← Chapters

အခန်း ၃၀၈

Vol. 31 Ch. 308

အခန်း ၃၀၈

Vol. 31 Ch. 308

အခန်း (၃၀၈) မပျံသန်းနိုင်ဘူး [၁]

ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံတစ်ခုလုံး တုန်ဟည်းသွားစေမည့် တိုက်မိသံကြီးများနှင့်အတူ ကြယ်တာရာနတ်ဘုရားများဆီမှ ဒေါသတကြီး ကျိန်ဆဲသံများက နဂါးငွေ့တန်းထဲမှ ပွက်လောညံစွာ ထွက်ပေါ်လာ၏။

"သောက်ကျိုးနည်။ အဲဒါ ဘာကြီးလဲဟ။"

"အား... ငါ့ခါး။ ငါ့ခါးပတ်တောင် ပြတ်ထွက်သွားပြီကွ။"

"ဒါ ဘယ်ကလှည့်လာတဲ့ ဥက္ကာပျံလဲဟ။ ခွေးကောင်မှာ ဘရိတ်မပါဘူးလား။ ငါ ဧကရာဇ်မင်းမြတ်ဆီကို သွားပြီး တိုင်တောရမယ်။"

"ဟေ့။ ခြေသုံးချောင်းကျီးကန်း သတိထား။ မင်းဆီကို တည့်တည့်လာနေပြီ။"

နဂါးငွေ့တန်းထဲမှ ထွက်ပေါ်လာသော ဖရိုဖရဲ အော်ဟစ်ဆဲဆိုသံများကို ကြားရသောအခါ လုဝူသည် အံ့အားသင့်လွန်းသဖြင့် နောက်သို့ ခြေတစ်လှမ်းပင် ဆုတ်သွားမိသည်။ ထို့နောက် ပိုင်ချူးရန်ကို အလွန်အမင်း ဝမ်းသာအားရဖြစ်နေသော မျက်လုံးများဖြင့် ကြည့်ကာ ပြော၏။

"ဟုတ်ပြီ။ ဟုတ်ပြီ။ မင်း တကယ်ကို လုပ်နိုင်ခဲ့တာပဲကွ။ ကြယ်တာရာ နတ်ဘုရားတွေ ကိုယ်တိုင်က အသံထွက်ပြီး သက်သေပြလိုက်ကြပြီပဲ။ ကောင်းပြီ။ ငါ ချက်ချင်း ပြန်သွားပြီး မင်းအတွက် ဧကရာဇ်မင်းမြတ်ဆီကို လျှောက်တင်ပေးမယ်။"

"ကျေးဇူးတင်ပါတယ် နတ်ဘုရား လုဝူ။"

ပိုင်ချူးရန်သည် လုဝူကို ရိုသေစွာ လက်ဆုတ်ကာ ဂါရဝပြု၏။

ဤခေတ်ကာလသည် နတ်ဘုရားများ လွှမ်းမိုးခြယ်လှယ်ထားသည့် ခေတ်ဖြစ်ပေသည်။ ထို့ကြောင့် ကောင်းကင်ဘုံတွင် ရာထူးတစ်ခုခု ရယူထားနိုင်ပါက နတ်ဘုရားများနှင့် လူသားများကြား မနာလို ရန်ငြိုးများ စတင်အစပျိုးခဲ့သော အစောပိုင်းကာလများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ စုဆောင်းရန် သူ့အတွက် များစွာ အထောက်အကူ ဖြစ်စေလိမ့်မည်။

နတ်ဘုရားများနှင့် လူသားမျိုးနွယ်တို့ကြားရှိ ရန်လိုသော ဆက်ဆံရေးနှင့် ပတ်သက်၍မူ ယခုခေတ်ကာလ၌ တိကျစွာ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းဟူ၍ မရှိသေးချေ။

