အခန်း ၃၃၁
Vol. 23 Ch. 331
အခန်း (၃၃၁)
- ကြောက်မက်ဖွယ် တန်ဖိုး
“ထပ်ရှိသေးတာလား။” စုယန်ယန်တစ်ယောက် အံ့သြသွားရသည်။ “ရှင် ဘာထပ်လုပ်ထားသေးတာတုန်း။”
ဟောက်ချန်ဟွမ်းသည် သူမအား လေးလေးနက်နက်ကြည့်ကာ အသံခပ်အက်အက်ဖြင့် ပြောလိုက်သည်။ “အစကနေ အဆုံးထိပဲ။”
“ဘယ်လို”
“အဲ့ဒါတွေ အကုန်လုံး အစကနေ အဆုံးထိ ကိုယ်ပါဝင်ခဲ့တာ။”
စုယန်ယန်မှာ ခဏတာ အံ့အားသင့်သွားပြီးနောက်မှ သူမနားလည်သွား၏။ “ရှင်ဆိုလိုတာက... ဒီကိစ္စမှာ ရှင်က အစကတည်းက ပါဝင်ခဲ့တာပေါ့။”
“ဟုတ်တယ်။”
“ဘယ်တုန်းကတည်းကလဲ။”
“ဒီလေလံစီမံကိန်းကို လွန်ခဲ့တဲ့နှစ်လက စတင်ခဲ့တာလေ။”
လွန်ခဲ့တဲ့နှစ်လက သူတို့မိသားစုဟာ ဟောက်ချီဟန်တို့ မိသားစုနဲ့ ကွဲကွာသွားခဲ့တာ မဟုတ်ဘူးလား။ ဖြစ်နိုင်တာက ....
ဟောက်ချန်ဟွမ်းမှာ စုယန်ယန်၏ စိတ်အား ဖတ်နိုင်ပုံရသည်။ ဟောက်ချန်ဟွမ်းသည် ပြုံးကာ စိတ်ရှည်ရှည်နှင့် ရှင်းပြလိုက်သည်။ “ဟောက်ချီဟန်က မင်း ဟောက်ရှောက်ဖုန်း ကို လက်ထပ်ပြီးရင် ကုမ္ပဏီကို လွှဲပြောင်းပေးဖို့ စီစဉ်ထားခဲ့တာ။ ဒါပေမယ့် ဟောက်ရှောက်ဖုန်းက အကုန်လုံးကို ဖျက်ဆီးပစ်လိုက်တယ်လေ။ ဟောက်မိသားစုက မြို့တော်မှာ အတင်းပြောစရာ ဖြစ်လာပြီး ဟောက်ကော်ပိုရေးရှင်းက လူကြီးပိုင်းတွေကလည်း သူရဲ့လုပ်နိုင်စွမ်းကို စပြီး သံသယဖြစ်လာကြတယ်။”
“ဟောက်ချီဟန်က ရွေးချယ်စရာမရှိဘဲ ဟောက်ရှောက်ဖုန်းကို ဟောက်ကော်ပိုရေးရှင်း၏ တာဝန်ခံအဖြစ် ခန့်အပ်ဖို့ သူ့ရဲ့အထောက်အထားကို အသုံးပြုပြီး ဟောက်ရှောက်ဖုန်းကို ဟောက်ကော်ပိုရေးရှင်းရဲ့ ပရောဂျက်ကို တာဝန်ယူစေခဲ့တယ်။ ဟောက်ရှောက်ဖုန်းရဲ့ တစ်ခုတည်းသော စွမ်းဆောင်ချက်နဲ့ ကမ္ဘာကြီးကို အံ့အားသင့်စေပြီး ကုမ္ပဏီမှာရှိတဲ့ အခြားလူကြီးတွေရဲ့ အသိအမှတ်ပြုမှုကို ရလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာ။”
စုယန်ယန်တစ်ယောက် အံ့သြသွားမိသည်။ ဒီကိစ္စရဲ့နောက်မှာ လှည့်ကွက်တွေ အများကြီးရှိလိမ့်မယ်လို့ သူမ မမျှော်လင့်ထားမိပေ။
“ဟောက်ချီဟန်က အတွေ့အကြုံမရှိတဲ့ ဟောက်ရှောက်ဖုန်းကို ဒီကိစ္စကို တာဝန်ယူခွင့်ပေးလိုက်တာ အရမ်းကို စိတ်ချလက်ချနိုင်တာပဲ။” ဟောက်ကော်ပိုရေးရှင်းလို ကြီးမားတဲ့ ကုမ္ပဏီကြီးက ရုတ်တရက်ကြီး ဒီလိုအမှားမျိုးကို လုပ်မိသွားတာ အံ့သြစရာ မရှိတော့ပါဘူး။ အဲ့ဒီမိသားစုကိုက အဆိပ်သင့်ဖွယ်တွေချည်းပဲ။
“ဟောက်ချီဟန်နဲ့ သူ့သားက စရိုက်အတူတူပဲ။ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး မာနထောင်လွှားနေကြတာ။”
စုယန်ယန်၏ နှုတ်ခမ်းများ ကွေးညွှတ်သွားရသည်။ “နှစ်ပေါင်းများစွာကြာတာတောင် ဟောက်ကော်ပိုရေးရှင်းကြီး ဒေဝါလီမခံရသေးတာပဲ အထင်ကြီးစရာကောင်းနေပါပြီ။”
