← Chapters

အခန်း ၄၂၀

Vol. 28 Ch. 420

အခန်း ၄၂၀

Vol. 28 Ch. 420

အခန်း (၄၂၀) - လန်မိသားစု၏ မွေးနေ့ပွဲ

" ဒါဆို ကျွန်မတို့တွေ သူ့မွေးနေ့ကို သေချာ သွားဂုဏ်ပြုပေးသင့်တာပေါ့။ " စုယန်ယန်သည် တစ်စုံတစ်ခုကို တွေးမိသွားပုံ ပေါ်သည်။ " လက်ဆောင် … "

ဦးလေးကျန်းက ပြုံးလိုက်သည်။ " စိတ်မပူပါနဲ့ သခင်မလေး။ သခင်လေးက အစကတည်းက လက်ဆောင်ကို ပြင်ဆင်ထားပြီးပါပြီ။ "

" တော်သေးတာပေါ့။ " စုယန်ယန်သည် စိတ်သက်သာရာရသွားသော သက်ပြင်း တစ်ချက် မှုတ်ထုတ်လိုက်သည်။ " အဲ့ဒါဆို ကျွန်မ မနက်ဖြန်ကျ စောစော ပြန်လာပြီး သခင်ကြီးလန်ရဲ့ မွေးနေ့ပွဲကို ရှင်နဲ့အတူ တက်ရောက်ပါ့မယ်။ "

ဟောက်ချန်ဟွမ်းက သူတို့ရဲ့ အပြန်အလှန် ဆုပ်ကိုင်ထားကြသော လက်များကို ကြည့်ကာ ပြုံးမိသည်။ သူ နူးညံ့စွာ ပြန်ပြောလိုက်ပါသည်။ " အင်း။ "

နောက်တစ်နေ့ နေ့လယ်တွင် စုယန်ယန်သည် အလုပ်ကနေ တစ်နာရီ စောပြီး ပြန်လာခဲ့သည်။ ညကျ ဟောက်ချန်ဟွမ်း ဝတ်သွားချင်သော အဝတ်အစားများကို ကူရွေးပေးရန် သူမ အိမ်ပြန်လာခဲ့တာ ဖြစ်သည်။

နောက်ဆုံး၌ သူ့အတွက် နီလာကဲ့သို့ အပြာရောင် ဝတ်စုံကို သူမ ရွေးပေးလိုက်ပြီး သူမ ကိုယ်တိုင် အတွက်လည်း တူညီသော အရောင် ရှိသည့် ပွဲတက်ဂါဝန် တစ်ထည်ကို ရွေးချယ်လိုက်သည်။ သူမတို့ နှစ်ယောက် ဝတ်ထားတာ စုံတွဲ ဝတ်စုံတွေနှင့် တူနေခဲ့သည်။

ဦးလေးကျန်းက ဟောက်ချန်ဟွမ်း၏ အဝတ်အစားတွေကို မြင်တော့ ခေါင်း တဆတ်ဆတ် ညိတ်လိုက်သည်။ သူ့သခင်လေးဟာ ဒီနှစ်ထဲမှာမှ ၂၆ နှစ်သာ ရှိသေးကာ ငယ်ရွယ်သေးသည်။ အရောင် တောက်တောက်ပပ အဝတ်အစားတွေ ဝတ်လိုက်လျှင် သူ့ပုံစံက လူငယ်ဆန်ဆန် တက်ကြွနုပျိုဟန် ပေါ်လာသည်။

တစ်နေ့တစ်နေ့ အဲ့ဒီ ခေါက်ရိုးကျိုးနေတဲ့ အနက်ရောင် အဝတ်အစားတွေကို ဝတ်ဆင်နေစဉ်မှာ သူ့ပုံစံက လူအိုကြီး တစ်ယောက်နှင့် တူနေခဲ့ပြီး တစ်ခါတုန်းက မိန်းကလေးများစွာ တမ်းတမ်းစွဲ ဖြစ်ခဲ့ကြဖူးသော သူ့သခင်လေးရဲ့ မျက်နှာကို အလဟဿ ဖြုန်းတီးပစ်ရာရောက်သည်။

သူတို့ နှစ်ယောက်သည် အထူးတလည် ရွေးချယ်ထားသော စုံတွဲ ဝတ်စုံများကို ဝတ်လျက် ဆင်ခြေဖုံးရပ်ကွက်ရှိ လန်မိသားစု၏ ဗီလာလေးသို့ ပျော်ရွှင်စွာ ထွက်လာခဲ့လိုက်သည်။ သူတို့ ရောက်သွားသောအခါ အထဲမှာ လူတွေ အများကြီး ရောက်နေခဲ့ပါပြီ။

