အခန်း ၄၀၁
Vol. 27 Ch. 401
အခန်း (၄၀၁) - ဒါဟာ ငွေညှစ်ခြင်းမဟုတ်ပါလား
ကြည့်ရှုသူများနှင့် သူမ၏ ပရိသတ်တွေဟာ ဒါတွေကိုမြင်တော့ သူတို့ စိတ်သက်သာရာ ရသွားကြသည်။ သူတို့သည် တစ်စုံတစ်ယောက်ကို မျက်နှာဖြတ်ရိုက်ဖို့ ဒီအရာကို သုံးသင့်သလားဟု တွေးနေချိန်တွင် တတိယပို့စ်ကို တွေ့လိုက်ရသည်။
(တင်ဆက်သူယန်ယန် - မကြာသေးမီက ကျွန်မတို့ဆိုင်ကို ပြဿနာလာရှာသူများစွာနှင့် စပ်လျဉ်း၍ အကျဉ်းချုပ် ရှင်းပြချင်ပါတယ်။ အရင်ဆုံး လွန်ခဲ့တဲ့ တစ်ပတ်က လူလတ်ပိုင်း အမျိုးသမီးတစ်ဦးဟာ ညနေ ၄ နာရီခွဲခန့်မှာ ကျွန်မတို့ဆိုင်ကို ရောက်လာခဲ့ပြီး နေ့လည်က ကျွန်မတို့ဆိုင်ရဲ့ ဆေးဖက်ဝင်ဟင်းလျာကို စားသုံးပြီးနောက် ဗိုက်နာတယ်လို့ဆိုခဲ့ပြီး ကျွန်မတို့ရဲ့ အစားအစာတွေက မသန့်ရှင်းဘူးလို့ စွပ်စွဲခဲ့ပါတယ်။ သူမက မသန့်ရှင်းတဲ့ အစားအစာတွေကြောင့် လျော်ကြေးပေးရန် ပြောခဲ့ပြီး တောင်းပန်ခိုင်းခဲ့ပါတယ်။)
(ကျွန်မရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုပြီးတော့ ဆေးဖက်ဝင်ဟင်းလျာတွေကို စားသုံးဖို့ ဆိုင်ကို ရောက်လာကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေက ကျွန်မတို့ဆိုင်မှာ ကိုယ်ရေးကိုယ်တာ အထောက်အထားနဲ့ ကြိုတင်မှာယူမှုစနစ်ကို အသုံးပြုကြောင်း သိရှိမယ်လို့ထင်ပါတယ်။ ကြိုတင်မှာယူထားတဲ့လူအတွက် ပေးထားတဲ့ နံပါတ်နဲ့ စားသောက်ဆိုင်ကို ရောက်လာပြီးရင် အထောက်အထား မှန်ကန်ကြောင်း အတည်ပြုပြီးမှသာ ဆေးဖက်ဝင်ဟင်းလျာတွေကို သုံးဆောင်နိုင်ပါတယ်။ ကျွန်မတို့ဆိုင်ရဲ့ ဝန်ထမ်းက အမှာစာနဲ့ ပြေစာကို ပြသပေးဖို့ တစ်ဖက်လူကို တောင်းဆိုခဲ့ပေမယ့် တစ်ဖက်လူက ငြင်းဆိုခဲ့ပါတယ်။ ကျွန်မတို့ဆိုင်ဝန်ထမ်းက ကူကယ်ရာမဲ့စွာနဲ့ ရဲကို ဖုန်းဆက်အကြောင်းကြားရန်မှတပါး အခြား ရွေးချယ်စရာ မရှိခဲ့ဘူး။ သို့ပေမယ့် ရဲတပ်ဖွဲ့ထံမှ အကြံပြုချက်အပေါ် အခြေခံပြီး သတင်းအချက်အလက်ကို ပြန်လည်စစ်ဆေးကြည့်ခဲ့ရာ အဲဒီအမျိုးသမီးရဲ့ ကြိုတင်မှာယူမှုကို ထိုနေ့ နေ့လည်ပိုင်းမှာ လက်ခံရရှိခဲ့ခြင်းမရှိကြောင်း တွေ့ရှိခဲ့ပါတယ်။)