နတ်ဘုရား လုဝူက ပိုင်ချူးရန်ကို အားရပါးရ ထပ်မံချီးကျူးပြန်သည်။ သို့သော် သူ့စကားပင် မဆုံးသေးမီ တောက်ပနေသော နဂါးငွေ့တန်းဘက်ဆီမှ ကြယ်အမြောက်အမြားသည် သူတို့ ပုံမှန်သွားလာနေကျ လမ်းကြောင်းများမှ ရုတ်တရက် သွေဖည်သွားပြီး စင်မြင့်ရှိရာဘက်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာ၏။ ပျံသန်းလာရင်းနှင့်ပင် ထိုကြယ်များသည် အရပ်မောင်း ကောင်းမွန်မြင့်မားကာ ပုံပန်းသဏ္ဌာန် ကွဲပြားခြားနားလှသော နတ်ဘုရားများစွာအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားကြပြီးနောက် စင်မြင့်ကို ဒေါသတကြီး အုံခဲဝန်းရံလာသည်။

"ဘယ်ခွေးသူတောင်းစားက ကျောက်တုံးကြီးကို ပစ်လွှတ်လိုက်တာလဲဟ။"

အော်ဟစ်ဆဲဆိုသံများနှင့်အတူ စင်မြင့်ပေါ်သို့ ဒေါသတကြီး ငုံ့ကြည့်ကြရာ စင်မြင့်ပေါ်တွင် ရပ်နေသော ပိုင်ချူးရန်နှင့် နတ်ဘုရား လုဝူတို့ကို မြင်ရ၏။

"နတ်ဘုရား လုဝူ။"

လုဝူကို မြင်သည်နှင့် တစ်ပြိုင်နက် ဒေါသထွက်နေကြသော ကြယ်တာရာနတ်ဘုရားများ အားလုံး ချက်ချင်းပင် တွန့်ဆုတ်သွားကြပြီး မဝံ့မရဲ မေးသည်။

"အရှင်။ ဒီမှာ ဘာလုပ်နေတာလဲ။ ပြီးတော့ ဒီတစ်ယောက်ကကော။"

"မင်းတို့ကို ငါ မိတ်ဆက်ပေးရဦးမယ်။ ဒါက အသစ်မွေးဖွားလာတဲ့ နတ်ဘုရားပဲ။"

လုဝူက ပိုင်ချူးရန်ကို ရှေ့သို့ ထွက်လာစေရန် လက်ဖြင့် ဖွဖွလေး တွန်းပေးသည်။ ပိုင်ချူးရန်လည်း ရှေ့သို့ ခြေလှမ်းအနည်းငယ် တက်သွားကာ သူ့အား ဝန်းရံကြည့်ရှုနေကြသော နတ်ဘုရားများကို ရိုသေစွာ လက်ဆုတ်လျက် မိတ်ဆက်၏။

"မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော်က ပိုင်ချူးရန်ပါ။"

"သူ့ရဲ့ စွမ်းအင်က အကန့်အသတ်မရှိတဲ့ ခွန်အားပဲ။"

လုဝူက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးရင်း ပြောသည်။ "ခုနက ကျောက်တုံးကြီးက ငါ သူ့ကို စွမ်းအင် စမ်းသပ်ခိုင်းတဲ့အချိန်မှာ သူ ပစ်လွှတ်လိုက်တာလေ။ သူ့ကို အခုပဲ ဝန်ကြီးကိုးပါးအဆင့် နတ်စစ်သူကြီး ဖြစ်လာဖို့ ဧကရာဇ်မင်းမြတ်ဆီမှာ ထောက်ခံပေးမလို့။ မင်းတို့ရော အဆင်ပြေတယ်မလား။"

ကြယ်တာရာ နတ်ဘုရားတစ်စုသည် တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ အကဲခတ်ကြည့်ပြီးနောက် အားလုံးက တညီတညွတ်တည်း ခေါင်းညိတ်ကာ ပြော၏။

"အဆင်ပြေပါတယ် အရှင်။"

