အခန်း ၃၁၀
Vol. 31 Ch. 310
အခန်း (၃၁၀) တန်းတူညီမျှတဲ့လူ့အဖွဲ့အစည်း [၁]
"ဟေး ကျီရှန်း။ နတ်ဘုရားတွေရဲ့ အလုပ်က ဘယ်လိုမျိုးလဲ။"
ပိုင်ချူးရန်သည် အမည်မသိ မြက်ပင်တစ်ပင်ကို ပါးစပ်တွင် ကိုက်ထားလျက် ရှုခင်းကောင်းသော မြက်ခင်းတစ်ခုကို ရှာဖွေကာ လှဲလျောင်းရင်း မေး၏။
"ရာထူးကို အရင်ကြည့်ရမှာ။ ရာထူးမတူရင် အလုပ်ကလည်း ကွာခြားမှာပေါ့။"
ကျီရှန်းက ပြန်ဖြေသည်။
"လုဝူပြောတာကို နားထောင်ကြည့်ရသလောက်တော့ မင်းကိုပေးမယ့် နတ်ဘုရားရာထူးက ဧကရာဇ်မင်းအတွက် နယ်မြေတစ်ခုခုကို စောင့်ရှောက်ရမှာဖြစ်ဖို့ များတယ်။ ဆိုလိုတာက တိုက်ခိုက်သတ်ဖြတ်စရာတွေ ရှိလာမယ်။ တစ်နေကုန် အခုလို အလုပ်ခိုနေလို့ မရဘူး။ ဟိုကောင်မလေး ကျန်းလန်ကတော့ ကပ်ရောဂါကို ပိုင်စိုးတဲ့ တရားဝင် နတ်ဘုရားမဆိုတော့ သူမရဲ့အလုပ်က လောကကြီးက ကပ်ရောဂါတွေနဲ့ အဆိပ်တွေကို စီမံခန့်ခွဲရတာ ဖြစ်လိမ့်မယ်။"
"ဒါဆို သူမက လူသားမျိုးနွယ်တွေနဲ့ နီးနီးကပ်ကပ်နေတာက တကယ်တော့ ကပ်ရောဂါတွေ ဖြန့်ကြဲဖို့ ပိုလွယ်အောင်လို့များလား။" ပိုင်ချူးရန်က မေး၏။
"ငါက ဘယ်လိုလုပ် သိမှာလဲ။ မင်းအဲ့လောက်သိချင်နေရင် ကိုယ့်ဘာသာ သွားကြည့်လိုက်ပါလား။"
ကျီရှန်းသည် ပိုင်ချူးရန်ကို ပြန်ဖြေပြီးနောက် စကားဆက်မပြောတော့ချေ။သို့ရာတွင် ကျီရှန်း စကားများက ပိုင်ချူးရန်အား အကြံတစ်ခု ရသွားစေသည်။ အနာဂတ်တွင် သူသည်လည်း ကောင်းကင်မနာလိုခန္ဓာနှင့် ပတ်သက်သည့် သဲလွန်စများကို ရှာဖွေရန် လူသားမျိုးနွယ်များထံသို့ သွားရောက်ရမည်ဖြစ်ရာ ယခုအခွင့်အရေးကို အသုံးချ၍ ဝင်ရောက်စုံစမ်းရန် အကောင်းဆုံး ဖြစ်လိမ့်မည်။
သူသည် သားရဲအချို့ကို ကျန်းလန် တဲအိမ်သို့ ပြန်ယူသွားပြီး ခြံဝင်းအတွင်းရှိ သစ်ငုတ်တိုတစ်ခုတွင် နွယ်ပင်များဖြင့် မြဲမြံစွာ ချည်နှောင်ထား၏။ ထို့နောက် ကျန်းလန် ခြံဝင်းအနောက်ဘက်ရှိ လမ်းသွယ်လေးအတိုင်း လျှောက်သွားကာ ချောက်ကမ်းပါးပေါ်မှ ခုန်ဆင်း၍ အနီးနားရှိ လူသားများ အခြေချနေထိုင်ရာ နေရာဆီသို့ ဦးတည်လျှောက်လှမ်းသွားသည်။
