အခန်း ၃၉၈
Vol. 27 Ch. 398
အခန်း (၃၉၈) - ခင်ပွန်းသည်က ယုံကြည်အားအကိုးရဆုံးဖြစ်နေဆဲပါပဲ
ဟောက်ချန်ဟွမ်းသည် သူ့ရဲ့ အခုန်မြန်နေသည့် နှလုံးသားကို အကောင်းဆုံးဖြစ်အောင် ဖိနှိပ်ထားဖို့ ကြိုးစားခဲ့ပြီး စကားခေါင်းစဉ်ကို ကျွမ်းကျင်စွာ ပြောင်းလဲခဲ့သည်၊ “မင်း ဘာဆက်လုပ်မှာလဲ။”
“စစ်ဆေးရေးဌာနကနေ ရလဒ်တွေ မထွက်လာသေးဘူး။ ကျွန်မတို့တွေက ဖြစ်ရပ်မှန်ကို အခုပဲ ထုတ်ပြန်ကြေငြာခဲ့မယ်ဆိုရင်တောင် လူတွေက ကျွန်မတို့ကို ယုံကြည်မှာ မဟုတ်သလို ကျွန်မတို့က တခြားသူတွေကို ရေထဲ တမင်ဆွဲချနေတယ်လို့ ထင်သွားကြလိမ့်မယ်။”
ဟောက်ချန်ဟွမ်းသည် တခဏတာမျှ ချင့်ချိန်တွေးဆခဲ့သည်။ “ဒါကို မဖြေရှင်းခင် ရလဒ်တွေ ထွက်လာတာကို စောင့်ရဦးမှာဆိုတော့ ကိုယ်တို့ ဒီအချိန်အတောအတွင်း မင်းအန်ကယ်လေးကို ရှာကြတာပေါ့။”
“ကျွန်မအန်ကယ်လေးလား။”
“လျှို့တာ့ချွေ့က ဉာဏ်မမီပေမယ့် အဲဒီစာကို ရေးသားဖို့ နည်းနည်းတော့ အားစိုက်ထုတ်ခဲ့တယ်။ သူ့စာထဲမှာ မင်းရဲ့ ဆိုင်က တားမြစ်ဆေးဝါးတွေကို မင်းရဲ့ ဟင်းလျာတွေထဲမှာ ထည့်သွင်းထားတယ်လို့ ရေးသားထားတယ်။ သူပြောသလို တားမြစ်ဆေးဝါးတွေ ထည့်ထားတာ မဟုတ်ပေမယ့် မင်းရဲ့ ဟင်းလျာတွေမှာ ဆေးဝါးတွေ ထည့်ထားတာတော့ အမှန်ပါပဲ။ တချို့လူတွေက ဒီအကြောင်းပြချက်ကို အသုံးမပြုဘူးလို့ မဆိုနိုင်ဘူး။”
ဟောက်ချန်ဟွမ်းက သူ့ဇနီးသည်ကို တစ်ချက်ကြည့်လိုက်သည်။ “မင်းရဲ့ တရုတ်ဆေးဖက်ဝင် ပါဝင်ပစ္စည်းတွေကို သုတေသနဌာနမှာ လေ့လာနေကြတယ်မလား။ သူတို့က အကျိုးသက်ရောက်မှု ဘယ်လောက်ထိ ထိရောက်တယ်ဆိုတာ တခြားသူတွေထက် ပိုသိနိုင်တယ်။”
စုယန်ယန်သည် ဉာဏ်အလင်းရသွားခဲ့သည်။ သူတို့စားသောက်ဆိုင်ရဲ့ ရှင်းလင်းချက်သည် မလုံလောက်နိုင်ကြောင်းကို ရုတ်တရတ် နားလည်သဘောပေါက်သွားခဲ့သည်။ ဒါပေမယ့် သုတေသနဌာနမှ သက်သေတစ်ခုကို ထပ်ဖြည့်လိုက်ရင် လူအများစု၏ ပါးစပ်ကို ရပ်တန့်သွားစေနိုင်သည်။