ထို့နောက်တွင်တော့ သူတို့ အစောက ဒေါသထွက်ပြီး မကျေမနပ်ဖြစ်ခဲ့ကြသည်များကို လုံးဝ မေ့လျော့သွားကြသည့်အလား ပိုင်ချူးရန်နှင့် လုဝူတို့ကို ဝိုင်းဝန်းမြှောက်ပင့် ချီးကျူးကြ၏။ ပိုင်ချူးရန်၏ တုနှိုင်းမဲ့ စွမ်းအင်နှင့် အကန့်အသတ်မရှိ တောက်ပနေသော အနာဂတ်ကို ချီးကျူးကြသလို လုဝူ၏ အမြင်ကျယ်မှုနှင့် ဧကရာဇ်မင်းမြတ်အတွက် ရှားပါးလှသော အရည်အချင်းရှိသူများကို ရှာဖွေတွေ့ရှိနိုင်စွမ်းကိုလည်း မမေ့မလျော့ ချီးမွမ်းမြှောက်ပင့်သည်။

လုဝူသည် ယခုကဲ့သို့သော လူမှုရေးစကားများကို အချိန်ကြာမြင့်စွာ လှည့်ပတ်ရှောင်လွှဲ ပြောဆိုရာတွင် ကျွမ်းကျင်လှသည်။ သူ ဝတ်ကျေတမ်းကျေ နှုတ်ဆက်စကား အနည်းငယ် ထပ်မံပြောဆိုပြီးနောက်မှသာ နတ်ဘုရားများကို ထွက်သွားခွင့်ပြု၏။ ထို့နောက် ပိုင်ချူးရန် အမည်ကို အသေအချာ ထပ်မံမေးမြန်းပြီးနောက် ပိုင်ချူးရန်အား လှည့်၍ ပြောသည်။

"ကဲ... သွားကြစို့။ ပြန်ကြရအောင်။ ငါ မင်းအတွက် ထောက်ခံစာ လျှောက်လွှာရေးပေးမယ်။ ဒါပေမဲ့ ဧကရာဇ်မင်းမြတ် အတည်ပြုဖို့ ရက်အနည်းငယ်တော့ အချိန်ယူ စောင့်ဆိုင်းရလိမ့်မယ်။ အဲဒီအချိန်အတွင်းမှာ မင်း မြေပြင်လောကကို အရင်ပြန်ပြီး စိတ်ရှည်လက်ရှည် စောင့်နေလိုက်ဦး။ မင်းကို ဒီလို ထားခဲ့ရတာတော့ နည်းနည်း အားနာမိတယ်ကွာ။"

လုဝူသည် ပိုင်ချူးရန်အား အရင်ပြန်ရန် စေခိုင်းပြီး သူကိုယ်တိုင်မှာမူ တိမ်တိုက်ကို စီးနင်းကာ ပိုမိုမြင့်မားသော ကောင်းကင်နန်းတော်ဆီသို့ ဦးတည်ပျံသန်းသွား၏။ ကြည့်ရသည်မှာ နောက်ဆက်တွဲ ကိစ္စရပ်များကို သွားရောက် ဖြေရှင်းပုံရသည်။

ပိုင်ချူးရန်လည်း လုဝူ၏ စကားအတိုင်း လိုက်နာကာ ကျောက်စိမ်းဖြူ လှေကားမှတစ်ဆင့် ကောင်းကင်အောက် မြို့တော်ရှေ့ရှိ ကျောက်စိမ်းဖြူ ရင်ပြင်ကျယ်ကြီးသို့ ပြန်ဆင်းလာသည်။

ကောင်းကင်တံခါးတစ်ဝိုက်ကို လှည့်ပတ်ရှာဖွေ ကြည့်ရှုမိသော်လည်း ပိုင်ချူးရန်မှာ ကျန်းလန် အရိပ်အယောင်ကိုမျှ မတွေ့ခဲ့ရချေ။

'သူမ ပြန်သွားလောက်ပြီလား...'

