အခန်း ၃၆၄
Vol. 25 Ch. 364
အခန်း (၃၆၄) - ကျွန်မမိသားစုကို ခေါ်လာလို့ရမလား
ကျိုးယန်ပိုင်က သနားစရာကောင်းလောက်အောင်ပြောပြီး ဟောက်ချန်ဟွမ်းကို “ကလေးတွေကို ကယ်တင်ပေးပါ” ဟု အော်ပြောလုနီးပါးပင်။
ဟောက်ချန်ဟွမ်းသည် အေးစက်သောမျက်နှာဖြင့် ဖုန်းကို ချလိုက်သော်လည်း ကျိုးယန်ပိုင်ရဲ့ စကားလုံးတွေက သူ့စိတ်ထဲမှာ စွဲထင်ကျန်ရစ်နေဆဲဖြစ်သည်။
စုယန်ယန်သည် ညစာစားပြီး သိပ်မကြာခင်မှာပဲ ရှားကျွင်းရှန့်ထံမှာ ဖုန်းလက်ခံရရှိခဲ့သည်။ ရှားကျွင်းရှန့်က သူမကို လော့ဝေပင်းအကြောင်း ပြောပြခဲ့သည်။
“နျဥ်ချီလွေ့က လော့ဝေပင်းနဲ့ သဘောတူညီမှု ရပြီးပြီ၊ သူ့ညီမရဲ့ ကျန်းမာရေးအစီရင်ခံစာကို မနက်ဖြန် နေ့လည်မှာ နျဥ်မိသားစုဆီ ယူလာဖို့ ပြောပြီးပြီ။ မင်း သူ့ကို တစ်ချက်သွားကြည့်လို့ရတယ်။”
နျဥ်ချီလွေ့နှင့် လော့ဝေပင်းတို့ဟာ အိုင်ဒေါတွေဖြစ်ကြပြီး သူတို့နှစ်ယောက်စလုံးရဲ့ ကျော်ကြားမှုက မနိမ့်ပါဘူး။
တကယ်လို့ သူတို့ အပြင်မှာတွေ့တဲ့အခါ မီဒီယာတချို့က ဓာတ်ပုံ ရိုက်ကူးမိခဲ့မယ်ဆိုရင် ရုတ်ရုတ်သဲသဲ ဖြစ်သွားမှာ အသေအချာပါပဲ။
ဒီအကြောင်းအရင်းကြောင့် ရှားကျွင်းရှန့်သည် နျဥ်ချီလွေ့၏ မန်နေဂျာနှင့် ဆွေးနွေးခဲ့ပြီး နျဥ်မိသားစုအိမ်တွင် တွေ့ဆုံဖို့ စီစဥ်ခဲ့သည်။
နျဥ်မိသားစုအိမ်သည် အဝင်အထွက်ကို တင်းကြပ်စွာ တားမြစ်ထားသော အဆင့်မြင့်အိမ်ရာတစ်ခုတွင် တည်ရှိသည်။ ပါပါရာဇီတွေ ဘယ်လောက်ပဲ ဥာဏ်ကောင်းနေပါစေ အလွယ်တကူ ခိုးဝင်၍ မရနိုင်ပါ။
“ကောင်းပြီ။ နျဥ်မိသားစုအိမ်မှာဆိုရင် ဘာပြဿနာမှမရှိဘူး မဟုတ်လား။”
“အဲဒါကို စိတ်ပူစရာ မလိုပါဘူး။ မင်း အဲဒီကို လာမယ်ဆိုတာကိုကြားတော့ သူတို့ အရမ်းပျော်သွားကြတယ်။ သူတို့က မင်းကို တွေ့ချင်နေတာ ကြာပြီ။”
စုယန်ယန်က ခေါင်းညိတ်ပြီး တစ်ခဏတာမျှ တွေးဆကြည့်ခဲ့သည်။ “ဒါဆို ညီမရဲ့မိသားစုကိုရော ခေါ်သွားလို့ရမလား။”
ရှားကျွင်းရှန့် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဒီခေါင်းစဥ်ဟာ သူ့လို တစ်ကိုယ်ရေခွေးတစ်ကောင်နဲ့ သိပ်လိုက်ဖက်မှုမရှိဘူးလို့ ခံစားခဲ့ရသည်။