ဒီဖြေရှင်းချက်ဟာ အမှန်ဖြစ်ကြောင်း ထောက်ခံသည့် အချက်မှာ ရဲတပ်ဖွဲ့ ထုတ်ပေးသည့် လက်မှတ်အပြင် အဆိုပါ အမျိုးသမီး ပြဿနာလာရှာခဲ့ပြီး ရဲတပ်ဖွဲ့မှ ခေါ်ဆောင်သွားခြင်းခံရသည့် အမျိုးသမီး၏ အချိန်နှင့် တပြေးညီ ဗီဒီယိုကြောင့် ဖြစ်လေသည်။
စုယန်ယန်၏ စကားများသည် ကျိုးကြောင်းဆီလျော်မှု မရှိဘဲ လုပ်ကြံပြောဆိုထားတယ်လို့ ထင်မြင်ယူဆကြသူတွေ ရှိနေဆဲ ဖြစ်ပေမယ့် လူအများစုကတော့ ယုံကြည်ဖို့ ရွေးချယ်နေကြဆဲပါ။
(နောက်သုံးရက်အကြာ၊ ပြောချင်တာက လွန်ခဲ့သော လေးရက်ခန့်က ကျွန်မတို့ဆိုင်က အမျိုးသားတစ်ဦး ဟင်းလျာတွေ မှာစားဖို့ ရောက်လာခဲ့တယ်။ သူက စားသောက်နေစဉ်မှာပင် ကျွန်မတို့ဆိုင်ရဲ့ အစားအစာ သူ့ဟင်းပွဲထဲမှာ ပိုးဟပ်တွေ့တယ်လို့ ကွန်ပလိန်းတက်ခဲ့ပါတယ်။ အဲ့တာကြောင့် ကျွန်မတို့ စီစီတီဗီကို ပြန်စစ်ကြည့်ချိန်မှာ သူ့ပန်းကန်ထဲ ပိုးဟပ်ကို သူကိုယ်တိုင် ထည့်လိုက်တာကို တွေ့လိုက်ရပါတယ်။)
အကောင်းဆုံး သက်သေကတော့ အဲဒီနေ့က ကြောက်လန့်တကြား ထွက်ပြေးသွားတဲ့ အဆိုပါ အမျိုးသားရဲ့ စီစီတီဗီမှတ်တမ်းပါပဲ။
အဆိုပါ ဗီဒီယိုကိုမြင်ပြီးနောက်၊ ပြောဆိုရန် အသင့်ဖြစ်နေကြသည့် ကီးဘုတ်ဖိုက်တာများသည်လည်း ငြိမ်သက်သွားခဲ့ရသည်။ အဆိုပါလူသည် သေချာပေါက် မိုက်မဲလှတဲ့ ဝက်လိုအသင်းဖော်ပါပဲ။
(နောက်ဆုံးအနေနဲ့ ကျွန်မတို့ဆိုင်ရဲ့ ဆေးဖက်ဝင်ဟင်းလျာက တစ်စုံတစ်ယောက်ရဲ့ အသက်ကို သေစေခဲ့တယ်လို့ စွပ်စွဲပြောဆိုတဲ့ အမျိုးသားတစ်ယောက် လွန်ခဲ့တဲ့ သုံးရက်လောက်က ဆိုင်ကို ရောက်လာခဲ့တယ်။ အဲဒီမတော်တဆမှုဖြစ်ပြီးနောက်မှာ သူ့အထောက်အထားကို ကျွန်မတို့ရှာတွေ့ခဲ့ပြီး သူက ကျွန်မတို့ဆိုင်မှာ နှစ်ကြိမ်တိုင်တိုင် စားသုံးခဲ့ဖူးကြောင်း အတည်ပြုရရှိခဲ့တယ်။)
ထိုစကားကို ကြားလိုက်ရသော အရှုံးမပေးလိုသည့် ကီးဘုတ်ဖိုက်တာ အများအပြားသည် သူတို့ရဲ့ မျက်လုံးတွေ တောက်ပလာခဲ့ပြီး သူတို့အတွက် မျှော်လင့်ချက် လင်းရောင်ခြည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
သို့ရာတွင် စုယန်ယန်၏ ဒုတိယပိုင်း ရှင်းလင်းချက်သည် သူတို့ရဲ့ မျှော်လင့်ချက်ကို လုံးဝ ပျက်စီးသွားစေခဲ့သည်။
