အခန်း ၄၁၇
Vol. 28 Ch. 417
အခန်း (၄၁၇) - ကံကောင်းသော အမျိုးသားကြည့်ရှုသူ
ရွှေဖရုံသီး ကြာဖူးပေါင်းနှင့် ယှဉ်လိုက်လျှင် သင်္ဘောသီး သကြားခဲများဟာ လူကြိုက်နည်းနေသည်။
စုယန်ယန်သည် ပြုံးလိုက်ကာ အနည်းငယ် ရှက်သွားပုံဖြင့် သူမရဲ့ နှာခေါင်းကို ပွတ်သပ်လိုက်သည်။ " သင်္ဘောသီးမှာ အဆုတ်ကို ဝေဒနာ သက်သာစေတဲ့ အာနိသင် ရှိတယ်။ သူက ချောင်းဆိုးရောဂါတွေကို ပျောက်ကင်းစေတယ် ၊ ပြီးတော့ အစာကို ကြေစေတယ်။ ရင်သားတွေကိုလည်း ကြီးထွားဖွံ့ဖြိုးစေတယ်။ ဒီပြဿနာ ရှိနေတဲ့ မိန်းကလေးတွေဆိုရင် ဒီလိုမျိုး အချိုပွဲတွေကို အိမ်မှာ ကြိုးစားဖန်တီးကြည့်လို့ ရပါတယ်။ ရှင်တို့ မြင်တဲ့အတိုင်း ပြုလုပ်ရတာလည်း မခက်ပါဘူး။ "
ထိုစကားကို စုယန်ယန် ပြောလိုက်သည့် အခိုက်အတန့်မှာပဲ ဖန်သားပြင်ပေါ်ရှိ ကွန်းမန့် ဆက်ရှင်မှာ စက္ကန့် အနည်းငယ် ကွက်လပ် ဖြစ်သွားခဲ့သည်။ ထို့နောက် ကွန်းမန့် အနည်းငယ် ပေါ်လာသည်။ သူတို့ ဘယ်လောက်တောင် ဂရုစိုက်နေကြလဲ ဆိုတာ ထင်ရှားပါသည်။
[ … ငါ ဒီတစ်ခေါက်တော့ စကားမပြောနိုင်ဘူးလို့ ခံစားရတယ်။ ငါ ပြောလိုက်ရင် ငါ့အကြောင်း လူတွေ သိကုန်ကြလိမ့်မယ်။ ]
[ အဲ့ဒါကို မထုတ်ဖော်ဘဲနဲ့ မင်း သိသွားတယ် ဆိုရင်တောင်မှ မင်းက သူငယ်ချင်းကောင်း တစ်ယောက် ဖြစ်နေတုန်းပါပဲ။ ]
[ ငါ စကားပြောတာ ရပ်လိုက်တော့မယ်။ သင်္ဘောသီးနဲ့ သကြားခဲကို ငါ သွားရှာဖို့ လိုတယ်။ ငါ သင်္ဘောသီးကို မကြိုက်ဘူး ဆိုပေမဲ့လည်း … ]
တစ်ဝက်တစ်ပျက် စကားနောက်မှာ ချန်ထားခဲ့တဲ့ အဓိပ္ပာယ်ကို လူတိုင်း နားလည်သွားကြသည်။ ဘယ်သူမှ ထိုအရာကို ထောက်မပြခဲ့ပေ။
စုယန်ယန်က လည်ချောင်းရှင်းကာ လူတိုင်း၏ အာရုံစိုက်မှုကို သူမဆီ ပြန်ဆွဲငင်လိုက်သည်။ " ဟုတ်ပြီ။ ကံစမ်းမဲ နှိုက်ကြရအောင်။ "
တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု အခန်းထဲရှိ ကံစမ်းမဲနှိုက်ခြင်းက အမြဲတမ်း အလွန် မြန်ဆန်လေ့ရှိသည်။ ၅ မိနစ် မပြည့်သေးခင်မှာပဲ ကံထူးရှင်များ တစ်ယောက်ပြီး တစ်ယောက် ပေါ်ပေါက်လာခဲ့ကြသည်။
စုယန်ယန်သည် ထိုအရာကို တစ်ချက် ကြည့်လိုက်ကာ တစ်ခုခု လွဲချော်နေမှန်း သဘောပေါက်သွားသည်။