ဟောက်ချန်ဟွမ်း ပြုံးလိုက်သည်။ ဟောက်ကော်ပိုရေးရှင်း၏ အောင်မြင်မှုများအတွက် အကြီးမားဆုံးပံ့ပိုးသူမှာ ဟောက်ချီဟန် မဟုတ်ဘဲ ကုမ္ပဏီ၏ အကြီးတန်းဘုတ်အဖွဲ့ဝင်များ ဖြစ်ကြောင်းကိုတော့ သူ မပြောလိုက်တော့ပေ။
ထိုအကြီးတန်းဘုတ်အဖွဲ့ဝင်များသည် ဟောက်ချီဟန်အား အခြားသူများထက် ပိုပြီး မကျေမနပ်ဖြစ်နေသည်မှာ သနားစရာပင်။ ဒါ့အပြင် သူတို့က နှစ်ပေါင်းများစွာ သည်းခံလာပြီးပြီ ဆိုတော့ ဆက်သည်းခံတော့မှာ မဟုတ်ပေ။
“ဒီစီမံကိန်းအတွက် အရန်နေရာ ခြောက်ခုရှိတယ်။ ဟောက်ရှောက်ဖုန်း ဒီမြေကို ရဖို့ ကိုယ် တမင်တကာ လုပ်ပေးလိုက်တာ။”
ရိုးရိုးသားသားပြောရရင်တော့ ဒါဟာ တမင်တကာ လုပ်ခဲ့တာတောင် မဟုတ်ခဲ့ပေ။ သူသည် ထိုမြေကွက်အကြောင်း ကောလာဟလများကို ဖြန့်ခဲ့ပြီး မြေကွက်နှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်း ပြောဆိုပေးခဲ့သည်။
ဤသည်မှာ ဟောက်ရှောက်ဖုန်း၏ မိသားစုကို အဖက်ဆယ်သေးလို့ ရမရ စမ်းသပ်ခြင်းသာဖြစ်၏။
သူတို့မှာ အသိတရား နည်းနည်းလေး ရှိသေးတယ်ဆိုရင်တောင် ဒီထောင်ချောက်ထဲ ကျသွားမှာ မဟုတ်ပေ။ အဲ့လိုမဟုတ်ဘူးဆိုရင်တော့ သူတို့နဲ့ထိုက်တန်လို့ပဲပေါ့။
လက်တွေ့ကတော့ အချို့အရာများသည် စမ်းသပ်၍ မရနိုင်ကြောင်း သက်သေပြခဲ့သည်။
စုယန်ယန်တစ်ယောက် အံ့သြသွားမိသော်လည်း ဒါက ပုံမှန်ပါပဲဟု သူမ ခံစားမိသည်။ “အဲ့လိုဆိုရင်တောင် ဟောက်ရှောက်ဖုန်းက မြေကွက်ကို လေလံမဆွဲခင် ဘူမိဗေဒစစ်တမ်းတစ်ခုမှ မပြုလုပ်ခဲ့ဘူးလား။ ဒါကြီးက တကယ့်အမှားကြီးပဲ မဟုတ်ဘူးလား။”
“သူ လုပ်ခဲ့တယ်။”
“ဒါဆို ဘာလို့လဲ ... တစ်ယောက်ယောက်ကများ ရလဒ်ကို ကလိထားလို့လား။”
ဟောက်ချန်ဟွမ်းသည် သူမအား အဓိပ္ပါယ်ရှိစွာ ပြုံးပြလိုက်၏။
“သူ ဘာမှ မသိဘူးလား။”
“ဟောက်ချီဟန်ဆိုရင် အန္တရာယ်ကို ကြိုတင်သိနိုင်ပေမယ့် ဟောက်ရှောက်ဖုန်းကတော့ အဲ့လိုလူမျိုး မဟုတ်ဘူးလေ။”
အကယ်၍ ဟောက်ချီဟန်သည် ဤပရောဂျက်အား အစကတည်းက ကိုယ်တိုင် ကြီးကြပ်နေသည်ဆိုပါက သူသည် မသင်္ကာဖွယ်တစ်ခုခုကို သတိပြုမိပေလိမ့်မည်။
သို့သော် အဓိကအချက်မှာ ဟောက်ချီဟန်သည် ဟောက်ရှောက်ဖုန်းတစ်ယောက် ဂုဏ်တက်စေရန်အတွက် သူ့က နောက်ကွယ်မှ အကြံဉာဏ်အချို့ ပေးခဲ့သော်လည်း ဟောက်ချီဟန်မှာ စာရွက်စာတမ်းများကို စေ့စေ့စပ်စပ် မကြည့်ရှုခဲ့ဘဲ သူ့သားအား သူ့ခြေထောက်ပေါ်သူရပ်တည်စေခဲ့သည်။
အတိအကျဆိုရသော် ၎င်းသည် သူ၏ မောက်မာမှုနှင့် ပေါ့လျော့မှုများအတွက် ကြောက်မက်ဖွယ်ကောင်းသော အဖိုးအခကို ပေးဆောင်ခဲ့ရခြင်းသာ ဖြစ်ပေသည်။