အခန်း ၄၁၂
Vol. 28 Ch. 412
အခန်း (၄၁၂) - ဟိုလိုဂရပ်ဖစ်ဂိမ်း၏ ထောက်ခံကြေညာချက်
အကောက်ကြံသည့် စီးပွားရေး ပြိုင်ပွဲ ပြီးဆုံးသွားပြီး သိပ်မကြာခင်မှာပဲ စားသောက်ဆိုင်ကို ပြန်ဖွင့်ခဲ့လေသည်။
လူနာရှင်များရဲ့ မိသားစုဝင် တချို့သည် ဆိုင်တံခါးရှေ့သို့ သူတို့ ကိုယ်တိုင်ပင် ရောက်လာခဲ့ကြသည်။ သူတို့က ပဟေဠိဆန်သော မန်နေဂျာကို ရှာတွေ့ရန် ဟူသော မျှော်လင့်ချက်ဖြင့် ဆိုင်ဝန်ထမ်းများထံမှ သတင်း အချက်အလက်တွေ ရဖို့ ကြိုးစားနေခဲ့သည်။
စားသောက်ဆိုင်ထဲက ပြဿနာကို ဖြေရှင်းပြီးခဲ့ပြီ ဖြစ်သော်လည်း တုန်ချမ်းမှာတော့ စုယန်ယန် အတွက် အပြီးဖြတ်စရာ ကိစ္စ များစွာ ကျန်နေဆဲပင်။
လော့ဝေပင်းသည် မူလ အေဂျင်စီနှင့် ချုပ်ထားသော စာချုပ်၏ နောက်ဆုံးနေ့ အထိ တင်းခံနေခဲ့သည်။ သူ့မန်နေဂျာရဲ့ ဒေါသအကြည့်အောက်မှာ သူ့မူလအေဂျင်စီနှင့် ချုပ်ထားသော စာချုပ်ကို သူ ဖျက်သိမ်းလိုက်သည်။
" ကျွန်တော် ထွက်လာတော့ ချန်ပုရဲ့ အမူအရာကြီးက တကယ့်ကို အရုပ်ဆိုးနေလိုက်တာ ဆိုတာဗျာ။ သူ့ပုံစံက ကျွန်တော့်ကို အရှင်လတ်လတ် အရေခွံ နွှာတော့မယ့် အတိုင်းပဲ။ လာမယ့် ရက် အနည်းငယ် အတွင်း သူ ပြဿနာရှာမှာကို ကျွန်တော် စိုးရိမ်နေမိတယ်။ "
လော့ဝေပင်းမှာ သူ့မန်နေဂျာနှင့် ပတ်သက်ပြီး ဒွန်တွဲရောထွေးနေသော ခံစားချက်များ ရှိသည်။
သူ့ဘဝရဲ့ အခက်ခဲဆုံး အချိန်မှာ ရောက်နေစဉ်တုန်းက သူ့ကို ရှာတွေ့ခဲ့ပြီး ထူးဆန်းသော ဤအသိုင်းအဝိုင်းထဲသို့ ပို့ပေးခဲ့သူ ၊ သူ့ကို စားစရာ ပေးခဲ့သူဟာ ထိုလူပဲ ဖြစ်သည်။
သို့သော် တစ်ချိန်တည်းမှာပဲ သူ့ကို ပြန်လမ်းမဲ့သော အနေအထား ရောက်အောင် တွန်းပို့လုနီးပါး ဖြစ်ခဲ့တာကလည်း ထိုလူပဲ ဖြစ်နေပြန်သည်။
ထိုလူ့ဆီမှာ သူ ကျေးဇူးကြွေး တစ်ခု တင်နေပေမဲ့ ဒီနှစ်တွေ တစ်လျှောက်လုံး ထိုလူ့လက်အောက်မှာ သူ နာခံစွာ အလုပ် လုပ်ပေးခဲ့သည်။ ထိုလူ့အတွက် သူ ယူဆောင်ပေးခဲ့သော အကျိုးအမြတ်များသည် သူ့အပေါ် ပြသခဲ့သော ထိုလူ့ရဲ့ ကြင်နာမှုကို အကြွေး ပြန်ဆပ်ရန် လုံလောက်သည်။
" ကိစ္စ မရှိပါဘူး။ ရှင့်ကို သူ ထိရဲ ထိကြည့် ၊ ကျွန်မတို့ တုန်ချမ်းက ဒီတိုင်း လက်ပိုက် ကြည့်နေမှာ မဟုတ်ဘူး။ "
