အခန်း ၃၀၉
Vol. 31 Ch. 309
အခန်း (၃၀၉) တန်းတူညီမျှတဲ့လူ့အဖွဲ့အစည်း
"ငါ ထွက်သွားရင် နင် ဘာဆက်လုပ်မှာလဲ။ နင်က ပျံမှ မပျံတတ်တာ။"
ကျန်းလန်က အေးစက်စက် မေး၏။
"နင် ရူးနေလား။ ဒီကနေ ခုန်ချလို့ မရဘူးလေ။ နဂါးငွေ့တန်းထဲက ကြယ်တာရာစွမ်းအင်တွေကို အဆင့်မြင့် နတ်ဘုရားတွေတောင် ခံနိုင်ရည် မရှိကြဘူး။ နင်က ပြာဖြစ်သွားချင်နေတာလား။"
ပိုင်ချူးရန်သည် ချောင်းနှစ်ချက်ခန့် ဟန့်လေ၏။ နှစ်ပေါင်း သောင်းချီကြာလာသောအခါ ဤနေရာမှနေ၍ သူ အကြိမ်ကြိမ်အခါခါ ခုန်ဆင်းဖူးကြောင်းကိုတော့ သူမအား မပြောတော့ဘဲ မျိုသိပ်ထားလိုက်သည်။
"လာခဲ့။ နင့်ကို ပြန်ပို့ပေးမယ်။"
ကျန်းလန်က ပိုင်ချူးရန်၏ လက်မောင်းကို ဆွဲကိုင်သည်။ ထို့နောက် တိမ်ခိုးမြူများက သူတို့ကို နဂါးငွေ့တန်းထဲမှ ခေါ်ဆောင်ကာ မြေပြင်ဆီသို့ ဖြည်းညင်းသာယာစွာ ဆင်းသက်သွား၏။
သူတို့နှစ်ဦးသည် ကျန်းလန်၏ တဲအိမ်ခြံဝင်းအတွင်းသို့ ဆင်းသက်မိကြပြီး ကျန်းလန်က မေးသည်။ "လုဝူ နင့်ကို ဘာတွေပြောလိုက်လဲ။"
ပိုင်ချူးရန်သည် မထွက်ခွာမီက နတ်ဘုရား လုဝူ သူ့အား ပြောခဲ့သည်များကို ပြန်လည်ပြောပြရာ ကျန်းလန်က နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြီး ပြော၏။ "သူပြောတာ မှန်တယ်။ နင့်မှာ ဒီလောက်တောင် ကြောက်ခမန်းလိလိ ခွန်အားတွေ ရှိနေမှတော့ ဧကရာဇ်မင်းမြတ်က နင့်ကို အသုံးချချင်မှာ သဘာဝပါပဲ။ ဒါပေမဲ့ နတ်ဘုရားရာထူး ကျလာဖို့က ရက်အနည်းငယ်တော့ စောင့်ရဦးမယ်။ ဒီကြားထဲ နင် ဘယ်မှာ နေချင်လဲ။"
"ကျွန်တော်လည်း သေချာမသိသေးဘူး။"
ပိုင်ချူးရန်သည် သူ့ခေါင်းကို ကုတ်ရင်း ဝေခွဲမရစွာ ပြန်ဖြေ၏။
လက်ရှိအချိန်တွင် သူ့ အဓိက ရည်မှန်းချက်မှာ ဒဏ္ဍာရီလာ ပထမမျိုးဆက် ကောင်းကင်မနာလိုခန္ဓာကိုယ်ကို ရှာဖွေရန်နှင့် ထိုစီနီယာထံမှ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် နည်းလမ်းများကို တောင်းခံရန်ပင်။ သို့ရာတွင် ကျယ်ပြောလှသော ဤလောကကြီးထဲ၌ မည်သည့်နေရာမှ စတင်ရှာဖွေရမည်ကိုမူ သူမသိချေ။
