အခန်း ၃၆၇
Vol. 25 Ch. 367
အခန်း (၃၆၇) - နှလုံးသားမရှိတဲ့ သခင်မ
“နင် အားပြည့်နေသရွေ့ အဆင်ပြေတာပဲ။ နင့်အတွက် လိုအပ်ချက်တွေက အရမ်းနည်းတယ်။ အနည်းဆုံးတော့ လုံလုံလောက်လောက် အားသွင်းစေပြီး နွေးထွေးတဲ့ အဝတ်အစားတွေ ဝတ်ဆင်ပေးရုံပါပဲ။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါ ဦးလေးကျန်းကို နင့်အတွက် အဝတ်အထည် သေးသေးလေးတွေ ပြင်ဆင်ခိုင်းလိုက်မယ်လေ၊ နင် အလုပ်လုပ်တဲ့အချိန်တိုင်း အဲ့ဒီအဝတ်လေးတွေကို ဝတ်ထားနိုင်တယ်။ အင်္ကျီတွေ ညစ်ပတ်သွားတဲ့အခါကျရင် နောက်တစ်ထည် အသစ်လဲဝတ်လိုက်ပေါ့၊ အဆင်ပြေလား။”
ရိုလီပိုလီရဲ့ မျက်လုံးဝိုင်းလေးတွေက လခြမ်းကွေးအသွင်သို့ ပြောင်းလဲသွားပြီး သူလေးရဲ့ ကလေးသံလေးသည် ဖြူစင်သော ပျော်ရွှင်မှုများ စွန်းထွင်းသွားခဲ့ပါသည်။ “ကောင်းပါပြီ။ ရိုလီပိုလီက ညစ်ပတ်တဲ့ အဝတ်တွေကို လျှော်ဖို့ တာဝန်ယူမှာပါ။”
သူ့ရဲ့ ဝိုင်းဆတ်ဆတ် အသွင်သဏ္ဍာန်လေးနှင့် လန်းဆန်းတက်ကြွသော အသံလေးကြောင့် သူလေးကို ပွေ့ဖက်ပြီး နမ်းပစ်ဖို့ကို မစောင့်နိုင်တော့ဘူး။
“နင့်တာဝန် နင်ယူမယ်ပေါ့။ ရိုလီပိုလီလေးက အရမ်းလိမ္မာတာပဲ။” စုယန်ယန်သည် တစ်စုံတစ်ခုကို သတိရသွားပုံပေါ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ “ဒါပေမယ့် ရိုလီပိုလီ နင်က ကောင်လေးလား၊ ကောင်မလေးလား။”
ဟောက်ချန်ဟွမ်း၊ “…”
“ဖူး...” ကျိုးယန်ပိုင်သည် သူ့ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်တော့ဘူး။ ထို့နောက်၊ သူ့သခင်လေးက သူ့ကို အေးခဲသွားစေသည့် အကြည့်စူးစူးတစ်ချက် ပစ်လွှတ်လိုက်သဖြင့် ထိတ်လန့်တကြား တုန်လှုပ်သွားခဲ့သည်။ သူ့မျက်နှာပေါ်ရှိ ရယ်ချင်စိတ်ကို ဖုံးကွယ်ထားဖို့ ခေါင်းငုံ့လိုက်သည်။
စုယန်ယန်က ဒါကို သိပ်ဂရုမစိုက်ပေမယ့် ဟောက်ချန်ဟွမ်းကို စိတ်ရှုပ်ထွေးစွာ ကြည့်နေခဲ့သည်။
သူမ၏ အမြင်အရ၊ ဒီစက်ရုပ်လေးဟာ ဟောက်ချန်ဟွမ်း၏ ကုမ္ပဏီထုတ်ကုန်တစ်ခု ဖြစ်သည့်အတွက် ဟောက်ချန်ဟွမ်းသည် ဒီပြဿနာကို သေချာစွာ ပြောသင့်သည်။
“အဟမ်း၊ စက်ရုပ်တွေမှာ ကျားမခွဲခြားမှု မရှိဘူး။ သူတို့ကို မိန်းကလေးလို့ သတ်မှတ်ချင်ရင် မိန်းကလေးလို့ ပြင်ပေးလို့ရတယ်။ ကောင်လေးလို့ သတ်မှတ်ချင်ရင် ကောင်လေးလို ဆင်ပေးလို့ရတယ်။”
ရိုလီပိုလီက ထပ်ထည့်ပြောသည်၊ “ရိုလီပိုလီက သခင်ရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး မိန်းကလေးဖြစ်ဖြစ် ကောင်လေးဖြစ်ဖြစ် အဆင်ပြေပါတယ်။”
စုယန်ယန်တစ်ယောက် ဆွံ့အသွားသည်။ ဒါလေးက ဘယ်လိုနတ်သမီးလေးလဲ။
“ဒါဆိုရင် နင် မိန်းကလေး ဖြစ်ရမယ်။ ငါ နင့်ကို အဝတ်အစား အမျိုးမျိုး ဆင်ယင်ပေးလို့ရတယ်။” စုယန်ယန်သည် ရိုလီပိုလီရဲ့ အရွယ်အစားကို တစ်ချက်ကြည့်ပြီး သူလေးကို ဂါဝန် ဆင်ပေးတာ ပိုအဆင်ပြေလိမ့်မယ်လို့ ခံစားရသည်။