(သူ့ရဲ့ ပြောကြားချက်အရ၊ ကျွန်မတို့စားသောက်ဆိုင်ရဲ့ ဆေးဖက်ဝင်ဟင်းလျာကို စားသုံးပြီးနောက် သေဆုံးသွားတဲ့သူက သူ့ရဲ့ အမေ အသက် ခုနစ်ဆယ်ကျော် အဘွားအိုတစ်ဦးဖြစ်တယ်။ ဒီစွပ်စွဲချက်မှာ ဆိုးရွားလွန်းတဲ့ အချက် နှစ်ချက် ရှိပါတယ်။ ပထမတစ်ချက်၊ ကျွန်မတို့ဆိုင်ကို လာရောက်စားသုံးတဲ့ စားသုံးသူတွေကို မိမိတို့စိတ်ကြိုက် အစားအသောက် မှာကြားခွင့်မပြုကြောင်း ထပ်ခါတလဲလဲ အလေးပေးပြောဆိုခဲ့ပါတယ်။ ကျွန်မတို့ဆိုင်က ရှင်တို့ခန္ဓာကိုယ်အတွက် သင့်တော်တဲ့ ဆေးဖက်ဝင်ဟင်းလျာများကိုသာ သီးသန့်ပြင်ဆင်ပေးနိုင်ပါတယ်။ ရှင်တို့အတွက် ပြင်ဆင်ပေးထားတဲ့ ဟင်းလျာကို ရှင်တို့ကိုယ်တိုင်ပဲ စားသုံးနိုင်မှာဖြစ်ပြီးတော့ အခြားသူတွေ စားသုံးလို့မရပါဘူး၊ လွှဲပြောင်းပေးလို့ မရပါဘူး။ ဒီလိုမှမဟုတ်ရင်၊ ရှင်တို့ကိုယ်တိုင် ဖြစ်လာမယ့် အကျိုးဆက်တွေကို တာဝန်ယူရပါလိမ့်မယ်။)
(ဒီအကြောင်းကို ကျွန်မရဲ့ အရင်ပို့စ်တွေကို သေသေချာချာ ပြောဆိုပေးထားတဲ့အပြင် ကျွန်မတို့ဆိုင်ရဲ့ အပြင်ဘက်မှာ သတိပြုရမယ့်အချက်တွေ ထားရှိပေးထားခဲ့ပြီး စားသောက်ဆိုင်အတွင်း လက်ကမ်းစာစောင်များမှာလည်း ဒီအချက်ကို မီးမောင်းထိုးပြထားပါတယ်။ ဒါပေမယ့် ဒီဧည့်သည်က သူ့မိသားစုစားဖို့ သီးသန့်ထုတ်ပိုးယူဆောင်သွားခဲ့တယ်။ သူ့ရဲ့ ဒီလိုလုပ်ရပ်က ကျွန်မကို အလွန်သံသယဖြစ်စေတယ်။)
(အဲဒီအကြောင်းကို ကျွန်မ သံသယဖြစ်နေတာနဲ့ ကျွန်မတို့တွေ ရဲတွေနဲ့အတူ အဲဒီလူရဲ့ အမေ တက်ခဲ့တဲ့ ဆေးရုံကို သွားခဲ့ပြီး မသေဆုံးခင်က ကုသမှု အစီရင်ခံစာကို တောင်းယူကြည့်ရှုခဲ့ကြတယ်။ အဲဒီအစီရင်ခံမှာ လူနာရဲ့ အသည်းဟာ ဆိုးဆိုးရွားရွား ပျက်စီးနေကြောင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခဲ့ပြီး လွန်ခဲ့သော တစ်လခန့်ကပင် သူမမှာ ဆိုးရွားတဲ့ အခြေအနေရှိကြောင်း ရေးသားထားတယ်။ ဆရာဝန်ရဲ့ ခန့်မှန်းချက်အရ သူမရဲ့ ကိုယ်တွင်းအင်္ဂါတွေက နောက်လဝက်အတွင်း တဖြည်းဖြည်းချင်း ယိုယွင်းပျက်စီးလာပြီး သေဆုံးသွားလိမ့်မယ်လို့ပြောထားတယ်ရှင့်။)
လူတော်တော်များများက ဒါကိုမြင်တော့ ပင့်သက်ရှိုက်ကုန်ကြသည်။ ဤသည်မှာ ဟိုးယခင်ကပင် သေဆုံးတော့မည်ဖြစ်ကြောင်း သတိပေးခံထားရတဲ့ အဘွားအိုတစ်ယောက်အတွက် တရားခံရှာဖွေခြင်း ဖြစ်လေသည်။ အခု သေဆုံးမှုအတွက် တာဝန်ယူရမယ့်လူကို ရှာဖွေနေတာပဲ မဟုတ်ပါလား။ ဒါက… ခြိမ်းခြောက်ငွေညှစ်ခြင်းပဲ မဟုတ်ပါလား။