အခန်း ၄၁၄
Vol. 28 Ch. 414
အခန်း (၄၁၄) - အမျိုးသမီးပြဿနာများ
ထိုသတင်းက စုယန်ယန်၏ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုထဲမှ မိန်းကလေး ကြည့်ရှုသူများကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။
[ ဒီရက်ပိုင်းတွေမှာ ငါ အရမ်း ပင်ပန်းနေခဲ့လို့ ထင်ယောင်ထင်မှား ဖြစ်နေတာများလား။ တင်ဆက်သူက ငါတို့လို မိန်းကလေး ကြည့်ရှုသူတွေ အတွက် အထူး ဆေးဖက်ဝင်ဟင်းလျာတွေကို တကယ်ကြီး ပြင်ဆင်နေတာလား။ ]
[ အဟင့် အဟင့် အဟင့် ၊ ငါ စောင့်နေတဲ့ နေ့လေး နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။ ဆံပင် ကျွတ်တဲ့ အဖွဲ့ ပြီးသွားတော့ အချိန် အကြာကြီး စိတ်ရှည်လက်ရှည် စောင့်နေခဲ့ရတဲ့ အဖွဲ့က နောက်ဆုံးတော့ မျှော်လင့်ချက် လင်းရောင်ခြည်လေးကို ထပ်မြင်နိုင်ရတော့မှာပေါ့။ ငါ့စိတ်ထဲမှာ ခံစားရလွန်းလို့ ငါ ငိုနေမိပြီ။ ]
မိန်းကလေးများက စိတ်လှုပ်ရှားစွာ ပတ်ပြေးနေစဉ်မှာ အမျိုးသား ပရိသတ်များကတော့ မကျေမနပ် ဖြစ်နေခဲ့ကြသည်။
[ ယောက်ျားလေးနဲ့ မိန်းကလေး ယှဉ်လာရင် အားနည်းတဲ့ မိန်းကလေးကိုပဲ ဦးစားပေးရမယ် ဆိုတဲ့ ဘက်လိုက်တဲ့ ရှေးရိုးစွဲ အမြင်ကြီးကို မင်း သုံးလို့ မရဘူးလေ။ တင်ဆက်သူရဲ့ စားသောက်ဆိုင်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံနေရတုန်းမှာ အဲ့ဒီ အမှိုက်သရိုက်လို အတုအယောင် ပြန်လည်သုံးသပ်သူတွေကို ပြန်တိုက်ခိုက်ဖို့ အတွက် တင်ဆက်သူကို ငါတို့ပဲ ကူညီပေးခဲ့တာပါ။ လူနည်းစု ဆိုတာနဲ့ မင်း ငါတို့ကို လျစ်လျူရှုထားလို့ မရဘူး။ ]
[ ဟုတ်တယ် ၊ ဟုတ်တယ်။ အဲ့ဒီ နုနုရွရွ မိန်းကလေးတွေကိုပဲ မကြည့်ပါနဲ့ တင်ဆင်သူရေ။ ဒီမှာ ရှိနေတဲ့ ရုပ်ကြမ်းတဲ့ ယောက်ျားလေးတွေလည်း ကြင်ကြင်နာနာ အလိုလိုက်ခံရဖို့ လိုအပ်တယ်။ ]
[ တင်ဆက်သူရဲ့ ယောက်ျားလေး ပရိသတ်တွေ အပေါ် ထားတဲ့ မမျှမတ စိတ်ထားကို ခံစားနေရလို့ ယောက်ျားလေး ပရိသတ်တွေကိုလည်း အချစ်တွေနဲ့ နောက်တစ်ကြိမ် ရေချိုးပေးဖို့ တင်ဆက်သူကို ငါ အနူးအညွှတ် တောင်းပန်ပါတယ်။ ]
စုယန်ယန်သည် ထုတ်လွှင့်မှုကို မစတင်မီတည်းက ထိုအကြောင်းအရာကို ထုတ်ပြောပြီးနောက်မှာ မကျေမနပ် ဖြစ်မည့် လူတွေ ရှိလာလိမ့်မည်ဟု တွေးထားသောကြောင့် သူမ ထိတ်လန့်မသွားမိပေ။
" ဒါပေါ့ ၊ ကျွန်မ ရှင်တို့ကိုလည်း လျစ်လျူမရှူပါဘူးရှင်။ မိန်းကလေး ကြည့်ရှုသူတွေ အများကြီး ရှိနေလို့ ကျွန်မက သူတို့ကို အရင်ဆုံး ဂရုစိုက်ပေးရုံပါပဲ။ နောက်တစ်ခေါက် အခွင့်ကြုံတဲ့အခါ ကျွန်မတို့ရဲ့ အမျိုးသား ပရိသတ်တွေ အတွက် ဆေးဖက်ဝင်ဟင်းလျာတွေကို ကျွန်မ အထူးတလည် ပြင်ဆင်ပေးပါ့မယ်။ "