“အင်း... ရလောက်မယ်ထင်တယ်။”
စုယန်ယန်သည် ရှားကျွင်းရှန့်၏ မသေချာမရေရာတဲ့ အသံကို ကြားလိုက်ရတော့ သူမသည် သူ့အတွက် ခက်ခဲမယ့်အရာတွေကို ဆက်မလုပ်တော့ပေ။ သူမက တခစ်ခစ်ရယ်ပြီး “မေ့လိုက်ပါ။ ညီမပဲ သူ့ကို ကိုယ်တိုင်မေးလိုက်ပါ့မယ်။” ဟု ပြောလိုက်သည်။
စုယန်ယန်သည် ရှားကျွင်းရှန့်ဆီကနေ နျဥ်ချီလွေ့ကို ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကို တောင်းပြီး သူ့ကို တိုက်ရိုက်ဆက်သွယ်ခဲ့သည်။
နျဥ်ချီလွေ့၏ ကျန်းမာရေးသည် ဒီအတောအတွင်း များစွာ တိုးတက်ကောင်းမွန်လာသောကြောင့် သူ့မိသားစုသည် သူ့အား ပြင်ပကမ္ဘာနှင့် ထိတွေ့ဆက်ဆံမှုကို မကန့်သတ်ထားပေ။
နျဥ်ချီလွေ့သည် စုယန်ယန်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသည့်အတွက် အံ့အားသင့်သွားခဲ့သည်။ နျဥ်ချီလွေ့သည် မနက်ဖြန်နေ့လည်တွင် လော့ဝေပင်းနှင့် တွေ့ဆုံဖို့ စုယန်ယန်တစ်ယောက် ပြောစရာ စကားရှိနေတယ်လို့ ထင်ခဲ့မိသည်။
အဆုံးမှာတော့...
“မင်း ငါ့အိမ်ကို အလည်လာတာ မင်းရဲ့မိသားစုကိုတောင်မှ ခေါ်လာချင်သေးတာလား။”
“ဘာဖြစ်လို့လဲ။ မရဘူးလား။”
နျဥ်ချီလွေ့ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေဟာ အနည်းငယ် တွန့်ကွေးသွားသည်။ သူ မမေးဘဲ မနေနိုင်၍ မေးလိုက်မိတော့သည်။ “မင်းတို့နှစ်ယောက်က ခွဲမရတဲ့ အမြွှာတွေလား။ မင်း ဘယ်သွားသွား သူ့ကို ခေါ်သွားချင်နေတာလား။”
စုယန်ယန်သည် ရှက်ကိုးရှက်ကန်းနဲ့ ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောခဲ့သည်၊ “အိုး၊ ငါတို့က ကြင်စဦးလေးတွေမို့ ခဏလေးတောင် ခွဲခွာနေဖို့ ဆန္ဒမရှိဘူးလေ။ နင်က ငယ်သေးတယ်ဆိုတော့ ဒါတွေကို နားမလည်နိုင်သေးတာ ပုံမှန်ပါပဲ။”
နျဥ်ချီလွေ့၊ “...” ငါက ငယ်သေးလို့ နားမလည်သေးတာ ပုံမှန်ပဲဆိုတာ ဘာကိုပြောချင်တာလဲ။ ငါက ငယ်ပြီး ရည်းစားမရှိတာနဲ့ နင် ငါ့ကို လှောင်စရာလား။
သွားစမ်းပါ။ မင်းပဲ ငယ်တာ။ မင်းတို့တစ်မိသားစုလုံးက ငယ်နေတာ။ ငါက မငယ်တော့ဘူး။
