← Chapters

အခန်း ၃၇၅

Vol. 25 Ch. 375

အခန်း ၃၇၅

Vol. 25 Ch. 375

အခန်း (၃၇၅) နှလုံးက လိုသလောက် အလုပ်မလုပ်နိုင်တော့တာတဲ့လား

လော့ဝေပင်း၏ မျက်လုံးများသည် ရုတ်တရတ် ပြူးကျယ်လာပြီး စုယန်ယန်ကို ထိတ်လန့်တကြား စိုက်ကြည့်နေမိသည်။ ဆေးမှတ်တမ်းကို ကိုင်ထားသည့် သူ့လက်တွေကို မသိစိတ်က တင်းကြပ်ထားမိသည်။

အချိန်အတော်ကြာအောင် သူ ပြန်မဖြေတာကိုတွေ့တော့ နျဥ်ချီလွေ့က သူ့ကို ပြောလိုက်သည်၊ “အဲဒါကို သူမကို ပေးလိုက်ပါ။”

စုယန်ယန်က ပြုံးပြီး “နင်ပဲ တို့ကို တွေ့ဖို့ တောင်းဆိုထားတာ မဟုတ်ဘူးလား။ အခု တို့ နင့်ရှေ့မှာ ရှိနေပြီလေ၊ နင်က ဘာဖြစ်လို့ တွန့်ဆုတ်နေတာလဲ။”

“ကျွန်တော်...” လော့ဝေပင်းက ပြောသည်၊ “ကျွန်တော် မင်းကို ဘယ်တုန်းက တွေ့ဖို့ ပြောလို့လဲ။”

ဒီစကားလုံးတွေ သူ့ပါးစပ်မှ ထွက်သွားပြီးသောအခါမှ သူက တစ်စုံတစ်ခုကို ရုတ်တရတ် သဘောပေါက်သွားပုံရသည်။ သူ့မျက်နှာအမူအရာ ပြောင်းလဲသွားပြီး “မင်း...”

“တို့က ဘာလဲ။”

“မင်းက နျဥ်ချီလွေ့ပြောတဲ့ ဆရာဝန်လား။”

စုယန်ယန်၏ မျက်နှာပေါ်ရှိ အပြုံးက ရုတ်တရတ် အေးစက်သွားသည်။ သူမက နျဥ်ချီလွေ့ကို လှည့်ကြည့်ပြီး အကြည့်စူးစူးတစ်ချက် ပစ်ခွင်းလိုက်သည်။

နျဥ်ချီလွေ့က သူ့နှာခေါင်းကို အပြစ်ရှိစွာ ပွတ်သပ်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်၊ “နင်က ငါ့ကို ကုသပေးတဲ့သူပဲလေ။ ဘာမှားလို့လဲ။”

လော့ဝေပင်းသည် နောက်ဆုံးတော့ မိန်းမောတွေဝေနေရာမှ အသိပြန်ဝင်လာပြီး သူ့လက်ထဲက အချက်အလက်တွေကို အမြန်လွှဲပေးလိုက်သည်။

“ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် မထင်ထားလို့ပါ... ကျွန်တော် တကယ်တောင်းပန်ပါတယ်၊ ကျွန်တော် မဟုတ်ပါဘူး...”

သူ့ပရိသတ်တွေရဲ့ အမြင်မှာ နှိမ့်ချပြီး နူးညံ့သိမ်မွေ့တဲ့ ဒီကြယ်ပွင့်ဟာ သူ့မျက်နှာပေါ်တွင် ရှားရှားပါးပါး ‌ကြောက်ရွံ့ပြီး စိုးရိမ်ကြောင့်ကြသော အသွင်အပြင်ကို ပြသခဲ့သည်။ စုယန်ယန်သည် သူ့ရဲ့ ပေါ့ဆမှုကြောင့် သူ့ညီမလေးကို မကုသပေးတော့မှာကို သူစိုးရိမ်မိပါသည်။

စုယန်ယန်က အချက်အလက်တွေကိုယူပြီး အနည်းငယ် လှန်ကြည့်ပြီးနောက် ရလဒ်များကို တွေ့လိုက်ရသည်။

“နှလုံးက လိုသလောက် အလုပ်မလုပ်နိုင်တော့တဲ့ ရောဂါလား။” စုယန်ယန်သည် သူမ အတိတ်ဘဝတုန်းက လော့ဝေပင်း၏ ညီမလေးဟာ နှလုံးရောဂါဖြင့် ဆုံးပါးသွားတာကို သိသော်လည်း နှလုံးက လိုသလောက် အလုပ်မလုပ်နိုင်တော့တဲ ရောဂါ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားပေ။

အသက် ၁၂ နှစ်အရွယ် ကလေးမလေးက ဘယ်လိုလုပ်ပြီး နှလုံးက လိုသလောက် အလုပ်မလုပ်နိုင်တော့တဲ့ ရောဂါကို ခံစားနေရတာလဲ။

လော့ဝေပင်းသည် စုယန်ယန် မျက်မှောင်ကြုတ်သည်ကို မြင်လိုက်ရသောအခါ နှလုံးအခုန်မြန်သွားသည်၊ “ဥက္ကဌစု...”

