အခန်း ၃၀၆
Vol. 31 Ch. 306
အခန်း (၃၀၆) လုဝူ [၁]
ကျီရှန်း၏ ခန့်မှန်းချက်အရဆိုရလျှင် မြေကမ္ဘာအင်မော်တယ်ခေတ်တွင်ပင် ပိုင်ချူးရန်ဆီမှ ပြင်းထန်သော ချီစွမ်းအင်ကို ခံနိုင်ရည်ရှိသည့် ဓားတစ်လက်ကို ရှာတွေ့ရန်မှာ မဖြစ်နိုင်သလောက်ပင်။ သူ အချိန်ကြာမြင့်စွာ ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ခဲ့ရပြီးနောက် ဒန်ထျန်အတွင်း၌ စစ်မှန်သော ချီစွမ်းအင် အနည်းငယ်ကို ပိုင်ဆိုင်လာသော်လည်း ပိုင်ချူးရန်မှာ လွတ်လပ်စွာ မပျံသန်းနိုင်သေးပေ။ ဤသည်မှာ သူ့အတွက် အလွန်စိတ်ပျက်ဖွယ်ကောင်းသော သတင်းဆိုးတစ်ခုပင် ဖြစ်လေတော့သည်။
"တကယ်လား။ နင်က မပျံတတ်ဘူးပေါ့။"
ပျံသန်းနိုင်ခြင်း မရှိသည်မှာ နတ်ဘုရားများအကြား ရှားပါးသော ကိစ္စရပ်တစ်ခု မဟုတ်သောကြောင့်လား မသိ၊ ကျန်းလန်သည် ပိုင်ချူးရန်၏ အဖြေကြောင့် အံ့အားသင့်သွားဟန် မပြဘဲ ပြောလိုက်လေသည်။
"ဒါဆို ငါ နင့်ကို ခေါ်သွားပေးမယ်။ ဒါပေမဲ့ နင် စိတ်ပိုင်းဆိုင်ရာတော့ ကြိုတင်ပြင်ဆင်ထားရမယ်။ ငါက ကောင်းကင်ဘုံမှာ နာမည်မကောင်းဘူး။ နင်ပါ ပြဿနာထဲ ပါသွားရင် ငါ့ကို အပြစ်မတင်နဲ့နော်။"
"အင်းပါ။ ကျွန်တော် အပြစ်မတင်ပါဘူး။"
ပိုင်ချူးရန်က ခေါင်းညိတ်ကာ ကတိပေး၏။
"ဒါဆိုလည်း ငါ့အနားကို နည်းနည်း တိုးလာခဲ့။"
ပိုင်ချူးရန်သည် ကျန်းလန်ရှိရာသို့ အနည်းငယ် တိုးသွားပြီး သူမနှင့် တစ်မီတာခန့် အကွာတွင် ရပ်သည်။
ကျန်းလန်က သူ့ကို စူးရဲစွာ ကြည့်ပြီး ရုတ်တရက် လက်ကိုဆန့်ထုတ်ကာ လက်မောင်းကို အတင်းဆောင့်ဆွဲလာ၏။ တစ်ချိန်တည်းမှာပင် အေးစက်စက် လေသံဖြင့် ပြောသည်။ "နင့်ကို နီးနီးလာခဲ့လို့ ပြောနေတာကို။ ကောင်းကင်ဘုံ မရောက်သေးခင်ကတည်းက ဘာလို့ ကောင်းကင်နတ်ဘုရားတွေရဲ့ မိန်းမဆန်တဲ့ ဟန်ပန်အကျင့်တွေကို ဘယ်လိုလုပ်ပြီး အတုခိုးတတ်နေရတာလဲ။"
ပိုင်ချူးရန်မှာ ရုတ်တရက် မျှော်လင့်မထားသဖြင့် ကြောင်အမ်းသွားကာ ကျန်းလန် ကိုယ်လုံးလေးပေါ်သို့ မှီကျသွား၏။
ထို့နောက် ထိုမိန်းကလေး၏ ခြေထောက်အောက်မှ ဆွတ်ဆွတ်ဖြူသော မြူတိမ်တစ်အုပ် ထွက်ပေါ်လာပြီး သူတို့ နှစ်ဦးစလုံးကို ကောင်းကင်ယံသို့ လျင်မြန်စွာ ပင့်တင်ခေါ်ဆောင်တော့သည်။