“ဒါဆို နင် သဘောတူလား သဘောမတူဘူးလား။ ဒါက မိသားစုဝင်တစ်ယောက်ပါပဲ၊ ငါတို့က နင့်ဆီမှာ ထမင်းတစ်နပ်စားဖို့တောင် မနေဘူးလေ။ နင် အရမ်းတွန့်တိုနေမှာလား။”
နျဥ်ချီလွေ့သည် ဒေါသတွေ ပေါက်ကွဲထွက်လုမတက် ဖြစ်သွားခဲ့သည်။ ငါ့အိမ်မှာ ထမင်းတစ်နပ်တောင် မစားပါဘူးဆိုတာ သူမ ဘာကို ဆိုလိုချင်တာလဲ။ ငါက ထမင်းနည်းနည်းလေးကို ဂရုစိုက်နေတဲ့ပုံပေါက်လို့လား။
သို့ပေမယ့် သူသည် မကြာသေးမီက သူ့ထံ ပို့ပေးသော အစားအသောက်များကို ဘယ်လောက်တောင် စားသောက်ခဲ့တာလဲဆိုတာကို ပြန်တွေးရင်း ရုတ်တရတ် အားနည်းလာခဲ့သည်။
အဆုံးမှာတော့ သူက အေးစက်စက်ဖြင့် ဟမ့်လို့သာ အသံပြုခဲ့သည်။ “တကယ်လို့ နင်တို့လာချင်လာ လာပေါ့။ နင်တို့ကို ဘယ်သူက တားနေလို့လဲ။ တကယ်လို့ နင်တို့ မလာချင်ဘူးဆိုရင် အဝေးမှာနေဖို့ ဂရုစိုက်ပါ။ ကန့်သတ်ထားတဲ့ မြင်ကွင်းတွေကို အများပြည်သူရှေ့မှောက်မှာ မပြသပါနဲ့။ ကောင်းပြီ၊ ဘာမှပြောစရာမရှိတော့ဘူးဆိုရင် ဖုန်းချလိုက်တော့မယ်။ ငါက လူမမာဆိုတော့ စောစောအနားယူရမယ်။”
စုယန်ယန်ရဲ့ တုံ့ပြန်မှုကို မစောင့်တော့ပဲ နျဥ်ချီလွေ့က ဖုန်းချသွားခဲ့သည်။
စုယန်ယန်သည် ဆွံ့အသွားခဲ့ရာမှ အသိပြန်မဝင်လာမီ တစ်ခဏတာမျှ ကြက်သေ သေနေခဲ့သည်။ “ကျေးဇူးပြုပြီး ကန့်သတ်ထားတဲ့မြင်ကွင်းတွေကို အများပြည်သူရှေ့မှောက်မှာ မပြသပါနဲ့” ဆိုတာ နင်ဘာပြောချင်တာလဲ။ ချန်ဟွမ်းနဲ့ ငါက...”
စုယန်ယန်က ဒေါသထွက်ပြီး တစ်ချိန်တည်းမှာပင် ရယ်ချင်နေပေမယ့် သူ့ကို ဘာမှ ပြန်မပြောနိုင်ခဲ့ဘူး။ မနက်ဖြန်ကျ သူမ သူ့ကို အပ်စိုက်တဲ့အခါကျရင် အပ်နှစ်ချောင်း ပိုစိုက်ဖို့ကိုသာ တွေးလိုက်မိသည်။
သူ့ရဲ့ စျေးပေါသောပါးစပ်ကြောင့် နောက်ထပ် “အမှား” တစ်ခုကို ဖိတ်ခေါ်မိကြောင်း မသိသော နျဥ်ချီလွေ့သည် ရုတ်တရတ်ဆိုသလို သူ့နောက်ကျော အေးစက်သွားသလို ခံစားလိုက်ရသည်။ သူ့ကို နောက်ကွယ်တွင် ဒုက္ခပေးလိုသူအချို့ရှိပုံပေါ်ကြောင်း မရေရာသော ကြိုတင်သတိပေးချက်တစ်ခု သူ့အသိစိတ်တွင် ထွက်ပေါ်လာခဲ့သည်။