လော့ဝေပင်းကို တာဝန်ယူစီမံပေးခဲ့သည့် ယခင် ကုမ္ပဏီကို စုယန်ယန် အမြင် မကြည်လင်ပေ။ အထူးသဖြင့် သူ့မန်နေဂျာဟောင်းပဲ။
သူတို့ အေးအေးဆေးဆေး နေ,နေကြတယ် ဆိုလျှင် ကိစ္စ မရှိသော်လည်း တုန်းချမ်းမှ လူတွေကို သူတို့ ရာရာစစ လာထိပါးရဲကြတယ် ဆိုလျှင်တော့ သူတို့ကို အထိနာအောင် ပြန်မလုပ်ပါက သူမရဲ့ မျိုးရိုးနာမည်ဟာ စု ဖြစ်နေတော့မှာ မဟုတ်ပါဘူး။
" ဒီရက် အနည်းငယ် အတွင်း ချီချီရော နေကောင်းရဲ့လား။ "
လော့ဝေပင်း၏ ညီမလေး နာမည် အပြည့်အစုံက ရွှယ်စစ်ချီပါ။ စုယန်ယန်သည် သူမလေးကို လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက စတင် ကုသပေးနေခဲ့သည်။
သူမရဲ့ အခြေအနေက အတော်လေး ပြင်းထန်နေခဲ့တာမို့ အရေးပေါ် အဖြစ် သတ်မှတ်လို့ ရသည်။ သူမလေးသည် ဆေးဝါး တချို့ကို ပထမဆုံး သောက်ရန် လိုအပ်ပြီး ထိုဆေးများကို သောက်ပြီးနောက် အားပြန်ပြည့်စေမည့် အားဆေးများကို တိုက်ခဲ့ရသည်။
ရိုးရှင်းတဲ့ တရုတ်ဆေးဝါးတွေ ဆိုတာ ဆေးဖက်ဝင်ဟင်းလျာနဲ့ မတူညီပါ။ အရသာက ခါးသက်သက် ဖြစ်ကာ ငါးကို စားရသလို အနံ့ အရသာ ရှိသည်။ ကလေးတွေ နေနေသာသာ အရွယ်ရောက်ပြီးသား လူကြီးတွေတောင် ထိုဆေးကို သောက်ချင်စိတ် မရှိလောက်ပါဘူး။
သို့သော်လည်း ကလေးမလေးသည် အံ့ဩစရာကောင်းစွာဖြင့် လိမ္မာရေးခြားရှိနေခဲ့သည်။ သူမရဲ့ ပါးဖောင်းဖောင်းလေးထဲကို လက်ချောင်းလေး နစ်ဝင်သွားအောင် တို့ထိကြည့်ချိန် ၊ သို့မဟုတ် ဆေးသောက်ခိုင်းချိန်မျိုးမှာတောင် သူမက တစ်ခါမှ မငိုခဲ့တဲ့အပြင် သူမရဲ့ အစ်ကိုဖြစ်သူကိုပင် ပြန်နှစ်သိမ့်ပေးခဲ့သည်။
သူမကို ဆေးထိုးအပ်နှင့် ဆေးထိုးကာ ဆေးခါးကြီးကို သောက်စေခဲ့သော မိန်းကလေးကလည်း သူမအပေါ် အလွန် ကြင်နာသည်။ သူမလေးက စုယန်ယန်ကို အစ်မယန်ယန်ဟု နူးညံ့စွာ ခေါ်ပြီး ကျေးဇူးတင်စကား ပြောလေ့ရှိသည်။ သူမလေး၏ အလွန် သိတတ်လိမ္မာခြင်းက လူ တစ်ယောက်၏ နှလုံးသားကို အရည်ပျော်သွားစေခဲ့သည်။
ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့ ကောင်မလေး တစ်ယောက်ကို သဘောမကျတဲ့ လူရယ်လို့ ရှိလို့လား။ စုယန်ယန်မှာ ခြွင်းချက် ဆိုတဲ့ အရာမျိုး မရှိပါ။ သူမတို့ အကြိမ် အနည်းငယ်သာ တွေ့ခဲ့ဖူးသော်လည်း ဒီကလေးမလေးကို သူမ ချစ်ခင်သွားမိပြီ ဖြစ်သည်။
