အခန်း ၃၈၀
Vol. 26 Ch. 380
အခန်း (၃၈၀) - ဝန်ထမ်းအကျိုးခံစားခွင့်
စုယန်ယန်သည် နျဉ်ချီလွေ့၏ မျက်နှာပေါ်မှ အကြောက်တရားကို မြင်လိုက်ရပြီး ဖြစ်ပျက်သမျှ သူသိနှင့်နေပြီဆိုတာကို သူမ သိလိုက်ရသဖြင့် ဒီခေါင်းစဉ်ကို ဆက်မပြောတော့ပေ။
“ဘာကိစ္စမှ မရှိတော့ဘူးဆိုရင်၊ ငါ ပြန်တော့မယ်။ နင် ကောင်းကောင်း အနားယူပါ။ နင် သက်သာလာတဲ့အခါ နင်နဲ့ စာချုပ်ချုပ်ဖို့ တစ်ယောက်ယောက်ကို ငါလွှတ်လိုက်မယ်။”
“ဟမ့်၊ မလိုဘူး။” နျဉ်ချီလွေ့က စိုးရိမ်တကြီး ပြောလိုက်သည်။ “အဲ့ကိစ္စကို မြန်မြန် လက်စသတ်ရအောင်။”
“နင် လက်မှတ်အရမ်းထိုးချင်နေပြီလား။”
နျဉ်ချီလွေ့ ပေါက်ကွဲလုမတတ် ဖြစ်သွားခဲ့သည်။ “နင်ပဲ လော့ဝေပင်းကို စာချုပ်ချုပ်ပြီးမှသာ သူ့ညီမကို ကုသပေးမယ်လို့ နင်ပြောခဲ့တာမဟုတ်လား။ တကယ်လို့ သူ စာချုပ် လက်မှတ်ထိုးတာ စောစောပြီးလေ နင် သူ့ညီမလေးကို စောစော ကုသပေးနိုင်လေလေ မဟုတ်လား။ အဲလိုပဲ ငါ့အစ်ကိုလည်း စောစော ကုသနိုင်လေလေ မြန်မြန် သက်သာလာလေလေပေါ့။”
စုယန်ယန် ပြုံးလိုက်သည်။ “ကောင်းပြီ။ ဒါဆို ငါ အစ်ကိုကျွင်းရှန့်ကို အမြန်ဆုံး ဆက်သွယ်ပေးမယ်။ နင် အရင်ဆုံး ကောင်းကောင်း အနားယူသင့်တယ်။ နင် မြန်မြန်သက်သာလာလေလေ၊ ကုမ္ပဏီက နင့်ကို ပိုတောက်ပလာအောင် ပျိုးထောင်ပေးနိုင်လေလေပဲ။”
“တွန့်တိုပြီး သဘောထားသေးသိမ်တဲ့ သူဌေးကသာလျှင် ငါတို့ကို ဘယ်လို အမြတ်ထုတ်ရမှန်း သိတယ်နော်…”
စုယန်ယန်သည် နျဉ်ချီလွေ့၏ မကျေနပ်မှုကို လျစ်လျူရှုပြီး ကျေနပ်စွာ ထွက်ခွာသွားခဲ့သည်။
နျဉ်ချီလွေ့၏ အခန်းမှ ထွက်လာပြီးနောက်တွင် နျဉ်ချီလွေ့၏ မန်နေဂျာက သူမနောက်သို့ လိုက်ပါလာကြောင်း သတိပြုမိလိုက်သဖြင့် အကျိုးအကြောင်း မေးမြန်းခဲ့သည်။
“ရှင် ဘာဖြစ်လို့ လိုက်လာတာလဲ။ ဘာကိစ္စရှိလို့လဲ။”
မန်နေဂျာ၏ မျက်နှာတွင် အပြုံးပန်းဝေဆာနေသည်။ “ကျွန်တော် ဥက္ကဌစုကို လိုက်ပို့ပေးမလို့ပါ၊ ဥက္ကဌစုကို လိုက်ပို့ပေးမလို့ပါ…”
စုယန်ယန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သိပ်စဉ်းစားမနေတော့ဘူး။ သို့တိုင်…