သို့ပေမယ့် ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးထဲတွင်တော့ ထိုသို့မဟုတ်ပေ။ သူတို့ ဆရာတပည့်နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
သူတို့ရဲ့ ခွေးကလေးက ဇာစကတ်တွေကို အရမ်းကြိုက်နေရတဲ့ အကြောင်းရင်းက စုယန်ယန်ကြောင့် ဖြစ်လိမ့်မည်ဟု သူတို့ သံသယဖြစ်မိသည်။
စုယန်ယန်က သူတို့ရဲ့ စိတ်ထဲက အတွေးတွေကို မသိပေ။ သူမက စက်ရုပ်လေးရဲ့ လိင်အမျိုးအစားကို အတည်ပြုပြီးနောက် တစ်စုံတစ်ယောက်ကို ကလေးအဝတ်အစားတချို့ ပေးပို့ခိုင်းဖို့ အချိန်အနည်းငယ်ယူရဦးမည်ဖြစ်သည်။
စုယန်ယန်သည် လှည့်ကြည့်ပြီး မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။
ကျိုးယန်ပိုင်သည် ဟောက်ချန်ဟွမ်းကို တီးတိုးမပြောဘဲ မနေနိုင်တော့ဘူး။ “သခင်လေး၊ သခင်မလေးက 001 ကို ကလေးတစ်ယောက်လို ဆက်ဆံနေတာလား။”
ဟောက်ချန်ဟွမ်းလည်း ဒီလို တွေးနေမိပေမယ့် သူက အေးစက်စက်အသံနဲ့ “ဘာကို 001 လဲ။ သူ့ကို ရိုလီပိုလီလို့ခေါ်။” ဟု ပြောလိုက်သည်။
ကျိုးယန်ပိုင်၊ “…” ကောင်းပြီ၊ သခင်လေး ပြောသလိုပေါ့။ သခင်လေး ပျော်နေသရွေ့ အဆင်ပြေတာပဲ။
စုယန်ယန်သည် မီးဖိုချောင်မှာ သူမ အသုံးပြုလေ့ရှိသော အေပရွန်ကိုတွေ့ပြီး ရိုလီပိုလီကို ဝတ်ဆင်ပေးလိုက်သည်။
စကတ်တိုလေးသည် ရိုလီပိုလီ၏ ခန္ဓာကိုယ်နှင့် အံဝင်ခွင်ကျဖြစ်ပြီး သူလေး၏ ဝိုင်းစက်စက် ခန္ဓာကိုယ်ထက်တွင် မထင်မှတ်ဘဲ လိုက်ဖက်ညီနေခဲ့သည်။
အေပရွန်အလယ်ရှိ ချစ်စရာ နှင်းလူသားဒီဇိုင်းလေးသည် ရိုလီပိုလီနှင့် အလွန်လိုက်ဖက်ပါသည်။
စုယန်ယန်က အေပရွန်ကို စက်ရုပ်လေးနှင့် အဆင်ပြေအောင် ဟိုဟိုဒီဒီ ညှိပေးနေရင်း ကျေနပ်အားရစွာ ပြောလိုက်သည်၊ “မဆိုးပါဘူး။ ငါ နင့်ကို ဒီနေ့ ဒါလေးပဲ ဝတ်ပေးရလိမ့်မယ်။ မနက်ဖြန်ကျရင် ငါ နင့်ကို အရမ်းလှတဲ့ ဝတ်စုံလေး ပြောင်းပေးမယ်။”
ရိုလီပိုလီသည်လည်း ရိုးရှင်းသော အေပရွန်လေးကို အလွန်ကျေနပ်နေပုံပင်။ သူလေးရဲ့ ပါးပြင်ပေါ်တွင် အနီရောင်ဖျော့ဖျော့လေး ပေါ်လာခဲ့သည်။
“ရိုလီပိုလီက စကတ်လေးတွေကို ကြိုက်တယ်။”
စုယန်ယန်က ပြုံးလိုက်သည်။ “ဟုတ်လား။ ရိုလီပိုလီက တကယ်တော့ မိန်းကလေးတစ်ယောက်ဖြစ်ပုံရတယ်။ နောင်အနာဂတ်မှာ ရိုလီပိုလီ လစာရတဲ့အခါမှာ သခင်က နင့်ရဲ့ လစာကို နင့်အတွက် စကတ်လေးတွေအဖြစ် ပြောင်းလဲပေးမယ်။”
“ဟုတ်ကဲ့”
နောက်ဆုံးတွင် မေ့ပျောက်ပြီး အထားခံခဲ့ရသော သနားစရာကောင်းသည့် ခွေးလေးသည် စုယုရွှမ်၏ စောင့်ရှောက်မှုဖြင့် အိမ်သို့ ပြန်လာနိုင်ခဲ့သော်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ချက်ချင်းဆိုသလိုပင် သူလေးကို မိုးကြိုးပစ်ချခြင်းခံလိုက်ရသလို ခံစားခဲ့ရသည်။
အာ... ဒီအသည်းနှလုံးမရှိတဲ့ သခင်မကတော့... ငါ အိမ်နဲ့ တစ်ရက်သာ ဝေးကွာနေခဲ့ပေမယ့် သူကတော့ ကလေးအသစ် ရနေပြီလား။