ကောင်းကင်မနာလိုခန္ဓာသူသည် လူသားမျိုးနွယ်ဝင် ဖြစ်ရမည်မှာ မြေကြီးလက်ခတ်မလွဲ မှန်ကန်သော်လည်း ဤလောကတွင် နေထိုင်ကြသော လူသားများမှာ ကျန်းလန် အိမ်ဘေးရှိ လူစုလေးတစ်ခုတည်းသာ မဟုတ်နိုင်ပေ။
ထို့ကြောင့် ပိုင်ချူးရန်သည် အခြေအနေကို စောင့်ကြည့်ရန်သာ ဆုံးဖြတ်၏။ နတ်ဘုရားရာထူး ကျလာသောအခါ ကောင်းကင်တရားရုံးတော်အတွက် ထင်ရှားသော စွမ်းဆောင်ရည်အချို့ ပြသပြီးနောက် ပထမမျိုးဆက် ကောင်းကင်မနာလိုခန္ဓာကိုယ်ကို ရှာဖွေရာတွင် အထောက်အကူရစေရန် ကောင်းကင်နတ်ဘုရားများ၏ သတင်းကွန်ရက်ကို အသုံးပြုမည်ဟု သူ ကြံစည်ထားသည်။ ဤသည်မှာ လက်ရှိခေတ်ကာလအတွက် အထိရောက်ဆုံးသော နည်းလမ်းပင်။
"ဒါဆိုရင် ဒီရက်ပိုင်း နင် ဒီမှာပဲ နေလိုက်တော့။ နင်က နတ်ဘုရားတစ်ပါး ဖြစ်ပေမဲ့ လူသားတစ်ယောက်လို အသွင်အပြင်ရှိနေတော့ အပြင်က ထူးဆန်းတဲ့ သားရဲတွေက နင့်ကို သာမန်လူသားလို့ပဲ ထင်ကြလိမ့်မယ်။ အပြင်မှာနေပြီး အဲဒီသားရဲတွေရဲ့ ရန်ကို အလကားနေရင်း ရင်ဆိုင်စရာ မလိုတော့ဘူးပေါ့။"
ကျန်းလန်က အေးစက်စက် ပြော၏။
"ဒါပေမဲ့ ငါ နင့်ကို အလကား ကျွေးထားမယ်လို့တော့ မမျှော်လင့်နဲ့။ အလုပ်မလုပ်တဲ့သူ စားဖို့မရှိဘူး။ နင် ဒီမှာနေချင်ရင် ငါ့အတွက် အလုပ်လုပ်ပေးရမယ်။"
"ရပါတယ်။"
ပိုင်ချူးရန် ခေါင်းညိတ်လိုက်သည်။
အလုပ်အချို့ ကူညီလုပ်ပေးရခြင်းမှာ သူ့အတွက် ဘာမှမဟုတ်ပေ။ ဤနေရာတွင် နေထိုင်ရခြင်းဖြင့် အနည်းဆုံး ပုခက်တစ်လုံးရှိသဖြင့် တောရိုင်းထဲတွင် လှဲအိပ်စရာ မလိုတော့ချေ။ ဒုတိယအချက်အနေဖြင့် ယခုနေရာသို့ လာရခြင်းသည် လူသားများ အခြေချနေထိုင်ရာ နေရာများနှင့် နီးကပ်သဖြင့် လူသားများကို လေ့လာစောင့်ကြည့်ရန်အပြင် သူတို့နှင့် အဆက်အသွယ်လုပ်ရန် သူ့အတွက် များစွာ အဆင်ပြေစေ၏။
