← Chapters

အခန်း ၄၁၉

Vol. 28 Ch. 419

အခန်း ၄၁၉

Vol. 28 Ch. 419

အခန်း (၄၁၉) - ရှင် ဘယ်လိုပုံစံမျိုးကို ကြိုက်လဲ

စုယန်ယန်သည် လက်ပေါ်မှာ မေးစေ့ ထောက်ထားရင်း မျက်လုံးလေး ထောင့်ကပ် ကြည့်လိုက်မိသည်။ " အွန်‌လိုင်းပေါ်မှာ စိတ်ဝင်စားစရာ ဆောင်းပါး တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရတယ်။ "

ဟောက်ချန်ဟွမ်းက ရုတ်တရက် ရပ်တန့်လိုက်သည်။ " ဘာဆောင်းပါးလဲ။ "

" အမျိုးသားတွေက ရင်သားကြီးတဲ့ အမျိုးသမီးတွေကို သဘောကျလား ၊ ရင်သားသေးတဲ့ အမျိုးသမီးတွေကို သဘောကျလား ဆိုတာ ဆွေးနွေးထားတဲ့ ဆောင်းပါး။ "

ဟောက်ချန်ဟွမ်း၏ လက်ထဲမှ ဇွန်းသည် ပန်းကန်လုံးထဲ ကျသွားကာ ဒေါက်ခနဲ ခပ်ကျယ်ကျယ် မြည်သွားစေသည်။ သူ့နားရွက်ဖျားတွေပေါ်မှာ ရပ်တန့်နေခဲ့သော နီစွေးစွေး အရောင်က ရုတ်တရက်ပဲ သူ့ပါးပြင်နှင့် လည်ပင်း အထိ ပြန့်နှံ့လာခဲ့သည်။ " မင်းမှာ ဘာမှ လုပ်စရာ မရှိဘူး ဆိုရင် အဲ့လို အရည်မရ အဖတ်မရ ဆောင်းပါးတွေကို ဖတ်မနေပါနဲ့။ "

စုယန်ယန်က အားတင်းပြုံးပြကာ ပြောလိုက်သည်။ " အဲ့ဒါက ဗဟုသုတ ရတဲ့ ဆောင်းပါးမျိုးတော့ မဟုတ်ပေမဲ့ ကျွန်မ သိချင်လို့ပါ … "

" ဘာကိုလဲ။ "

" ရှင် ရင်သားကြီးတဲ့ မိန်းကလေးတွေကို သဘောကျလား ၊ ဒါမှမဟုတ် သေးတဲ့ မိန်းကလေးတွေကို သဘောကျလား ဆိုတာလေ။ "

ဟောက်ချန်ဟွမ်း ဆွံ့အသွားမိသည်။ သူ ခေါင်းမော့လိုက်တော့ စုယန်ယန်၏ ရွတ်နောက်နောက် အကြည့်နှင့် အကြည့်ချင်း ဆုံသွားသည်။ သူမ သူ့ကို ရည်ရွယ်ချက်ရှိရှိ စနောက်နေမှန်း သူ နားလည်လိုက်သည်။ ရယ်စရာတော့ ကောင်းပါသည် ၊ သို့သော် နည်းနည်းလေး အိုးတိုးအမ်းတမ်း ဖြစ်စရာလည်း ကောင်းသည်။

" မင်းက အဆင်ပြေပါတယ်။ "

စုယန်ယန်သည် သူမ၏ မျက်လုံးများ အနည်းငယ် ကွေးညွှတ်မသွားခင် ခဏ အံ့ဩသွားခဲ့သည်။ သူမ စိတ်မပါလက်မပါ ပြန်ပြောလိုက်သည်။ " အိုး ၊ ကျွန်မ နားလည်ပါပြီ။ "

ဟောက်ချန်ဟွမ်း : " … " သူမ နားလည်တယ် … ။ ဘာကို နားလည်သွားတာလဲ။

သူမရဲ့ အသံကို အကဲခတ်ရသလောက် ဒီတိုင်း အချက်အလက်တွေကို ပြောနေရုံသက်သက် မဟုတ်ဘူး ဆိုတာ ဟောက်ချန်ဟွမ်း သေချာသည်။