သူသည် လူသားမျိုးနွယ်ဝင်တစ်ဦး ဖြစ်သည်ကို အားကိုးလျက် တံခါးဝတွင် လှံများဖြင့် စောင့်ကြပ်နေသော စစ်သည်အချို့ကို အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် လွယ်ကူစွာ ရှောင်ကွင်းဝင်ရောက်နိုင်လိုက်၏။ ထို့နောက် လူသားများ နေထိုင်ရာ အခြေချစခန်းအတွင်းသို့ လှည့်လည်သွားလာသည်။
ယခုခေတ်ကာလရှိ လူသားမျိုးနွယ်များသည် အသက်ရှင်သန်ရေးအတွက် အလွန် ရုန်းကန်နေကြရ၏။ သို့ဖြစ်ရာ လမ်းတစ်လျှောက်တွင် ပိုင်ချူးရန် မြင်တွေ့ခဲ့ရသော လူသားများထဲ သူ့ ဒူးခေါင်းလောက်ပင် အရပ်မရှည်သေးသော ကလေးငယ်များမှလွဲ၍ ကျန်သူအားလုံးမှာ အလုပ်ကိုယ်စီ လုပ်ဆောင်နေသည်။
ယောက်ျား၊ မိန်းမ၊ အသက်ကြီး၊ အသက်ငယ်မရွေး သန်စွမ်းသူများမှာ အမဲလိုက်ခြင်းနှင့် အစောင့်အကြပ် တာဝန်များကို ထမ်းဆောင်ကြ၏။ ပို၍ အားနည်းသူများမှာမူ စခန်းအတွင်း၌ စိုက်ပျိုးခြင်းနှင့် အသီးအနှံ ရှာဖွေစုဆောင်းခြင်းများကို လုပ်ဆောင်သည်။ အချို့က ပိုက်ကွန်များကို ကိုင်ကာ အနီးရှိ မြစ်ထဲသို့ ငါးဖမ်းထွက်သည်။ လူတိုင်းသည် အလုပ်များကို ကိုယ်စီဖြင့် အလုပ်ရှုပ်နေကြပြီး ပိုင်ချူးရန် တစ်ယောက်သာလျှင် အလုပ်မရှိ အကိုင်မရှိဖြင့် နေ့ခင်းကြောင်တောင် စခန်းအတွင်း အလဟဿ လျှောက်ပတ်နေသူဖြစ်၏။
ထို့ပြင် ဤအခြေချစခန်း၏ အရွယ်အစားမှာ မကြီးမားလှဘဲ အလွန်ဆုံး လူ ၁၀၀၀ ခန့်သာရှိ၏။ ဤအရွယ်အစားရှိ လူသားစခန်းမျိုးသည် ယခုခေတ်ကာလတွင် မည်သို့ရှိမည်ကို ပိုင်ချူးရန် မသိသော်လည်း ကျိုကျိုး နယ်မြေဆယ်ခုခေတ်တွင်မူ ယခုကဲ့သို့သော စခန်းမျိုးသည် ချမ်းသာသော နိုင်ငံအချို့ရှိ ရွာကြီးတစ်ရွာနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် သေးငယ်လှသည်။
ယခုကဲ့သို့သော နေရာသေးသေးလေးတွင် လူတိုင်းသည် တစ်ယောက်မျက်နှာ တစ်ယောက် မြင်ဖူးနိုင်သည်။ ကံကောင်းထောက်မစွာဖြင့် စခန်းအတွင်းရှိ လူများသည် အလုပ်ရှုပ်နေကြသဖြင့် မမြင်ဖူးသော အလုပ်လက်မဲ့ တစ်ယောက်ဖြစ်သည့်သူ့ကို မည်သူကမျှ သတိမထားမိခဲ့ကြချေ။
