အခန်း ၃၇၉
Vol. 26 Ch. 379
အခန်း (၃၇၉) – ငါ နင့်ကို သင်ခန်းစာပေးပြမယ်
နျဉ်ချီလွေ့သည် စက္ကန့်အနည်းငယ်မျှ အံ့အားသင့်သွားပြီးနောက် ရှက်ဒေါသဖြစ်သွားခဲ့သည်။ “ငါ နင့်ကို နောက်ပြောင်နေတာ မဟုတ်ဘူး။”
“ငါလည်း နင့်ကို နောက်နေတာ မဟုတ်ဘူး။” စုယန်ယန်ကလည်း အပြစ်ကင်းစင်စွာ မျက်တောင်ခတ်ပြလိုက်သည်။
နျဉ်ချီလွေ့ အေးခဲသွားသည်။ သူက စုယန်ယန်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်ပြီးနောက် နောက်ဆုံးတွင် သူ လက်မြှောက်အရှုံးပေးလိုက်သည်။
သူက စုယန်ယန်၏ မျက်လုံးများကို ရှောင်ဖယ်ပြီး တီးတိုးပြောလိုက်သည်။ “ငါ နင့်ကိုတောင်းပန်တာနဲ့ နင် တကယ် သဘောတူပေးမှာလား။”
“နင် ကြိုးစားကြည့်နိုင်တယ်။ ဒါက ငါ့စိတ်ပေါ် မူတည်တယ်။”
“နင်” နျဉ်ချီလွေ့ ပေါက်ကွဲသွားပြန်သည်။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စူးစူးရဲရဲ ဆက်စိုက်ကြည့်နေကြသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် စုယန်ယန်သည် သူမ၏ အပြုံးကို မျိုသိပ်ပြီး စကားဆိုလိုက်သည်။ “ဒါဆို နင် တောင်းပန်မှာလား၊ မတောင်းပန်ဘူးလား။ တကယ်လို့ ဘာမှမပြောဘူးဆိုရင်၊ ငါ သွားတော့မယ်။”
စုယန်ယန်တစ်ယောက် ထွက်သွားတော့မည်ဟန်ပြင်တော့ နျဉ်ချီလွေ့က အလျင်စလို လှမ်းတားမြစ်လာသည်။ “ခဏနေပါဦး။”
“ဟမ့်”
“ကျေးဇူးပြုပြီး…”
နျဉ်ချီလွေ့၏ အသံသည် ခြင်အော်သံလောက်ပင် မကျယ်ပါ။ စုယန်ယန်၏ မျက်လုံးတွေက တလက်လက် တောက်ပသွားခဲ့သည်။ “ဘာလဲ။ ငါ ဘာမှ မကြားရဘူး။”
နျဉ်ချီလွေ့က သူမကို စိုက်ကြည့်လိုက်သည်။ “ကျေးဇူးပြုပြီး၊ ငါ မင်းကို တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ငါ့အစ်ကိုကို ကုသပေးပါ။ ဒါ အလုပ်ဖြစ်လား။”
စုယန်ယန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ “နင် တောင်းပန်နေတာကလည်း ကလဲ့စားချေဖို့ ရှာနေတာနဲ့တောင် တူနေတယ်။”
“ဒါဆို နင် သူ့ကို ကယ်ပေးမှာလား၊ မကယ်ပေးဘူးလား။”
“ငါ နင့်ကို မေးခွန်းတစ်ခုလောက် အရင်မေးပါရစေ။ နင် ပြန်ကောင်းလာတာနဲ့ နင် ဖျော်ဖြေရေးနယ်ပယ်မှာ ဆက်နေချင်သေးလား၊ ကြယ်ပွင့်လေးအဖြစ် ဆက်ရှိချင်သေးလား။”
နျဉ်ချီလွေ့ ကြက်သေ သေသွားသည်။ “ငါ…”
“နင် လုပ်ချင်လား မလုပ်ချင်ဘူးလား ဆိုတာကိုပဲ ငါ့ကိုပြော။”
“အင်း၊ ဒီသခင်လေးက လမ်းတစ်ဝက်မှာ လက်လျှော့သွားတဲ့လူမျိုး မဟုတ်ဘူးကွ။ ငါက ဂုဏ်ယူဝံ့ကြွားစွာ ပြန်လာမယ်လို့ ကတိပေးတယ်။”
“ကောင်းပြီ။ နင် အရင်က သုံးနှစ်စာ စာချုပ် လက်မှတ်ရေးထိုးထားတာ မဟုတ်လား။ နင်လည်း လော့ဝေပင်းရဲ့ အခြေအနေကို မြင်တာပဲ မဟုတ်လား။ ငါက ဆယ်နှစ်စာ စာချုပ်ကိုပဲ လက်ခံမှာပါ။”
စုယန်ယန်က ဒါကို တွေးထားပြီးသားပင်။ သူမရဲ့ ကုမ္ပဏီ မဖွံ့ဖြိုးခင်မှာ ဒီအလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို တတ်နိုင်သမျှ ကြိုတင် အာမခံချက် ရရှိအောင် ပြုလုပ်ထားရမည်။