သို့သော်လည်း သူ ဘယ်လောက်ပဲ သိချင်နေပါစေ ၊ မမေးရဲပါ။ မျက်လုံးပြူးချင်စရာ တစ်စုံတစ်ခုကို စုယန်ယန် ထပ်ပြောလာပြီး ထိုအခြေအနေကို သူ မကိုင်တွယ်နိုင်မှာကို ကြောက်သည်။

မလှမ်းမကမ်းမှာ ရပ်နေသော ဦးလေးကျန်းသည် သူတို့ရဲ့ စကားဝိုင်းကို ကြားချိန်မှာ ကြင်နာစွာ မပြုံးမိဘဲ မနေနိုင်ပေ။

စုံတွဲ တစ်တွဲဟာ သူတို့ရဲ့ ဆက်ဆံရေးကို ဆက်ထိန်းသိမ်းထားပြီး သွေးအေးပြတ်စဲမသွားစေရန် အတွက် အမြဲတမ်း တစ်ယောက်နှင့် တစ်ယောက် စနောက်ကာ အသေးအဖွဲ ကိစ္စလေးတွေကို ငြင်းခုံနေသင့်သည်။ သူ့လို လူအိုကြီး တစ်ယောက် အတွက် ဒီလို ကြည်နူးစရာ စုံတွဲလေးကို ကြည့်နေရတာ စိတ်ဝင်စားစရာပင်။

ညစာ စားပြီးနောက် ဟောက်ချန်ဟွမ်းက ရုတ်တရက် မေးခဲ့သည်။ " မနက်ဖြန်ညကျ မင်း လုပ်စရာတွေ အလုပ်တွေ များမှာလား။ "

စုယန်ယန်က ပြန်ပြောလိုက်သည်။ " ကျွန်မ အားပါတယ်။ " မနက် ၂ နာရီ နီးပါးလောက်ထိပဲ အလုပ် လုပ်မည် ဖြစ်ကာ လုပ်စရာတွေ အကုန် ပြီးသွားလျှင် သူမ အိမ်ပြန်လာခဲ့မှာ ဖြစ်သည်။ " ဘာဖြစ်လို့လဲ။ "

" ဒါဆို မနက်ဖြန်ညကျ ကိုယ်နဲ့ အပြင် လိုက်ခဲ့ပေးနော်။ "

" ရှင် အပြင်သွားမလို့လား။ ဘာအတွက်လဲ။ " စုယန်ယန် အံ့အားသင့်သွားမိသည်။ ဟောက်ချန်ဟွမ်းက သူမတောင် မတောင်းဆိုရဘဲ အပြင်သွားချင်နေပါသည်။ အဲ့ဒါက သူ … သူမနဲ့ ချိန်းတွေ့ချင်နေတာများ ဖြစ်နိုင်မလား။

" မွေးနေ့ပွဲ တစ်ပွဲကို တက်ရောက်ဖို့ပါ။ "

စုယန်ယန် ဆွံအသွားသည်။ " မွေးနေ့ပွဲ …. ။ ဘယ်သူ့ရဲ့ မွေးနေ့ပွဲလဲ။ "

" သခင်ကြီးလန်ရဲ့ မွေးနေ့ပွဲ။ " ဟောက်ချန်ဟွမ်းက စုယန်ယန် နားမလည်မှာ စိုးရိမ်၍ ထပ်ဖြည့်ပြောလိုက်သည်။ " သခင်ကြီးလန်နဲ့ ကိုယ့်အဖေက နှစ်ပေါင်းများစွာ ကြာအောင် သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာလေ။ "

