အခန်း ၄၁၈
Vol. 28 Ch. 418
အခန်း (၄၁၈) - အမျိုးသားများသည် အမှန်တကယ်ပင် ပြောင်းလဲလွယ်တတ်ကြသည်
ကံထူးရှင် ကြည့်ရှုသူများ အတွက် အစားအစာများကို ထုတ်ပိုးရင်း စုယန်ယန် အလုပ်ရှုပ်နေစဉ်တွင် ဟောက်ချန်ဟွမ်းကလည်း ယုကျစ်ယန်ကို မေးခွန်းထုတ်ရင်း အလုပ်ရှုပ်နေခဲ့သည်။
" ဘာလို့ ယန်ယန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သူ ချန်နယ်ထဲမှာ အမျိုးသား အကောင့်တွေ ထပ်ရှိနေပြန်တာလဲ။ "
ယုကျစ်ယန် ကြက်သေ သေသွားမိသည်။ သူ သူ့စကားတွေကို ဂရုတစိုက် ရွေးချယ်လိုက်သည်။ " သခင်လေး မေ့သွားပြီပဲ။ သခင်မလေးနဲ့ သခင်လေးတို့ လက်ထပ်ပြီးသွားတော့ သခင်မလေးရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုထဲမှာ အမျိုးသား ကြည့်ရှုသူတွေ ကံမစမ်းနိုင်အောင် တားမြစ်ထားတဲ့ ကန့်သတ်ချက်ကို သခင်လေး ဖယ်ရှားပစ်ခဲ့တယ်လေ။ "
ဟောက်ချန်ဟွမ်း : " … " သူ တကယ် အဲ့အကြောင်းကို မေ့နေခဲ့မိတာပဲ။
သူတို့ နှစ်ယောက် လက်ထပ်ပြီးနောက်ပိုင်း စုယန်ယန်သည် ထမင်း စားနေရင်း သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုထဲမှ ကြည့်ရှုသူ အများစုဟာ မိန်းကလေးတွေ ဖြစ်သည်ဟု သူ့ကို ရုတ်တရက် ပြောပြခဲ့သည်။
ထိပ်ပြောင်သော အမျိုးသားများ အကြောင်းနှင့် လျှို့ဝှက်ထားသော တခြား နေမကောင်း ဖျားနာမှု တချို့ အကြောင်း အပိုင်း အနည်းငယ် ရှိခဲ့ဖူးသည်။ ကွန်းမန့်တွေကို ကြည့်ရသလောက် ထိုအမျိုးသားများသည် ဆေးဖက်ဝင်ဟင်းလျာကို အသည်းအသန် လိုအပ်နေခဲ့ကြသော်လည်း ရွေးချယ်ခံရသူများကတော့ အကုန်လုံး အမျိုးသမီး အကောင့်တွေသာ ဖြစ်နေခဲ့သည်။
တချို့ အမျိုးသားများက အားကောင်းသော ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု ရှိနေတာမို့ ကုသမှု ခံယူရန် ငြင်းဆန်ခဲ့တာ ဖြစ်နိုင်သည်။ သူတို့က ထိုအရာကို လုယူရန်လည်း အလွန် ရှက်ရွံ့နေခဲ့ကြသည်။
သို့သော်လည်း ကံစမ်းမဲနှိုက်ခြင်းမှာ မပါဝင်ချင်၍ ဖန်သားပြင်ပေါ်မှာ တောင်းပန်နေသော မက်ဆေ့ခ်ျများကို ချန်ခဲ့ကြသူများ အတွက်တော့ ဘာအကြောင်းပြချက်မှ မရှိပေ။ တစ်ခုခုတော့ မှားယွင်းနေပါပြီ။