ဘာကြောင့် သူမရဲ့ အန်ကယ်လေးကို ကူညီဖို့ ရွေးခဲ့ရတာလဲဆိုတော့ သူမရဲ့ အဘိုးကြောင့်ပါပဲ။
သခင်ကြီးချိန်တို့လင်မယားဟာ သုတေသနဌာနရဲ့ ကျောရိုးတွေဖြစ်ကြပြီး အခု သုတေသနဌာနကို တာဝန်ယူနေတဲ့ လူတော်တော်များများက သူတို့ရဲ့ ဂျူနီယာတွေ ဖြစ်ကြသည်။
သူတို့၏ သားဖြစ်သူ ချိန်ကျွင်းဟောက်သည် နောက်ဆုံးတွင် သူ့မိဘများကဲ့သို့ တူညီသောလမ်းကို မရွေးချယ်ခဲ့သော်လည်း သုတေသနဌာန၏ တာဝန်ခံ အများစုမှာ သူ့ရဲ့ ငယ်ဘဝကစားဖော်များ ဖြစ်ကြသည်။
သူတို့ဆိုင်တွင် အသုံးပြုသော တရုတ်ဆေးဖက်ဝင်အပင်များ၏ ဆေးဖက်ဝင် အာနိသင်များ အသေးစိတ် ရှင်းလင်းချက်များကို ထုတ်ပြန်ပေးဖို့ သူတို့အား တောင်းဆိုရန်မှာ သူ့အတွက် မခက်ခဲပါ။
သုတေသနပရောဂျက်များတွင် ထည့်သွင်းထားသော တရုတ်ဆေးဖက်ဝင်အပင်များအား လူသိများလာစေရန် ဤအခွင့်အရေးကိုပင် အသုံးပြုနိုင်ပါသေးသည်။ အများပြည်သူအတွက် အကျိုးရှိစေမည့် တရုတ်ဆေးဝါးများအား ဖွံ့ဖြိုးတိုးတက်စေရန် သူတို့ အစွမ်းကုန် ကြိုးစားခဲ့ကြသည်။ ဒါဟာ သူ့အကျိုးရှိ ကိုယ့်အကျိုးရှိ အခြေအနေပါပဲ။
“ရှင်က အရမ်းစဉ်းစားတတ်တာပဲ။ အန်ကယ်လေးက ကျွန်မတို့ဆိုင်ရဲ့ ဒုတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံသူဆိုတော့ အခု စားသောက်ဆိုင်မှာ တစ်ခုခုဖြစ်သွားတော့ သူ့အပိုင်းကို သူလုပ်ရမှာပေါ့။ ကျွန်မ သူ့ကို အခုပဲ ဖုန်းခေါ်လိုက်မယ်။”
စုယန်ယန်က ပြောရင်းဆိုရင်း သူမသည် ချိန်ကျွင်းဟောက်ကို အကူအညီတောင်းရန် ပြေးသွားခဲ့သည်။ လမ်းတစ်ဝက်တွင် သူမသည် ရုတ်တရက် ပြန်လှည့်လာပြီး ဟောက်ချန်ဟွမ်းကို ပွေ့ဖက်နမ်းရှုံ့လိုက်သည်။
“ကျွန်မခင်ပွန်းလေး၊ ရှင်က အယုံကြည်ရဆုံးပဲ။ ရှင်သာ အနားမှာရှိရင် ကျွန်မ ဘာကိုမှ မကြောက်တော့ဘူး။” သူ့ကို ချီးမွမ်းပြောဆိုပြီးနောက် စုယန်ယန်သည် တခစ်ခစ် ရယ်မောကာ ပျော်ရွှင်စွာ ပြေးသွားခဲ့သည်။