ကျန်းလန်သည် သူ့ကို ခေါ်ဆောင်ကာ တိမ်တိုက်များကို ထိုးခွဲဖြတ်သန်းလျက် နဂါးငွေ့တန်းကို ကျော်ဖြတ်ကာ ကောင်းကင်အထွတ်အထိပ်နှင့် နဂါးငွေ့တန်းတို့ ဆုံစည်းရာနေရာသို့ တက်ရောက်လာ၏။ နဂါးငွေ့တန်း ကမ်းစပ်၌ တည်ဆောက်ထားသော အရာမှာ ပိုင်ချူးရန်နှင့် အကျွမ်းတဝင်ရှိသလို စိမ်းသက်နေသော ကောင်းကင်စင်မြင့်ပင် ဖြစ်သည်။ ကျောက်စိမ်းစင်မြင့် အထက်တွင် တောက်ပနေသော ကျောက်စိမ်းလှေကားကြီးတစ်ခုက ကောင်းကင်နန်းတော်ဆီသို့ ဦးတည်သွယ်တန်းနေ၏။
သို့ရာတွင် နှစ်ပေါင်း သောင်းချီကြာပြီးနောက် ပြိုကျပျက်စီးသွားခဲ့ပြီ ဖြစ်သော ကောင်းကင်ဟောင်းနှင့် နှိုင်းယှဉ်ပါက ယခုကောင်းကင်စင်မြင့် တည်ရှိရာ နေရာသည် ယခုအချိန်တွင် အလွန်ပင် စည်ကား အသက်ဝင်လှသည်။
အရပ်လေးမျက်နှာမှ မရေမတွက်နိုင်သော ပျံသန်းရေး လှေပျံငယ်များ ရောက်ရှိလာကြပြီး သူတို့အပေါ်တွင် ကွဲပြားသော ရုပ်သွင်အမျိုးမျိုးရှိသည့် နတ်ဘုရားများနှင့် လူများ မတ်တတ်ရပ်နေသည်။ သူတို့အားလုံးသည် ယခုခေတ်ကာလရှိ အမြင့်ဆုံး အုပ်စိုးရှင်ကို ခစားဂါရဝပြုရန်နှင့် နတ်ဘုရားများသာ ခံစားနိုင်သော စည်းစိမ်ကို ခံစားရန် ကျောက်စိမ်းလှေကားကြီးတစ်လျှောက် ကောင်းကင်ပေါ်သို့ တက်ရောက်လာကြခြင်းပင်။
ဤနေရာသို့ ရောက်ရှိလာပြီးနောက် ကျန်းလန် နာမည် မည်မျှအထိ ဆိုးရွားကြောင်းကို ပိုင်ချူးရန် အလိုလို နားလည်သဘောပေါက်သွား၏။
ယခင်က ငြိမ်းချမ်းသော အပြုံးများဖြင့် ပြည့်နှက်နေသော နတ်ဘုရားများသည် ကျန်းလန်ကို မြင်သည်နှင့် သူတို့ မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် ထိတ်လန့်တကြား ရှောင်ဖယ်သွားသည်။ သူတို့သည် ကျန်းလန်နှင့် ပိုင်ချူးရန်အတွက် ကတိုက်ကရိုက် လမ်းဖယ်ပေးကြပြီး အချို့မှာမူ အော်ဟစ်ဆဲဆိုလျက် လှေဦးကို လှည့်ကာ နဂါးငွေ့တန်းမှတစ်ဆင့် သူတို့လာရာလမ်းသို့ပင် လှည့်ပြန်လေ၏။
ကျန်းလန်ကမူ ဂရုမစိုက်ချေ။ သူမသည် ပိုင်ချူးရန်ကို ခေါ်ဆောင်ကာ ကျောက်စိမ်းလှေကားမှတစ်ဆင့် ကောင်းကင်တံခါးထံသို့ မဆိုင်းမတွ တက်လှမ်းသည်။ အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်တွင် မြင်လိုက်ရသော ကောင်းကင်နန်းတော် အသွင်အပြင်မှာ ပိုင်ချူးရန် ယခင်က မြင်ခဲ့ဖူးသော အပျက်အစီးများနှင့် ကွာခြား၏။
