့အား ပထမဆုံးသော မေးခွန်းကို မေးလာ၏။ "နင် ကောင်းကင်မှာ ပျံသန်းနိုင်လား။"

ပိုင်ချူးရန် ရင်ထဲတွင် ဒိတ်ခနဲ တုန်လှုပ်သွားသော်လည်း မိန်းကလေး၌ မကောင်းသော ရည်ရွယ်ချက် မရှိကြောင်းကို သူ နားလည်သဖြင့် စိတ်ကို ငြိမ်အောင်ထားကာ လေးပန်စွာ ပြန်လည်ဖြေကြား၏။ "ငါ မပျံတတ်ဘူး။"

အမှန်တွင် ယခုခေတ်ကာလသို့ စတင်ရောက်ရှိပြီး ကျန်းလန်နှင့် မတွေ့ဆုံမီ လမ်းခရီး၌ပင် ခန္ဓာကိုယ်အတွင်း စစ်မှန်သော ချီစွမ်းအင်များကို ပိုင်ဆိုင်ထားသည့် ပိုင်ချူးရန်သည် ဓားပျံစီး၍ ပျံသန်းရန် ကြိုးစားဖူးသည်။ သို့သော် သာမန် သံဓားများမှာ ကြီးမားလှသော စွမ်းအားများကို မခံနိုင်ချေ။

သူ၏ စစ်မှန်သော ချီစွမ်းအင်များ ဓားအတွင်းသို့ စီးဝင်သွားသည်နှင့်တစ်ပြိုင်နက် လူစီးနင်းရန်ပင် မဆိုထားနှင့် သူ့ စွမ်းအားထိန်းချုပ်မှုကို အနည်းငယ်မျှ လျှော့ချလိုက်လျှင်ပင် ဓားသွားမှာ အမှုန်အမွှားများအဖြစ်သို့ ပျက်စီးသွား၏။

All Chapters