စုယန်ယန် ထိုသို့ ပြောလိုက်တော့မှ အမျိုးသား ပရိသတ်များက နောက်ဆုံးမှာ ငြိမ်ကျသွားကာ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုကို အာရုံစိုက်သွားကြတော့သည်။
အခြား တစ်ဖက်၌ အမျိုးသမီး ကြည့်ရှုသူများသည် စုယန်ယန်၏ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုထဲမှာ ဓမ္မတာလာခြင်းနှင့် ပတ်သက်တဲ့ ပြဿနာတွေ အကြောင်း ပါဝင်လာမှာလား ဟူ၍ ပိုစိတ်ဝင်စားနေခဲ့ကြသည်။ ဘယ်လိုပဲဖြစ်ဖြစ် စုယန်ယန်၏ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုထဲရှိ အမျိုးသမီး ပရိသတ် များစွာကို အမျိုးသမီး ဘလော့ဂါ နှစ်ယောက်က ဆွဲဆောင်ထားခဲ့သည်။
" တကယ်တော့ ဓမ္မတာလာချိန်မှာ နာကျင်ကိုက်ခဲရတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိတဲ့ ဆေးဖက်ဝင်ဟင်းလျာ အနည်းငယ်ကို ကျွန်မ ပြင်ဆင်ခဲ့ပြီးပါပြီ။ ဒီဆေးဖက်ဝင်ဟင်းလျာတွေကို စားသောက်ဆိုင်မှာလည်း ရောင်းချနေပါတယ်။ အဲ့ဒီ ဟင်းလျာတွေ အပြင် သွေးအား ကောင်းစေဖို့ အထောက်အကူပြုမယ့် ဟင်းလျာတွေ ၊ ကိုယ်အလေးချိန် လျော့ကျစေမယ့် ဟင်းလျာတွေ ၊ အိပ်မပျော်တဲ့ ရောဂါကို သက်သာစေမယ့် ဟင်းလျာတွေ ၊ မျက်နှာပေါ်က ဝက်ခြံတွေကို ပျောက်ကင်းစေမယ့် ဟင်းလျာတွေနဲ့ ချောင်းဆိုးတာကို သက်သာစေမယ့် ဟင်းလျာတွေ ၊ ပြီးတော့ ရင်သားလိုမျိုး အစိတ်အပိုင်းတွေကို ကြီးထွားစေဖို့ ဦးတည်တဲ့ ဆေးဖက်ဝင်ဟင်းလျာတွေ အများကြီးကိုလည်း ကျွန်မ နည်းနည်းပါးပါး ထပ်ဖန်တီးဦးမှာပါ။ "
စုယန်ယန်သည် ရှက်သွေးဖြာသွားကာ ခဏ စကားရပ်သွားပြီးမှ ဆက်ပြောလိုက်သည်။ " မင်းတို့ စိတ်ဝင်စားတယ် ဆိုရင် တစ်ချက်လောက် ကြည့်နိုင်ပါတယ်။ ကြည့်ပြီးသွားပြီ ဆိုရင် ပုံမှန် စည်းမျဉ်းတွေ အတိုင်း ကံစမ်းမဲနှိုက်ရမယ့် စက်ဝိုင်းလေး တစ်ခု ပေါ်လာပါလိမ့်မယ်။ ကံစမ်းမဲ မပေါက်ဘူး ဆိုရင်တော့ ကံစမ်းမဲ အစား စားသောက်ဆိုင်ကို ကိုယ်တိုင် သွားပြီး တစ်နပ်စာ စားလို့ ရပါတယ်။ "
စုယန်ယန်၏ စကား ဆုံးသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုပေါ်က ကွန်းမန့် ဆက်ရှင်သည် စက္ကန့် အနည်းငယ် ကြာအောင် ဟာလာဟင်းလင်း ဖြစ်သွားခဲ့ကာ ထို့နောက် ကွန်းမန့်တွေ ဝုန်းခနဲ လျှံတက်လာသည်။