ကောင်းကင်တံခါး အနောက်ဘက်တွင် ပြိုပျက်နေသော နံရံများ မဟုတ်တော့ဘဲ မိုးတိမ်များကို ထိုးခွဲနေသော ခမ်းနားထည်ဝါလှသည့် တောင်ထွတ်ကြီးတစ်ခု ရှိနေသည်။ ယခုသူတို့ရပ်နေသောနေရာသည် ထိုတောင်ထွတ်ကြီးကို ထွင်းထုဖြိုချကာ စည်ကားသိုက်မြိုက်သော မြို့တော်ကြီးတစ်မြို့အဖြစ် ဖန်တီးတည်ဆောက်ထားခြင်းဖြစ်၏။ မြို့ရိုးအတွင်းဘက်၌ မရေမတွက်နိုင်သော နတ်ဘုရားများနှင့် လူများ အတူတကွ နေထိုင်လျက်ရှိကြောင်းကို ဝေဝေဝါးဝါး မြင်တွေ့နိုင်သည်။
ထို့ပြင် ကောင်းကင်တံခါး အပြင်ဘက်ရှိ ရင်ပြင်ကျယ်ကြီးတွင် တောင်တန်းကြီးတစ်ခုကဲ့သို့ ဧရာမခန္ဓာကိုယ်၊ လူမျက်နှာနှင့် ကျားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ကြောက်မက်ဖွယ် သားရဲနတ်ဘုရားတစ်ပါးသည် ဝပ်စောင်းလှဲလျောင်းလျက် ကောင်းကင်တံခါးကို စောင့်ကြပ်နေ၏။
ဤအရာသည် ကျီရှန်း ပြောဖူးသည့် တစ်ချိန်က ကောင်းကင်တံခါးကို စောင့်ကြပ်သော နတ်ဘုရားပင်ဖြစ်မည်ဟု ပိုင်ချူးရန် တွေးမိသည်။ ကျန်းလန် လျှောက်လာသည်ကို မြင်သောအခါ သားရဲဘီလူးကြီးသည် ဧရာမခေါင်းကြီးကို မော့ပြီး မိုးကြိုးပစ်ချသည့်အလား ဩရှရှအသံကြီးဖြင့် ဟိန်းဟောက်မေးမြန်း၏။
"ကပ်ရောဂါအဆိပ်။ ဒီနေ့ မင်း ဘာကိစ္စနဲ့ ဒီကို ရောက်လာတာလဲ။ ဧကရာဇ်မင်းမြတ်က မင်းကို အခစားဝင်ဖို့ အမိန့်တော် မထုတ်ထားပါဘူး။"
"နတ်ဘုရား လုဝူ။"
ကျန်းလန်သည် မတုန်မလှုပ် ရှေ့သို့ တက်သွားကာ သူ့ကို မော်ကြည့်ပြီး ပြတ်သားစွာ ပြော၏။ "ငါ ဧကရာဇ်မင်းမြတ်ဆီကို နတ်ဘုရားအသစ်တစ်ပါး ခေါ်လာတာ။"
ထို့နောက် သူမသည် ဘေးသို့ အနည်းငယ် ဖယ်ပေးပြီး လုဝူအား သူမ အနောက်ဘက်တွင် ရပ်နေသော ပိုင်ချူးရန်ကိုပြသည်။
"အို..."
လုဝူက ခေတ္တမျှ စူးစမ်းကြည့်ရှုပြီးနောက် ထိုင်းမှိုင်းလေးလံသော အသံကြီးဖြင့် ပြောသည်။ "ငါတို့ နတ်ဘုရားတွေရဲ့ သွေးမျိုးဆက်က အမှားအယွင်းမရှိဘူး ဆိုတာ မှန်တယ်။ ကောင်လေး... မင်းမှာ ဘာစွမ်းအင်တွေ ရှိလဲ။"
ပိုင်ချူးရန်သည် ခေါင်းငုံ့ကာ ခေတ္တမျှ စဉ်းစားဟန်ပြုပြီးနောက် လက်မောင်းကြွက်သားများကို ပုတ်ပြကာ တည်ငြိမ်စွာ ပြန်ဖြေ၏။ "အင်း။ ကျွန်တော်မှာ ခွန်အားတွေ အများကြီးရှိတယ်လို့တော့ ထင်တာပဲ။ အဲဒါကော စွမ်းအင်တစ်ခုလို့ သတ်မှတ်လို့ ရမလား။"