ဦးလေးကျန်းကလည်း ဝင်ပြောခဲ့သည်။ " သခင်ကြီးနဲ့ သခင်ကြီးလန်နဲ့က အထက်တန်း‌ကျောင်းတုန်းက အတူတူ စာလေ့လာခဲ့ကြတာ။ သခင်ကြီးနဲ့ သခင်မကြီးတို့ သက်ရှိထင်ကြား ရှိနေတဲ့ အချိန်ထိ မိသားစု နှစ်ခုက နှစ်အိမ့်တစ်အိမ်လို ရင်းရင်းနှီးနှီး နေခဲ့ကြတယ်။ သူတို့ ကွယ်လွန်သွားကြပြီးတဲ့ နောက်ပိုင်း လန်မိသားစုကပဲ သခင်လေးကို ကောင်းကောင်း ဂရုစိုက်ပေးခဲ့တာလေ။ မနက်ဖြန်က သခင်ကြီးလန်ရဲ့ အသက် ၇၀ ပြည့် မွေးနေ့ ဆိုတော့ အကျိုးသင့် အကြောင်းသင့် စဉ်းစားကြည့်မယ် ဆိုရင် သခင်လေးရော ၊ သခင်မလေးရော သူ့ကို သွားရောက်ဂုဏ်ပြုပေးသင့်တယ်။ "

စုယန်ယန် ချက်ချင်း နားလည်သွားသည်။

ဟောက်ချန်ဟွမ်း၏ မိဘတွေ မကွယ်လွန်ခင်တုန်းက သူတို့က ဟောက် ကော်ပိုရေးရှင်းကို ဟောက်ချီဟန်ထံ လွှဲပြောင်းပေးထားခဲ့သည်။ ဟောက်ချန်ဟွမ်း၏ ခြေထောက်တွေက အဲ့ဒီလို ဖြစ်နေတာမို့ သူ့ကို ထည့်မစဉ်းစားခဲ့တာ သိသာသည်။

စီးပွားရေးသမားတွေ ဆိုတာ အကျိုးအမြတ်တွေကိုပဲ တန်ဖိုးထားကာ သူတို့ထဲမှ တချို့က အကျိုးအမြတ်တွေကြောင့်သာ ပူးပေါင်းခင်မင်နေကြသော အမည်ခံ ပါတနာတွေပါပဲ။ ထိုအချိန်မျိုးမှာ သူတို့သည် ဘယ်သူ့ကိုတော့ အခွင့်အရေး ပိုပေးရမယ် ၊ ဘယ်သူ့ကိုတော့ အာရုံထဲကနေ ထုတ်ထားရမယ် ဆိုတာ အလိုလို နားလည်ကြသည်။

ဘယ်သူက အချိတ်ပိုးထည်ပေါ်မှာ ပန်းပုံသဏ္ဍာန် ချည်မထိုးတတ်လို့လဲ။ လူ တစ်ယောက်က သူတို့ အကူအညီ လိုအပ်နေချိန်မှာသာ ကူညီပေးသော လူများရဲ့ စိတ်ရင်းအမှန်ကို မြင်နိုင်သည်။

လန်မိသားစုသည် ထိုအခြေအနေများကြားထဲမှာ ဟောက်ချန်ဟွမ်းကို ကူညီပေးနေဆဲ ဖြစ်သည်။ သူငယ်ချင်းဟောင်း တစ်ယောက်ရဲ့ မိဘတွေ မရှိတော့သော ကလေးလေးကို ဂရုစိုက်ပေးတယ် ဆိုတာ သူတို့ တကယ့်ကို အရမ်း စိတ်ထားပြည့်ဝကြလို့ပဲ ဖြစ်သည်။

ပုံမှန်ဆို အပြင်ထွက်ရတာ မကြိုက်သော ဟောက်ချန်ဟွမ်း တစ်ယောက် ဒီအဘိုးကြီးရဲ့ မွေးနေ့ပွဲကို တက်ရောက်ချင်နေတာ အံ့ဩစရာ မရှိပေ။

တစ်ချိန်တည်းမှာပဲ စုယန်ယန်၏ နှလုံးသားသည် ဆစ်ခနဲ နာကျင်သွားမိသည်။ ဒီနှစ်တွေ တစ်လျှောက်လုံး ဟောက်ချန်ဟွမ်း တစ်ယောက်တည်း ဘယ်လို ဖြတ်သန်းခဲ့ရပါလိမ့်ဟု သူမ တွေးကြည့်မိတိုင်း သူ့ကို စောစော မတွေ့ဆုံခဲ့ခြင်း အတွက် နောင်တရကာ ဝမ်းနည်းရလေ့ရှိသည်။

All Chapters