သူ့ညီမလေး အကြောင်းကို ပြောလိုက်တော့ လော့ဝေပင်းရဲ့ အမူအရာက နူးညံ့သွားခဲ့သည်။ သူ ခပ်ဖွဖွ ပြုံးရင်း ပြောလိုက်သည်။ " သူမ အများကြီး သက်သာသွားပါပြီ။ လွန်ခဲ့တဲ့ ရက် အနည်းငယ် အတွင်း သူမ အများကြီး သက်သာလာပြီ။ သူမ မကြာခဏ အသက်ရှူကျပ်နေခဲ့တဲ့ နောက်ဆုံး တစ်ခေါက်လို မဟုတ်တော့ဘူး။ သူမဆီ ကျွန်တော် မနေ့တုန်းက သွားလည်တော့ သူမရဲ့ အသားအရေကလည်း အရင်လို ဖြူဖျော့မနေတော့ဘဲ တော်တော်လေး သွေးရောင်လွှမ်းလာပြီ။ အခုဆို သူမ ကိုယ်တိုင်တောင် ထမင်း စားနိုင်နေပြီ။ "
" အဲ့ဒါ ကောင်းတယ် ဆိုပေမဲ့ ရှင် အချိန် အတိုင်းအတာ တစ်ခုထိတော့ ဆေးတိုက်နေဖို့ လိုလိမ့်ဦးမယ်နော်။ ကလေးတွေ ဆိုတာ ကျန်းမာရေး အခြေအနေ အားနည်းတတ်တော့ သူတို့က အာဟာရတွေ ပိုလိုအပ်ကြတယ်။ "
လော့ဝေပင်းက ဖျတ်ခနဲ ခေါင်းညိတ်လိုက်သည်။ " ကျွန်တော် သူမကို မျက်ခြည်မပြတ် ဂရုစိုက်လိုက်ပါ့မယ်။ "
လော့ဝေပင်းက တခြား မည်သူမဆိုထက် သူ့ညီမလေးကို ဂရုစိုက်ကြောင်း စုယန်ယန် နားလည်သောကြောင့် ဘာမှမပြောတော့ဘဲ သူ့ရှေ့သို့ စာချုပ်စာတမ်း တစ်ခုကို တွန်းပို့ပေးလိုက်သည်။
" ဒါက … "
" ရှင့်အတွက် ကြော်ငြာ အသစ် တစ်ခုကို ကုမ္ပဏီက လက်ခံပေးထားတယ်။ "
" ဂိမ်းကြော်ငြာလား။ " လော့ဝေပင်းသည် ပုဂ္ဂိုလ် A ကို တအံ့တဩ ကြည့်လိုက်သည်။
ဂိမ်းတွေကို ထောက်ခံကြေညာပေးသော အနုပညာရှင်တွေ အများအပြား ရှိသော်လည်း ဒီတစ်ခုနဲ့ ယှဉ်လိုက်လျှင် အနုပညာရှင် အများစုက လျှပ်စစ် ထုတ်ကုန်ပစ္စည်းတွေ ၊ သို့မဟုတ် ဇိမ်ခံ လက်ဝတ်လက်စား ပစ္စည်းတွေ အတွက် ထောက်ခံကြေညာပေးရတာကိုပဲ သေချာပေါက် ပိုနှစ်သက်ကြသည်။
ဤထောက်ခံကြေညာပေးခြင်း စာချုပ်ကို လော့ဝေပင်း မြင်သွားချိန်မှာ သု့ရဲ့ ပထမဆုံး တုန့်ပြန်မှုက ဘော့စ်ဟာ သူ့ကို ကုမ္ပဏီ တစ်ခုနဲ့ လက်မှတ်ထိုးခိုင်းပြီး သရုပ်ဆောင်လုပ်ငန်းကို စတင်ခိုင်းတာလား ဟူ၍ ဖြစ်သည်။
သို့သော် ထိုအချိန်မှာပဲ စုယန်ယန်၏ စကားများက သူ့အထင်ကို တက်တက်စင်အောင် လွဲသွားစေခဲ့သည်။
" အင်း ၊ ဒါက ဂိမ်း တစ်ခု အတွက် ထောက်ခံကြေညာပေးရမှာလေ .. ရှင့်ရဲ့ လက်ရှိ တန်း တစ်ခုနဲ့ ဆိုရင် သမိုင်းတစ်လျှောက် ပထမဆုံး ဟိုလိုဂရပ်ဖစ် ဂိမ်း အတွက် ပြောရေးဆိုခွင့်ရှိသူ တစ်ယောက် ဖြစ်လာသင့်တယ် မဟုတ်လား။ "