စုယန်ယန်၏ စကားများကို ကြားသောအခါ ဟောက်ချန်ဟွမ်း၏ နှလုံးခုန်သံသည် စည်းချက် တစ်ချက် လွတ်သွားခဲ့ပြီး မလုံမလဲ ခံစားလိုက်ရသည်။
ဟောက်ချန်ဟွမ်းက သူ့သရုပ်မှန်ကို ဖုံးကွယ်ထားရန် အတွက် ' သူ လက်ထပ်ပြီးပြီ ဖြစ်၍ သူ့ဇနီး ချက်ပြုတ်ပေးသော မနက်စာ ၊ နေ့လယ်စာ ၊ ညစာ အနပ် သုံးနပ်စလုံးကို နေ့စဉ်နေ့တိုင်း စားနိုင်သွားပြီမို့ သူ့နေရာကို ရဖို့ တိုက်ခိုက်နေကြသော ကံထူးရှင် ကြည့်ရှုသူများရဲ့ လယ်ဗယ် အထိ သူ စိတ်သဘောထား မသေးသိမ်တော့ဘူး ' ဟူသော ဆင်ခြေကို သုံးကာ ကံစမ်းမဲနှိုက်ခြင်းမှာ မိန်းကလေးတွေသာ ဝင်ရောက်ကံစမ်းနိုင်တယ် ဆိုတဲ့ ၊ ထုတ်ပြောစရာမလိုဘဲ အလိုလို နားလည်ထားသော စည်းမျဉ်းကို ဖျက်သိမ်းရန် ပြောခဲ့သည်။
ဒါပေမဲ့ စုယန်ယန်၏ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုက ကံထူးရှင် ယောက်ျားလေး ကြည့်ရှုသူ တစ်ယောက်ကို ထပ်ရွေးချယ်လိုက်တာကို မြင်တော့မှ ဟောက်ချန်ဟွမ်းသည် သူ့ကိုယ်သူ ထင်ထားသလောက် သူ စေတနာမကောင်းမှန်း နားလည်သွားသည်။
စုယန်ယန်သာ ဆေးဖက်ဝင်ဟင်းလျာကို ဘယ်လို ချက်ပြုတ်ရမလဲ ဆိုတာ သူ့ကို သင်ပေးခဲ့ရင် အဆင်ပြေမှာ ဖြစ်သည်။
သူမက ကိုယ်တိုင် ချက်ပြုတ်နေတာ ဖြစ်သဖြင့် ထိုဟင်းလျာတွေအား အမျိုးသမီး ကြည့်ရှုသူတွေကို ပေးလိုက်လျှင် သူ မပျော်မရွှင် ဖြစ်ရလိမ့်မည်။ ဘယ်ကမှန်း မသိတဲ့ ဒီအမျိုးသားတွေကို ဆိုရင် ထည့်ပြောမနေပါနဲ့တော့။
" ပြန်ပြောင်းလိုက်ပါ။ "
" ဘာကိုလဲ။ "
" အရင် ဆက်တင် အတိုင်း ပြန်ပြောင်းထားလိုက်။ "
ယုကျစ်၏ အမူအရာက အနည်းငယ် တောင့်တင်းသွားကာ မေးလိုက်သည်။ " သခင်မလေးရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုထဲမှာ ကံထူးရှင် အမျိုးသမီး ကြည့်ရှုသူတွေကိုပဲ မဲနှိုက်ခွင့် ပေးရမယ့် ဆက်တင်ကို ကျွန်တော်တို့ ပြန်ပြောင်းသင့်တယ်လို့ သခင်လေး ပြောနေတာလား။ "
" ကန့်ကွက်ချင်တာ ရှိလို့လား။ "
" … မရှိပါဘူး။ " ရင်းနှီးနေတဲ့ မေးခွန်း ၊ ရင်းနှီးနေတဲ့ လေထု။ သူ ဘယ်လိုလုပ် ' ရှိပါတယ် ' လို့ ပြောရဲမှာလဲ။