နျဉ်ချီလွေ့က မတုံးအဘူး။ စက္ကန့်အနည်းငယ် ကြက်သေ သေသွားပြီးနောက် သူက ဒေါသတကြီး တုံ့ပြန်လာခဲ့သည်၊ “အကြံသမား၊ ကလေးကလားနိုင်တဲ့ကောင်၊ လူယုတ်မာ၊ စိတ်သဘောထားသေးသိမ်တဲ့သူ၊…”
စုယန်ယန်က သူ့ကို သူ့စိတ်တိုင်းကျ ဆူပူကြိမ်းမောင်းခွင့်ပြုထားသည်။ အရင်တုန်းက ဒီကောင်စုတ်လေးဟာ အရမ်းရယ်စရာကောင်းတယ်လို့ သူမ မသိခဲ့ရတာလဲ။ နျဉ်ချီလွေ့က စုယန်ယန်ကို အချိန်အတော်ကြာ ဆူပူကြိမ်းမောင်းပြီးနောက် ဆူပူကြိမ်းမောင်းဖို့ စကားအသစ်ကို ရှာမတွေ့တော့ဘူး။
နျဉ်ချီလွေ့ ဆူပူကြိမ်းမောင်းပြီးနောက် စုယန်ယန်က ရယ်မောရင်း ပြောခဲ့သည်၊ “ဒီကိစ္စက နင့်အတွက် သင်ခန်းစာယူစရာပဲ။ နောင်မှာ တခြားသူတွေပြောတာကို နားမထောင်ပါနဲ့၊ မဟုတ်ရင် နင် ကိုယ်ကိုယ်တိုင်နဲ့ နင့်မိသားစုကို ထိခိုက်နာကျင်စေမိရင် ဒါဟာ ကြီးမားတဲ့ ပြဿနာ ဖြစ်လာလိမ့်မယ်။”
နျဉ်ချီလွေ့၏ မျက်နှာအမူအရာဟာ အနည်းငယ် ပြောင်းလဲသွားသည်။ စုယန်ယန်သည် သူ ဝမ်ကျင့်ဖျင်၏ ပြောစကားပေါ် ယုံကြည်ပြီး သူ သူမကို ရိုင်းစိုင်းစွာ ပြုမူဆက်ဆံခဲ့တာကို ရည်ညွှန်းမှန်း သူ သိသည်။
အခြားရှုထောင့်မှ စဉ်းစားကြည့်လျှင် တစ်စုံတစ်ဦးမှ သူ့ကို အကြောင်းပြချက်မရှိဘဲ စော်ကားခဲ့ပါက၊ သူ့ကို စော်ကားသူ၏ အသက်ကို ကယ်တင်ပေးမိလိမ့်မည် မဟုတ်ပေ။
သူ စုယန်ယန်ကို လှောင်ပြောင်ပြောဆိုပြီးနောက် နာမကျန်းဖြစ်သွားတာ ကျေးဇူးတင်စရာပါပဲ။ မဟုတ်ရင်၊ ဝမ်ကျင်ဖျင့်၏ ဦးနှောက်ဆေးခြင်းကို သူ ခံရလိမ့်မယ်ဆိုတာ ယုံမှားသံသယမရှိစရာပင်။ စုယန်ယန်ကို သူ ဘာလုပ်မိမယ်ဆိုတာ သူ တကယ်ကို မသေချာဘူး။
မှန်ပါတယ်၊ ဒါဟာ ဦးနှောက်ဆေးခံရတာပါပဲ။
မကြာသေးမီက သူ နာမကျန်းဖြစ်နေသောကြောင့် အွန်လိုင်းပေါ်ရှိ အတင်းအဖျင်းများကို သူ ဂရုမစိုက်သော်လည်း သူ နာမကျန်းပြီးနောက် ဝမ်ကျင့်ဖျင်သည် ဘယ်လောက် ပြဿနာရှာခဲ့တယ်ဆိုတာကို ထုံးစံအတိုင်း သူသိသည်။
သူ စာများများဖတ်လေလေ၊ သူ့စိတ်တွေ ကြည်လင်လာလေလေပါပဲ။ ပြန်တွေးကြည့်ရင် လွန်ခဲ့သည့်လအနည်းငယ်က သူ့ကိုယ်သူတောင် ဟုတ်ပါရဲ့လောဟု တွေးမိလာခဲ့သည်။
သူ သူစိမ်းတစ်ယောက်ကို ဘာကြောင့် လွယ်လွယ်ကူကူ ချစ်မိသွားခဲ့ရတာလဲ၊ သူမ ပြောသမျှ ဘာဖြစ်လို့ လွယ်လွယ်ကူကူ ယုံကြည်မိတာလဲ။ သူသည် သူမကို နစ်နာသူကဲ့သို့ ရှုမြင်မိ၍ အနည်းငယ်သော သံသယစိတ်သည်ပင် အပြစ်ရှိကြောင်း နက်နဲသော ခံစားချက်နှင့် ယှဉ်တွဲလျက် ရှိနေရသနည်း။
အထူးသဖြင့် စုယန်ယန်က ဒီလိုပြောတာကို သူကြားတော့ သူ မကြောက်ရွံ့ဘဲ မနေနိုင်တော့ဘူး။
တကယ်လို့ သူသာ ဝမ်ကျင့်ဖျင်၏ စကားကို အမှန်တကယ် နားထောင်ပြီး စုယန်ယန်ကို ထိခိုက်နာကျင်အောင် လုပ်ခဲ့မိမယ်ဆိုရင် သူမက သူ့ကို ကယ်တင်ပေးပါ့မလား။ သူ့မိသားစုကို ကယ်တင်ပေးပါဦးမလား။