သူ လေ့လာစောင့်ကြည့်မှု အချို့ ပြုလုပ်ပြီးနောက် ယခုခေတ်ကာလရှိ လူသားအားလုံးသည် ချီသန့်စင်ခြင်းအဆင့်မျ ကျင့်ကြံသူများ ဖြစ်ပုံရကြောင်း ပိုင်ချူးရန် သတိပြုမိသွား၏။ သူတို့ဆီမှ ဖွံ့ဖြိုးသော ဝိညာဉ်စွမ်းအင်များကြောင့် မွေးကတည်းက အလွန်သန်မာကြသည်။ ဖျားနာနေသူများနှင့် အားနည်းသော လူသားအနည်းငယ်သာလျှင် ချီသန့်စင်ခြင်းအဆင့် ကန့်သတ်ချက်ကို မကျော်ဖြတ်နိုင်ကြခြင်းပင်။။
သို့ရာတွင် အင်မော်တယ်ဘိုးဘေးသည် ယခုအချိန်ထိ ပေါ်ထွက်လာခြင်း မရှိသေးပဲ လူသားများကို ကျင့်ကြံခြင်းနည်းလမ်းများ သင်ကြားပေးခြင်းလည်း မရှိသေးသောကြောင့် ယခုအခြေချစခန်းတွင် ချီသန့်စင်ခြင်းအဆင့်၌သာ ရပ်တန့်နေကြ၏။ အသန်မာဆုံးသော စစ်သည်များပင်လျှင် ချီသန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ် ခွန်အားသာ ရှိကြပြီး အပြင်ဘက်ရှိ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်နှင့် ခန္ဒာကိုယ်ပေါင်းစပ်ခြင်းအဆင့် စသည့် အဆင့်များနှင့် ညီမျှသော ကြောက်မက်ဖွယ် သားရဲများနှင့် နှိုင်းယှဉ်ပါက လူသားများသည် အမှန်ပင် အစာကွင်းဆက်၏ အောက်ခြေအဆင့်တွင်သာ ရှိနေကြသည်။
သို့သော်ငြား လူတိုင်း ချီသန့်စင်ခြင်းအဆင့်တွင် ရှိနေကြသော ယခုကဲ့သို့သော စခန်းမျိုး၌ လျှောက်လှမ်းနေရခြင်းက ပိုင်ချူးရန်အား သူ့အတွက် သီးသန့် ဖန်တီးထားသော နေရာတစ်ခုဟုပင် ခံစားရစေ၏။
"ဒါမှ တန်းတူညီမျှတဲ့လူ့အဖွဲ့အစည်းပဲ"
ပိုင်ချူးရန် သက်ပြင်းချကာ စခန်းအနှံ့ လျှောက်သွားသော်လည်း ယခုနေရာတွင် ကျန်းလန်၏ အရိပ်အယောင်ကို မတွေ့ခဲ့သဖြင့် စခန်းမှထွက်ခွာပြီး စခန်းဘေးရှိ မြစ်တစ်လျှောက် လျှောက်ကြည့်သည်။
ထိုအချိန်တွင် သူကဲ့သို့ပင် အပြစ်ကင်းစင်သော အလုပ်လက်မဲ့ အချောင်ခို တစ်ယောက်ကို ရုတ်တရက် လှမ်းတွေ့လိုက်၏။ ထိုလူမှာ လူငယ်တစ်ဦးဖြစ်ပြီး မြစ်ရေဖြတ်သန်းစီးဆင်းနေသော ရေအိုင်လေးဘေးတွင် ထိုင်နေသည်။ သူ့ဘေးတွင် ငါးဖမ်းပိုက်တစ်ခု ရှိနေပြီး ငါးဖမ်းရန် ထွက်လာသောသူ တစ်ယောက်ဖြစ်ပုံရ၏။
သို့ရာတွင် ယခုအချိန်၌ သူသည် ငါးဖမ်းနေသည့်ဟန်ဖြင့် အလုပ်အချောင်ခိုကာ ရေပြင်ကို စိုက်ကြည့်ရင်း မလှုပ်မယှက် ထိုင်နေသည်။ ပိုင်ချူးရန်လည်း ခေတ္တမျှ စဉ်းစားပြီးနောက် ထိုလူငယ်အနီးသို့ ချဉ်းကပ်သွား၏။