“ဥက္ကဌစု၊ ကျွန်တော် ခင်ဗျား ချီလွေ့နဲ့ တခြားသူတွေကို ဝန်ထမ်းအကျိုးခံစားခွင့်အကြောင်း ပြောနေတာကို ကြားလိုက်လို့ပါ၊ ကျွန်တော်လည်း ရနိုင်မလား…”
စုယန်ယန်တစ်ယောက် ဇဝေဇဝါဖြစ်ပြီး သူ့ကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။ “ရှင်က ဘာဖြစ်လို့လဲ။”
“ကျွန်တော်က အသက်ရလာပြီလေ။ လင်မယားချင်း အရမ်း လိုက်လျောညီထွေ မဖြစ်တော့ဘူး…”
နျဉ်ချီလွေ့၏ မန်နေဂျာသည် အသက်လေးဆယ်ကျော်အရွယ်ရှိပြီး လူလတ်ပိုင်း အမျိုးသားများစွာ၏ အသွင်အပြင်များကို ပိုင်ဆိုင်ထားသည်။ သူက အဆီပြန်၊ ထိပ်ပြောင်ပြီး ဘီယာဗိုက်တစ်လုံးကို ပိုင်ဆိုင်ထားသည်။ သူ ပြုံးလိုက်သောအခါ သူ့မျက်နှာပေါ်ရှိ အသားများသည် အနည်းငယ် တွန့်ကွေးသွားသည်။
သို့ရာတွင် ဤလူသည် ကြင်နာတတ်တဲ့လူမျိုး ဖြစ်ပါသည်။ နျဉ်ချီလွေ့ နာမကျန်းဖြစ်တဲ့အခါ သူက ဘေးမှာ အမြဲရှိပေးခဲ့ပါသည်။ နျဉ်ချီလွေ့ ပျက်ကွက်ခဲ့သော စာချုပ်များကို လွှဲပြောင်းပေးရန် အခြားလူသစ်တစ်ဦးကို ယူဆောင်ဖို့ သူ ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး။ သူက တာဝန်သိတတ်ပြီး သစ္စာရှိသော လူမျိုး ဖြစ်သည်။
သူပြောတာကိုကြားပြီးနောက် စုယန်ယန်သည် သူမနဖူးကို ပြန်ရိုက်ချင်မိသွားသည်။ သူမသည် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို ဖွင့်ထားဖြစ်ပြီး ကုသရန် ခက်ခဲသော ရောဂါများနှင့် မျိုးမပွားနိုင်သော ရောဂါများကို အထူးပြုသည့် ပုဂ္ဂလိကဆေးရုံကို ဖွင့်လှစ်ထားခြင်း မဟုတ်ပေ။
“ကောင်းပြီ၊ ကျွန်မ ဒီတစ်ပတ် အားလပ်ရက်ကျရင် ရှင့်ခန္ဓာကိုယ်အတွက် အားဖြည့်ပေးနိုင်မယ့် ဆေးဖက်ဝင်ဟင်းလျာအချို့ ပြုလုပ်ပေးပါတယ်။ တစ်ပတ်မှာ တစ်ခါ၊ ရှင့်ရောဂါက ပိုပြင်းထန်တယ်ဆိုရင် ဒီထက် အရှိန်ပိုမြှင့်သွားပေးမယ်။”
နျဉ်ခီ့လွေ့၏ မန်နေဂျာသည် ရိုးရှင်းပြီး ရိုးသားသော လူမျိုး ဖြစ်သည်။ သူက စုယန်ယန်၏ စကားများကို ကန့်ကွက်ခြင်း အလျဉ်းမရှိဘဲ အဲဒီအစား အနည်းငယ် ရင်ထဲ ထိရှသွားခဲ့ပါသည်။