စုယန်ယန်က အသက်ပြင်းပြင်းရှုပြီး အသံတိုးတိုးဖြင့် မေးခဲ့သည်၊ “ရင်တုန်ခြင်း၊ အသက်ရှုရ ခက်ခဲခြင်းနဲ့ နှုတ်ခမ်းပြာခြင်း အဲဒီရောဂါလက္ခဏာတွေက ဘယ်အချိန်ကစဖြစ်တာလဲ။”

လော့ဝေပင်း ကြက်သေ သေသွားသည်။ အဆိုပါ လက္ခဏာများသည် ဆေးလက်မှတ်တွင် မရေးထားသော်လည်း စုယန်ယန်က ချက်ချင်း‌ပြောနိုင်သည်။ လော့ဝေပင်းသည် သူ့နှလုံးသားထဲတွင် မျှော်လင့်ချက်ရောင်ခြည် သန်းလာခဲ့သည်။

“လွန်ခဲ့တဲ့ သုံးလလောက်က ဒီရောဂါလက္ခဏာတွေ စပြီး ပေါ်လာခဲ့တယ်။ အစပိုင်းမှာတော့ ရံဖန်ရံခါပဲ၊ ဒါပေမယ့် သိပ်မကြာသေးခင်ကမှ မကြာခဏ ပိုဖြစ်လာတယ်...”

“အရင်ကရော၊ ဒီကလေးမလေးဆီမှာ အရင်က တခြား အသေးအဖွဲ ရောဂါလက္ခဏာတွေ ရှိသင့်တယ်၊ ဥပမာ အားအင်ကုန်ခန်းခြင်း၊ ရင်ဘတ်တင်းကြပ်ခြင်းနဲ့ အသက်ရှုရခက်ခဲခြင်း စတာတွေ ဖြစ်လိမ့်မယ်။ အရင်က အဲ့လိုလက္ခဏာရပ်တွေကို နင် သတိမထားမိဘူးလား။”

လော့ဝေပင်း၏ မျက်နှာအမူအရာဟာ အနည်းငယ် ပြောင်းလဲသွားပြီး ဘေးတစ်ဖက်တစ်ချက်မှာ ချထားတဲ့ သူ့လက်တွေကို မသိစိတ်က လက်သီးအဖြစ် တင်းတင်းဆုပ်လိုက်မိသည်။

မှန်တယ်၊ သူ ဒါကို သတိမပြုမိဘူး။ အတိအကျပြောရရင် သူ ဒါကိုတွေ့ပေမယ့် စိတ်ထဲ မထားခဲ့မိဘူး။

သူ့အမြင်အရတော့ သူ့ညီမလေးရဲ့ ခန္ဓာကိုယ်ဟာ ငယ်ငယ်လေးကတည်းက အားနည်းတယ်။ ဒါ့အပြင် သူတို့မိဘတွေ ဆုံးပါးသွားချိန်မှာတော့ သူတို့နှစ်ဦးဟာ မလိုလားအပ်တဲ့ မိဘမဲ့ကလေးတွေလို ဆက်ဆံခံရကာ ထိုအပြုအမူတွေက ကလေးမလေးရဲ့ ခန္ဓာကိုယ်နှင့် စိတ်ကို ထိခိုက်စေခဲ့ပါသည်။

သူ့ညီမလေးဟာ ငယ်ငယ်လေးကတည်းက အေးအေးဆေးဆေး နေတတ်တဲ့ ကလေးမလေးဖြစ်ပြီး သူတို့မိဘတွေ ဆုံးပါးသွားချိန်မှာတော့ စကားသိပ်မပြောတော့ဘူး။ သူမှလွဲ၍ သူစိမ်းများကိုတွေ့သောအခါ သူမ ကြောက်ရွံ့ထိတ်လန့်တတ်သည်။

စုယန်ယန် ရည်ညွှန်းတဲ့ လက္ခဏာရပ်များသည် သူတို့မိဘတွေ ဆုံးပါးသွားပြီးနောက် သူ့ညီမလေး၏ အလွန်အမင်း ကြောက်ရွံ့ပြီး စိတ်ထိခိုက်လွယ်ခြင်းဟာ မိဘတွေ ဆုံးပါးပြီးနောက် ခံစားရတဲ့ နောက်ဆက်တွဲ အကျိုးရလဒ်တွေလို့ လော့ဝေပင်းဟာ အမြဲတွေးထားပေမယ့် ဒါတွေက သူ့ညီမလေးရဲ့ ရောဂါဝေဒနာကို ကြိုတင်သတိပေးတဲ့ လက္ခဏာရပ်တွေဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။

သူ့ညီမလေးဟာ သူမရဲ့ နာမကျန်းဖြစ်နေတာကို ဂရုတစိုက် ဖုံးကွယ်ထားကာ သူမ၏ ကိုယ်ပိုင်ကိစ္စများကြောင့် သူ့ကို မနှောင့်ယှက်ချင်ဘူး။

ဒါပေမယ့် ဒါက သူ့ရဲ့ တာဝန်ပျက်ကွက်မှုကို ဖုံးကွယ်ထားလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ညီမလေးရဲ့ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို ချက်ချင်း သတိပြုမိခဲ့မယ်ဆိုရင် ဆရာဝန်ဆီ စောစောသွားပြီး တတ်နိုင်သမျှ အမြန်ဆုံး ကုသမှု ခံယူစေလို့ရလေသည်။

တကယ်လို့ သူ့ညီမလေးသာ တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် သူ့ကိုယ်သူ ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။

စုယန်ယန်က ဒါကို တွေးမိပုံပါပဲ။ သူမက သက်ပြင်းကို တိုးတိုးလေးချပြီး ပြောလိုက်သည်၊ “ထားလိုက်ပါတော့။ အခုမှ ဒီအကြောင်းတွေ ပြန်ပြောနေတာ အဓိပ္ပါယ်မရှိဘူး။ ကလေးမလေးကို ကယ်တင်ဖို့ နည်းလမ်းကိုပဲ အရင်စဥ်းစားရအောင်။”

All Chapters