ဟောက်ချန်ဟွမ်းသည် စက္ကန့်အနည်းငယ်မျှ မှိန်းမောတွေဝေမိနေပြီး သူမ နမ်းရှိုက်သွားသော သူ့နှုတ်ခမ်းများကို ထိရန် သူ့လက်ကို မသိစိတ်က ဆန့်ထုတ်လိုက်မိသည်။ စုယန်ယန်၏ နောက်ကျောကို ကြည့်ကာ သူ့နှုတ်ခမ်းတွေက ပြုံးသွားခဲ့သည်။
ချစ်ခင်ယုယကြင်နာနေသော စုံတွဲသည် မဝေးလှသော လှေကားထောင့်ကို သတိမထားမိပေ။ ဦးလေးကျန်းသည် ငယ်ရွယ်သော စုံတွဲအား စိုက်ကြည့်နေမိသည်။ နောက်ဆုံးတွင် သူမွေးမြူထားသော ဝက်သည် ဂေါ်ဖီထုပ်လေးကို ဘယ်လို ဂရုစိုက်ရမယ်ဆိုတာကို သိသွားသောကြောင့် သူ့မျက်နှာပေါ်တွင် စိတ်ကျေနပ်သော အပြုံးတစ်ခု ရှိနေလေသည်။
သခင်လေးနှင့် သခင်မလေးတို့ရဲ့ ဆက်ဆံရေးက တကယ့်ကို ကောင်းမွန်လွန်းတာကြောင့် သိပ်မဝေးတော့တဲ့ အနာဂတ်မှာ သတင်းကောင်း ကြားရလိမ့်မယ်လို့ သူယုံကြည်တယ်။
ထိုအချိန်တွင် သခင်လေးတစ်ယောက် မတ်တပ်ပြန်ရပ်နိုင်ပြီး သခင်ငယ်လေးကို အပြင်မှာ ကစားဖို့ ခေါ်သွားနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။
ထိုမြင်ကွင်းကို တွေးရင်း ဦးလေးကျန်းသည် သူ့မျက်နှာပေါ်တွင် အပြုံးရိပ် ထင်ဟပ်နေသော်လည်း သူ့မျက်လုံးတွေကတော့ နီရဲနေခဲ့သည်။
ချိန်ကျွင်းဟောက်သည် စုယန်ယန်၏ စားသောက်ဆိုင်တွင် ရင်းနှီးမြှုပ်နှံမှု အနည်းငယ်သာ ပြုလုပ်ခဲ့ပြီး သူ့ရဲ့ နာမည်ကို အသုံးပြုခဲ့သော်လည်း စားသောက်ဆိုင်၏ အရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။
သို့သော် ဤကိစ္စသည် ရုတ်တရက် အကြီးအကျယ်ဖြစ်လာပြီး သူထံ လျင်မြန်စွာပင် လေတိုက်၍ ထိုအကြောင်းကို သိရှိသွားခဲ့သည်။
စုယန်ယန်က သူ့ကို ဆက်သွယ်လိုက်တဲ့အခါ သူလည်း သူမကို ဖုန်းခေါ်တော့မလိုပင်။
ဇာတ်လမ်းတစ်ခုလုံးကို ကြားသိရပြီးနောက် စုယန်ယန်၏ အကူအညီတောင်းမှုကို သူက ချက်ချင်းဆိုသလိုပင် သဘောတူခဲ့သည်။ ဖုန်းချပြီးနောက် သူသည် သုတေသနဌာရှိ သူ့သူငယ်ချင်းတွေထံ ချက်ချင်း ဖုန်းခေါ်ဆိုကာ အဆိုပါ တရုတ်ဆေးဖက်ဝင်အပင်များဆိုင်ရာ သုတေသီများကို ရှာဖွေခဲ့ပြီး ဆေးဖက်ဝင်အပင်များနှင့် ယင်းကိစ္စကို ရှင်းလင်းပေးရန် အကူအညီတောင်းခဲ့သည်။