ကုမ္ပဏီသူဌေးသည် သူ့ဝန်ထမ်းများ၏ အကျိုးခံစားခွင့်ကို အပြည့်အဝပေးဖို့ သူ့ကိုယ်ပိုင် အားလပ်ချိန်တွေကို ဖြုန်းတီးဖို့ ဆန္ဒရှိသည်။ ထိုကဲ့သို့သော သူဌေးကောင်းတစ်ဦးအတွက်သာဆိုရင် သူဟာ စွမ်းအင်ပြည့်ဝနေပြီး နောက်ထပ် အနှစ်ငါးရာလောက် အလုပ်ကြိုးစားနိုင်ပါသည်။
ကံကောင်းထောက်မစွာဖြင့် စုယန်ယန်သည် သူ့အတွေးတွေကို မသိပေ။ မဟုတ်ပါက သူမ သူ့ကို မကြိုက်နိုင်ပေ။ နှစ်ငါးရာဆို သူ ကွယ်လွန်သွားလောက်ပြီဖြစ်ကာ ထိုအချိန်အထိ ဤကဲ့သို့သော စွမ်းအင်ပြည့်နှက်နေဆဲဆိုပါက သူက ဘယ်သူ့ကို သေအောင် ခြောက်ဖို့ ကြိုးစားနေတာလဲ။
စုယန်ယန်သည် အပေါ်ထပ်မှ ဆင်းလာသောအခါ ဟောက်ချန်ဟွမ်းနှင့် မိသားစုနှစ်စုကြားရှိ စကားဝိုင်းသည် ပြီးလုနီးပါး ဖြစ်နေသည်။
သူတို့၏ မျက်နှာအမူအရာများသည် ပုံမှန်အတိုင်းဖြစ်နေပြီး သူတို့ ဘာတွေးနေတယ်ဆိုတာ ပြောရ ခက်ခဲပါသည်။
စုယန်ယန် လှေကားမှ ဆင်းလာတာကိုမြင်တော့ ဟောက်ချန်ဟွမ်း၏ မျက်နှာအမူအရာဟာ အနည်းငယ် ပျော့ပြောင်းသွားသည်။ သူက “အားလုံး အဆင်ပြေရဲ့လား” ဟု မေးမြန်းခဲ့သည်။
“အင်း၊ ကျွန်မတို့ အဆင်ပြေတယ်။ အိမ်ပြန်ရအောင်။”
“ကောင်းပါပြီ။”
ချီယွီရွှမ်းသည် သူတို့နှစ်ယောက် အိမ်ပြန်ဖို့ ပြင်ဆင်နေတာကိုကြားတော့ သူမသည် သူတို့ကို ဆက်နေဖို့ ဆွဲဆောင်ရန် ကြိုးစားခဲ့သည်။ “အချိန်က နောက်ကျပြီ။ ဘာဖြစ်လို့ ကျွန်မတို့နဲ့ အတူတူ ထမင်းစားမသွားတာလဲ။ အိမ်က စားဖိုမှုးက မကြာသေးခင်ကမှ အသစ်ရောက်လာတာလေ။ သူ့ဟင်းချက်လက်ရာ မင်းရဲ့ စားသောက်ဆိုင်လောက် မကောင်းပေမယ့် စားလို့ အဆင်ပြေပါသေးတယ်။”
စုယန်ယန်သည် မဆိုင်းမတွ ငြင်းဆိုခဲ့သည်။ “မစားတော့ပါဘူး၊ ကျွန်မတို့မှာ လုပ်စရာ ရှိသေးလို့ပါ။ ကျွန်မတို့ ဆက်မနေတော့ပါဘူး။”
ချီယွီရွှမ်းက တစ်ခုခု ပြောချင်နေသေးပေမယ့် သူမ၏ ခင်ပွန်းသည်က သူမကို တားမြစ်ခဲ့ပါသည်။ အဆုံး၌ သူမသည် စိတ်ပျက်လက်ပျက် ခေါင်းငိုက်စိုက်ကျကာ စုယန်ယန်တို့ နှစ်ယောက်သား ထွက်ခွာသွားသည်ကိုသာ ကြည့်နေခဲ့ပါသည်။
ချီအိမ်မှ ပြန်လာသည့်လမ်းတွင် စုယန်ယန်သည် ဟောက်ချန်ဟွမ်းအား ဤခရီးစဉ်မှ သူမ ရရှိခဲ့သည့် အရာများကို ပျော်ရွှင်စွာ ပြန်လည်မျှဝေခဲ့သည်။