ဟောက်ချန်ဟွမ်းက ကျေနပ်စရာ အဖြေကို ရသွားလျှင် ဖုန်းချလိုက်သည်။
တစ်ဖက်မှာ အလုပ်ရှုပ်နေသော လေသံကို ကြားရသောကြောင့် ယုကျစ်ယန်ဟာ သူ့သခင်လေး၏ ရုတ်တရက်ဆန်လွန်းတဲ့ အပြုအမူကို တကယ် နားမလည်နိုင်ဖြစ်နေမိသည်။ သူ့နှလုံးသားထဲမှာပဲ သူ တိတ်တိတ်လေး သက်ပြင်းချနိုင်ပါသည်။ အိမ်ထောင်ကျသွားတဲ့ အမျိုးသားတွေက တကယ့်ကို စိတ်ပြောင်းလွယ်သည်။
စုယန်ယန်သည် အာဟာရဖြစ်စေသော ဟင်းလျာ များစွာကို တစ်ထိုင်တည်း ချက်ပြုတ်ခဲ့သည်။ သူမ တစ်ယောက်တည်းနှင့် ထိုဟင်းလျာတွေ အကုန်လုံးကို ပြီးအောင် မချက်ပြုတ်နိုင်မှာ အသေအချာပင်။ ချိန်ရှို့ချင် အတွက် တစ်နပ်စာကို ထုပ်ပိုးပြင်ဆင်ပြီးနောက် ကျန်ဟင်းလျာများကို လိုအပ်နေသော အိမ်အကူများဆီ ပို့ပေးလိုက်သည်။ သူမ ခံတွင်းတွေ့သော ဟင်းလျာ အနည်းငယ်ကိုသာ သိမ်းဆည်းထားခဲ့သည်။
ဟောက်ချန်ဟွမ်း တစ်ယောက် အောက်ဆင်းလာသောအခါ နှပ်ချက်ထားသော ဝက်လက်များ ၊ နှမ်းဖြင့် နယ်ထားသော ထမင်း ၊ မြေတောက်ပဲ အုန်းနို့ဆန်ပြုတ်နှင့် သင်္ဘောသီး သကြားခဲများကို သူ ရုတ်တရက် မြင်လိုက်ရသည်။
စူးစမ်းချင်စိတ် ပြင်းပြသော အကြည့်နှင့် သူမကို စိုက်ကြည့်နေသော ဟောက်ချန်ဟွမ်းကို မြင်တော့ စုယန်ယန်က ခေါင်းမော့လိုက်သည်။ သူမရဲ့ စိတ်ထဲမှာ မေးခွန်းတွေ ပြည့်နှက်နေခဲ့သည်။
ထို့နောက် သူမကို ကြည့်နေတဲ့ ဟောက်ချန်ဟွမ်း၏ ခပ်တောင့်တောင့် အကြည့်က မျက်လွာချသွားသည်။
" … "
" … "
သူတို့ နှစ်ယောက်ကြားမှာ အပ်ကျသံပင် ကြားရလောက်အောင် ဆိတ်ငြိမ်နေသော တိတ်ဆိတ်မှုနှင့် အိုးတိုးအမ်းတမ်းနိုင်မှုတို့ ကူးလူးဖြတ်သန်းနေသည်။ ဟောက်ချန်ဟွမ်းက အရင် အလျှော့ပေးလိုက်သည်။
သူ အကြည့် လွှဲလိုက်ကာ ပန်းကန်လုံးကို ယူလိုက်သည်။ သူ စားပွဲပေါ်က ဟင်းလျာတွေကို ဘာမှ မဖြစ်ခဲ့သလိုပဲ ကြည့်ရန် ဟန်ဆောင်လိုက်သည်။
သို့သော်လည်း သူ့ရဲ့ ရဲတွတ်နေသော နားရွက်များကတော့ သူ့စိတ်ထဲက တကယ့် အတွေးများကို သစ္စာဖောက်သွားခဲ့ပါသည်။
စုယန်ယန် ဆွံ့အသွားမိသည်။ ဘယ်လို ဖြစ်သွားတာလဲ။ အခု ရှက်နေသင့်တဲ့ လူက သူမ မဟုတ်လား။ ဘာလို့ သူက ရှက်သလို ပြုမူနေရတာတုန်း။