"ဒါဆို နင် ဒီနေ့အတွက် နေ့လယ်စာနဲ့ ညစာ သွားရှာတော့။ သစ်သီးတွေ သွားခူးမယ်ဆိုရင်တောင် ဘယ်သစ်သီးက အဆိပ်ကင်းပြီး စားလို့ရလဲဆိုတာ နင် သိမှာမဟုတ်ဘူး။ ဒါကြောင့် အမဲလိုက်ကြတာပေါ့။"
ကျန်းလန်သည် တဲအိမ်ထဲသို့ ဝင်သွားပြီး သစ်သားလေးတစ်လက်နှင့် မြှားအနည်းငယ်ပါသော သားရေဖြင့်ချုပ်ထားသည့် မြှားကျည်တောက်တစ်ခုကို ထုတ်ယူလာ၏။
"ဒီပတ်ဝန်းကျင်က အမွေးထူတဲ့ သားရဲတွေက စားလို့ရတယ်။ မြှားထိပ်ဖျားမှာ ငါ့ရဲ့ အဆိပ်ပါပြီးသား။ အပစ်ခံရတာနဲ့ သားကောင်ကို လဲကျသွားစေနိုင်တယ်။ နင့်ကိုယ်နင်တော့ မထိစေနဲ့။ အဆိပ်ဖြေရတာ တော်တော် ဒုက္ခများလိမ့်မယ်။ ငါလည်း နင့်ကို ပြန်ကယ်ဖို့ ပျင်းတယ်။"
"နားလည်ပါပြီ။"
ပိုင်ချူးရန်သည် သစ်သားလေးနှင့် မြှားကျည်တောက်ကို ယူ၍ ကိုယ်ပေါ်တွင် လွယ်ကာ ခေါင်းညိတ်ပြသည်။
ကျန်းလန်သည် အိမ်ထဲသို့ ပြန်ဝင်သွားပြီး သူမ ကျောပေါ်တွင် ဝါးခြင်းတောင်းတစ်ခုကိုရှိနေသည်ကို မြင်သောအခါ သူ သိချင်စိတ်ဖြင့် မေးမိ၏။
"မင်းက ဘယ်သွားမလို့လဲ။"
ကျန်းလန်က သူ့ကို မော့ကြည့်ကာ အေးစက်စက် ပြန်ဖြေသည်။ "အလုပ်သွားလုပ်မလို့။"
အမဲလိုက်ခြင်းသည် ပိုင်ချူးရန်အတွက် ခက်ခဲသောကိစ္စ မဟုတ်ချေ။
သူသည် ကျန်းလန်နှင့်အတူ ခြံထဲမှ ယှဉ်တွဲထွက်လာပြီး တောင်ခါးပန်းရှိ လမ်းငယ်တစ်ခုပေါ်တွင် လမ်းခွဲလိုက်ကြသည်။ ထို့နောက် သူ့ စိတ်ဝိညာဉ်အာရုံဖြင့် ပတ်ဝန်းကျင်ကို ဖြန့်ကျက် အကဲခတ်ရာ အနီးအနားတွင် ဆိတ်နှင့်တူသော ဆူဖြိုးသည့် သားရဲအချို့ကို တွေ့ရှိပြီး ကျန်းလန် မြှားကို အသုံးပြုကာ သူတို့ကို အဆုံးသတ်လေ၏။
သို့သော် ပိုင်ချူးရန်သည် ကျန်းလန်ပေးသော သစ်သားလေးမှာ ကျိုးပဲ့လွယ်သည်ဟု ခံစားရသဖြင့် လေးကို မသုံးတော့ဘဲ သားရဲများထံသို့ တိုက်ရိုက်ပြေးသွားကာ သူတို့ ကိုယ်လုံးထဲသို့ မြှားများကို လက်ဖြင့် ထိုးသွင်း၍ အမဲလိုက်ခဲ့ခြင်းပင်။
ထို့နောက် အနီးအနားရှိ နွယ်ပင်အချို့ကို ရှာဖွေကာ သားရဲများကို အတူတကွ ချည်နှောင်ပြီးနောက် ပိုင်ချူးရန်သည် စတင်၍ အလုပ်ခိုလေတော့သည်။