ပြီးခဲ့တဲ့ ကံစမ်းမဲနှိုက်ခြင်းကတည်းက ဟောက်ချန်ဟွမ်းသည် ယောက်ျားလေး ပရိသတ် တချို့က ကံစမ်းမဲ နှိုက်ရမည့် အခွင့်အရေး ရဖို့ တိုက်ခိုက်ရန် အတွက် မိန်းကလေး အကောင့် တစ်ခုကို ရည်ရွယ်ချက်ရှိရှိ မှတ်ပုံတင်ထားကြကြောင်း သိသွား၍ ယုကျစ်ယန်အား သူ့အကောင့်ကို သိပ်အရေးမကြီးသော ပြောင်းလဲမှု တချို့ လုပ်ပေးရန် တောင်းဆိုထားခဲ့သည်။
လက်ရှိ အချိန်တွင် ကြည့်ရှုသူတွေ ချန်ထားခဲ့သော ကွန်းမန့်များ ဖြစ်စေ ၊ ကံထူးရှင်တွေ ချန်ထားခဲ့တာ ကွန်းမန့်များ ဖြစ်စေ .. အကောင့်အရှေ့မှာ သူတို့ ယောက်ျားလား ၊ မိန်းမလား ဆိုတာ ညွှန်ပြထားသည့် သင်္ကေတ သေးသေးလေးတွေ ရှိနေတတ်သည်။ ထို့ကြောင့် မည်သူ့ကိုမဆို အပေါ်ယံ ကြည့်လိုက်ရုံနှင့် အသုံးပြုသူက အမျိုးသားလား ၊ အမျိုးသမီးလား ဆိုတာ ချက်ချင်း ပြောနိုင်သည်။
ထို့ပြင် ဝက်ဘ်ဆိုဒ် အကောင့်ပေါ်ရှိ ယောက်ျား ၊ မိန်းမဖြစ်မှု သင်္ကေတသည် မှတ်ပုံတင်ပေါ်ရှိ လိင် အကြောင်းအရာနှင့် တူညီဖို့ လိုသည်။ မဟုတ်ရင် ထိုအကောင့်ကို ခွင့်ပြုချက် ပေးမှာ မဟုတ်ပေ။
ထိုအချိန်မှာပဲ စုယန်ယန်သည် အကောင့်ပေါ်တွင် ယောက်ျားဖြစ်မှု အမှတ်အသားလေး ရှိနေသော အမျိုးသား အကောင့် တစ်ခုကို မြင်လိုက်ရသည်။ အံ့ဩမှုကြောင့် သူမ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိသည်။
" ဘာဖြစ်သွားတာလဲ။ ရှင် တစ်ခုခု အမှား လုပ်လိုက်မိတာလား ID [ မင်မင်ရုဟန် ] ။ "
အိပ်ပျော်စေခြင်း ၊ ခန္ဓာကိုယ် အလေးချိန် လျှော့ကျစေခြင်းနဲ့ မည်းနက်သော ဆံပင်များကို ပိုင်ဆိုင်စေခြင်းတို့လို အာနိသင် ပေးတဲ့ တခြား ဆေးဖက်ဝင်ဟင်းလျာတွေ ဆိုလျှင် ကိစ္စမရှိသော်လည်း ဤကြည့်ရှုသူကတော့ … သင်္ဘောသီး သကြားခဲတွေကိုမှ ရွေးချယ်သွားခဲ့သည်။
သူလည်း ဒါကို လိုအပ်နေတယ် ဆိုတာ ဖြစ်နိုင်လို့လား …
စုယန်ယန်၏ စိတ်ထဲကို အတွေး တစ်ခု ဖျတ်ခနဲ ရောက်လာလျက် အမှန်တရား တစ်စွန်းတစကို သူမ ဖမ်းဆုပ်မိသွားလေသည်။ သူလည်း ရင်ဘတ် ကြီးချင်နေတာများလား။