ပိုင်ချူးရန်၏ စိတ်အခြေအနေမှာ အနည်းငယ် စိတ်ပျက်သွား၏။ ဤမိန်းကလေးသည် သူနှင့် ဆွေမျိုး မတော်စပ်သော်ငြား ဤနေရာအထိ လိုက်လံပို့ဆောင်ပေးကာ လုဝူနှင့် မိတ်ဆက်ပေးခဲ့ခြင်းမှာ အလွန်တရာ ကျေးဇူးကြီးမားလှပေသည်။

'သောက်ကျိုးနည်း၊ ပြဿနာက ငါ အခုထိ ကောင်းကင်မှာ မပျံတတ်သေးဘူးလေကွ'

အောက်ဘက်ရှိ နဂါးငွေ့တန်းဆီသို့ ကျောက်စိမ်းလှေကားတစ်လျှောက် တလှမ်းချင်း လျှောက်ဆင်းလာရင်း ပိုင်ချူးရန် သက်ပြင်းရှည်ကြီးတစ်ခုကို ချမိ၏။

သူ့ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များသည် ကောင်းကင်ဘုံ၏ စစ်ဆေးမှုကို ဖြတ်သန်းပြီးနောက် စစ်မှန်သော ချီစွမ်းအင်အဖြစ်သို့ အနည်းငယ် ကူးပြောင်းလာခဲ့သော်လည်း ထိုချီစွမ်းအင် ပမာဏမှာ သူ့လိုအပ်ချက်အတွက် အလွန် နည်းပါးလွန်းနေသေးသည်။ ထို့အပြင် ဓားပျံစီးရန်အတွက် ထိုစွမ်းအင် အရည်အသွေးမှာ ပြင်းထန်မြင့်မားလွန်းနေပြန်၏။

ဤလောကကြီးတစ်ခုလုံးတွင် သူ့ ကြောက်မက်ဖွယ်ကောင်းသော စစ်မှန်သည့် ချီစွမ်းအင်ကို ခံနိုင်ရည်ရှိသည့် ဓားတစ်လက်ကို ရှာမတွေ့နိုင်ပေ။ ထို့ကြောင့် သူ့ ကိုယ်တွင်း၌ စစ်မှန်သော ချီစွမ်းအင် ရှိလာခဲ့စေကာမူ လွတ်လပ်စွာ မပျံသန်းနိုင်သေးသဖြင့် သူ့အားနည်းချက်ကိုမူ မဖြည့်ဆည်းပေးနိုင်သေးချေ။

"ငါ ဒီတိုင်းပဲ မျက်စိမှိတ်ပြီး ခုန်ဆင်းသွား ရမလား။"

နဂါးငွေ့တန်း၏ အစွန်းဆုံးနေရာတွင် မတ်တတ်ရပ်လျက် ပိုင်ချူးရန်မှာ ခြေတစ်ဖက်ကို ကောင်းကင်ပြင်ထဲသို့ စမ်းသပ် ဆန့်ထုတ်ကြည့်၏။

"ဒါပေမဲ့ မြေကြီးပေါ်ကို အရှိန်နဲ့ ပြုတ်ကျသွားရင်ကော။"

"နင် ဘာတွေလုပ်နေတာလဲ။"

ပိုင်ချူးရန် အနောက်မှ အေးစက်စက် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

"မြေပြင်ပေါ် ပြုတ်ကျတဲ့အခါ အရှိန်ကို ဘယ်လို လျှော့ချရမလဲဆိုတာ ငါ စဉ်းစားနေတာ။ ဟမ်။"

ပိုင်ချူးရန် အလန့်တကြား ခေါင်းလှည့်ကြည့်မိရာ သူ့ အနောက်ဘက်တွင် လက်ပိုက်၍ ရပ်နေသော ကျန်းလန်ကို အံ့သြဖွယ် မြင်တွေ့ရ၏။ ထို့ကြောင့် သူက ကြောင်အမ်းအမ်းဖြင့် မေးသည်။ "မင်း မပြန်သေးဘူးလား။ ငါ့ကို ထားခဲ့ပြီး ကိုယ့်ဘာသာပြန်သွားပြီလို့ ထင်နေတာ။"

All Chapters