[ သေစမ်း။ တင်ဆင်သူရဲ့ ဆေးဖက်ဝင်ဟင်းလျာက ငါတို့ရဲ့ ဓမ္မတာလာချိန် နာကျင်မှုကို ကုသပေးရုံတင် မကဘူး။ ခန္ဓာကိုယ် အလေးချိန် လျှော့ကျအောင်လည်း ကူညီဦးမှာတဲ့လား။ တကယ့်ကို မယုံကြည်နိုင်စရာကောင်းလောက်အောင် အကောင်းတွေချည်း စုနေတာပဲ။ ]
[ ဘုရားရေ။ နောက်ဆုံးတော့ အာဟာရဖြည့်စွက်စာ သောက်စရာလေးတွေ သောက်ရုံနဲ့ ဘောလုံး တစ်လုံးလို ဝတုတ်ပြဲကားနေတဲ့ ငါ့လို လူဝကြီး တစ်ယောက် အတွက် မျှော်လင့်ချက် ရှိလာတော့မှာလား။ ]
[ အား။ ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ ဘဝကို တင်ဆင်သူက ပေါက်ကြားအောင် လုပ်နေတယ်လို့ ငါ သံသယရှိမိတယ်။ ငါ ရင်ဘတ် ပြားတယ် ဆိုတဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်ခံလိုက်ရပြီလား။ ]
[ မျက်နှာကို သွယ်လျစေနိုင်တဲ့ ဆေးဖက်ဝင်ဟင်းလျာမျိူး တကယ် ရှိတယ်လား။ လမင်းလို မျက်နှာမျိုး ရဖို့ ငါ တကယ် မတတ်နိုင်ဘူး။ ငါ ကျန်တဲ့ နေရာတွေ မဝပေမဲ့ ရာသီဥတု အေးလာတဲ့အခါ အာဟာရဖြည့်စွက်စာ သောက်စရာတွေကို ပိုသောက်လိုက်တာနဲ့ ငါ အလွယ်တကူ ဝလာလေ့ရှိတယ်။ ]
[ ငါ့ကို ဝက်ခြံတွေ ပျောက်ကင်းစေနိုင်တဲ့ တစ်စုံတစ်ခု ပေးပါဦး မိန်းမလှလေးရေ။ ဝက်ခြံတွေ ပျောက်ဖို့ ဆေးဖက်ဝင်ဟင်းလျာကို ငါ တကယ် လိုအပ်နေပြီ။ ငါက ရာသီဥတု ခြောက်သွေ့နေရင် ၊ ဒါမှမဟုတ် ညနက်တဲ့ထိ မအိပ်ဘဲ နေရင် ဝက်ခြံတွေ ပေါက်လာတတ်တဲ့ သနားစရာ လူ တစ်ယောက်မို့လို့ အဲ့ဒါကို တကယ် လိုအပ်နေလို့ပါ။ ]
[ အိပ်မပျော်တဲ့ ရောဂါကို ခံစားနေရတဲ့ လူတွေ ၊ တင်ဆင်သူကို အကူအညီတောင်းကြပါ။ ညတိုင်း ငါ အရမ်း မျက်လုံးကြောင်နေပြီးတော့ ညနက်ချိန် တစ်ဝက် ရောက်တဲ့အထိ အိပ်မပျော်ဘူး။ ငါ့ရဲ့ ညိုကျနေတဲ့ မျက်ကွင်းတွေက မေးစေ့နားတောင် ရောက်တော့မယ် ၊ ပြီးတော့ ငါ့အသားအရေကလည်း အဝါရောင်သမ်းပြီး ကြမ်းကြမ်းကြီး ဖြစ်နေပြီ။ ဒီပုံအတိုင်းသာ ဆက်သွားရင် ငါ အချိန်မရွေး သေသွားနိုင်တယ်လို့ ခံစားနေရတယ်။ ]
စုယန်ယန်၏ စကားများသည် အသေအချာပဲ အနာနှင့်ဆေး တွေ့သွားစေခဲ့သည်။
ကွန်းမန့် အများကြီးကို မြင်တော့ စုယန်ယန်က မှန်ကန်သော ရွေးချယ်မှုကို သူမ ရွေးချယ်ခဲ့ပြီမှန်း နားလည်လိုက်သည်။ သူမ အသက်ပြင်းပြင်း တစ်ချက် ရှူရင်း ပြုံးလိုက်ပါသည်။ " အဲ့ဒါက တကယ် ထိရောက်သည် ဖြစ်စေ ၊ မထိရောက်သည် ဖြစ်စေ .. လက်တွေ့ သိရဖို့ အတွက် မင်းတို့ မြည်းစမ်းကြည့်ရပါလိမ့်မယ်။ ဟုတ်ပြီ ၊ စကားတွေ ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘဲ ဒီနေ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်ကြရအောင် .. "