အခြား ကြည့်ရှုသူများကလည်း ထိုအရာကို သတိပြုမိသွားကာ အမျိုးသမီး နယ်မြေထဲသို့ မတော်တဆ ဝင်လာခဲ့သော ထိုအမျိုးသား ကြည့်ရှုသူကို စတင် Tag တွဲခဲ့ကြသည်။ သူတို့က သူ့ကို ဆေးဖက်ဝင်ဟင်လျာအား တခြား တစ်ယောက်ထံ လွှဲပြောင်းပေးရန် လျင်မြန်စွာ တွန်းအားပေးနေခဲ့ကြသည်။
[ အား ၊ ဒီမှာ ယောက်ျားလေး တစ်ယောက် ရောက်နေတယ်ဟေ့။ ညီအစ်မတို့ရေ ၊ သူ့ကို အမြန် ဖမ်းပြီး ဆေးဖက်ဝင်ဟင်းလျာကို လွှဲပြောင်းခိုင်းလိုက်ကြ။ @မင်မင်ရုဟန်။ ]
[ ရှင် မတော်တဆ အမှားလုပ်မိသွားတာလား အစ်ကိုကြီး။ တင်ဆက်သူက အဲ့ဒီဟင်းလျာကို သူမရဲ့ မိန်းကလေး ကြည့်ရှူသူတွေ အတွက် ဒီနေ့ လုပ်ပေးထားတာလို့ ပြောထားတယ်လေ။ @မင်မင်ရုဟန်။ ]
[ မင်းတို့ သေသေချာချာ စဉ်းစားကြည့်မယ် ဆိုရင် ဒီလူက ကံစမ်းမဲပေါက်သွားတဲ့ ပုံပဲ… အဟမ်း အဟမ်း ၊ ရှင် ဒါကို တကယ် မလိုအပ်ပါဘူး။ အဲ့ဒါကို ရှင် ယူတာ ဖြုန်းတီးမှု တစ်ခုပဲ။ တခြား လူ တစ်ယောက်ကို မြန်မြန် လွှဲပြောင်းပေးလိုက်ပါ။ ကျွန်မ အဲ့ဒါကို ရှင့်ဆီကနေ ယွမ် ၅၀၀၀ နဲ့ ဝယ်လို့ ရမလား။ ]
[ ကျွန်မ ယွမ် ၅၅၀၀ ပေးမယ် ၊ ကျွန်မကိုပဲ ရောင်း။ @မင်မင်ရုဟန်။ ]
[ ၆၀၀၀ ]
[ ကံကောင်းတဲ့ နံပါတ်လေး ဖြစ်သွားအောင် ၆၆၀၀ ပေးမယ်။ ]
[ ၇၀၀၀ … ]
ကနဦး ကဲ့ရဲ့ရှုံ့ချနေခြင်းကနေ တိုက်ရိုက် လေလံပွဲ အဖြစ်သို့ ရုတ်တရက် အသွင်ပြောင်းသွားခဲ့သည်။ ပထမတော့ ထိုလူက သေချင်ယောင်ဆောင်ကာ ဘာမှ မတုံ့ပြန်ချင်ခဲ့ပါ။ သို့သော် သူ့ကို လူ များစွာ ဝိုင်း Tag တွဲကြနေလို့လား မပြောတတ်ဘဲ နောက်ဆုံးတော့ သူ လူလုံးထွက်ပြလာခဲ့သည်။
[ ကျွန်တော် မင်မင်ရုဟန်ပါ ၊ ကျွန်တော် ဒါကို မရောင်းပါဘူး။ ကျွန်တော့်မိသားစုမှာ ပိုက်ဆံလည်း ပြတ်လပ်မနေပါဘူး ၊ ကျေးဇူး အများကြီး တင်ပါတယ်။ ဒီဟင်းလျာက ကျွန်တော့်ဇနီး အတွက်ပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို အမှားမျိုးမှ မရှိဘူး။ ]
ပရိသတ်များ : " … " တစ်ယောက်တည်း ဖြစ်နေသော အဖော်မဲ့ အထီးကျန်နေသူလေးများသည် သူတို့ကို စုံတွဲ တစ်တွဲက ခပ်ပြင်းပြင်းလေး ထိုးနှက်သွားသလို ခံစားလိုက်ရသည်။
စုယန်ယန်တစ်ယောက် ဆွံ့အသွားခဲ့သည်။.