စုယန်ယန်က ဟောက်ချန်ဟွမ်းကို အခန်းထဲ ရောက်သွားအောင် နောက်ကနေ တွန်းလိုက်ချိန်မှာပဲ လူတွေ အများကြီးသည် စကားပြောတာ ရပ်သွားကာ သူတို့ကို လှည့်ကြည့်လာကြသည်။

စုယန်ယန် မျက်မှောင်ကြုတ်လိုက်မိသည်။ လူတွေရဲ့ အာရုံစိုက်မှုနှင့် ဟောက်ချန်ဟွမ်း အသားမကျနိုင်မှာကို သူမ စိုးရိမ်သည်။ ထိုအချိန်မှာပဲ ဟောက်ချန်ဟွမ်း၏ နူးညံ့သော စကားသံကို သူမ ကြားလိုက်ရသည်။ " ဦးလေးလန်နဲ့ ဒေါ်လေးယဲ့တို့က ဟိုမှာပဲ။ သူတို့ကို သွားနှုတ်ဆက်ကြရအောင်။ "

သူ့ထံမှာ ဘယ်လို စိတ်မသက်မသာဖြစ်မှု လက္ခဏာမျိုးကိုမှ မမြင်ရ၍ စုယန်ယန် စိတ်အေးသွားကာ သက်ပြင်း တစ်ချက် ချလိုက်မိသည်။ သူ ညွှန်ပြသော နေရာဆီသို့ သူ့ကို တွန်းရင်း ခေါ်လာခဲ့သည်။

သခင်ကြီးလန်သည် ဒီနှစ်ထဲမှာ အသက် ၇၀ ပြည့်သွားခဲ့သည်။ သူ့ဆံပင်တွေက အနည်းငယ် အဖြူရောင် ပြောင်းနေပြီ ဆိုသော်လည်း အားမာန်တက်ကြွကာ သူ့ခန္ဓာကိုယ်ကလည်း သန်မာနေဆဲ ဖြစ်သည်။

ဟောက်ချန်ဟွမ်းကို မြင်တော့ သူ့မျက်လုံးတွေ ဖျတ်ခနဲ လက်သွားပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။ " ဟောက်ချန်ဟွမ်း ရောက်နေတာပဲဟေ့။ "

အဘိုးအိုသည် ဟောက်ချန်ဟွမ်း၏ အဖေနှင့် သက်တူရွယ်တူမို့ ဟောက်ချန်းဟွမ်းကို သူ နာမည်တပ် ခေါ်တာ ကျိုးကြောင်းဆီလျော်သည်။ သို့သော်လည်း သူ့ခေါ်ဝေါ်ပုံကနေ တစ်ဆင့် သူ ဟောက်ချန်ဟွမ်းကို သဘောကျတယ် ဆိုတာ ပြောလို့ ရသည်။

ပိုလို့တောင် ရှားပါးထူးဆန်းတာကတော့ ဟောက်ချန်ဟွမ်းကလည်း သူ့ကို အသိအမှတ်ပြုကာ လေးလေးစားစား ရှိနေတာ ဖြစ်သည်။

" ဒီနေ့က ဦးလေးလန်ရဲ့ မွေးနေ့လေ။ အငယ် တစ်ယောက် အနေနဲ့ ဒီကို မလာဘူး ၊ စကား ကောင်းကောင်းလေးတွေ ပြောမပေးဘူး ဆိုရင် ကျွန်တော် ရိုင်းရာကျမှာပါ။ "

သခင်ကြီးလန်က ပြုံးလိုက်ပေမဲ့ သူ့မျက်လုံးထဲမှာ မျက်ရည်တွေ ရှိနေခဲ့သည်။ " ငါသာ စောစောစီးစီး သိခဲ့ရင် မင်းကို ငါ့မွေးနေ့ ဧည့်ခံပွဲကို လာဖို့ ခေါ်ခဲ့မှာပေါ့။ ငါ့မွေးနေ့ပွဲကို လွန်ခဲ့တဲ့ နှစ် အနည်းငယ်ကတည်းက ကျင်းပခဲ့သင့်တာ။ "

ထိုနေရာမှာ ရှိနေကြသူတိုင်း သူ သူတို့ကို စနောက်နေတာမှန်း နားလည်လိုက်သည်။ လွန်ခဲ့တဲ့ နှစ် အနည်းငယ်တုန်းက ဟောက်ချန်ဟွမ်း၏ စိတ်အခြေအနေနှင့်သာ ဆိုပါက သူ့မွေးနေ့ပွဲကို ကျင်းပခဲ့လျှင်တောင် ဟောက်ချန်ဟွမ်းက သူ့ကို လက်ဆောင် ပေးကောင်း ပေးနိုင်သော်လည်း လူကိုယ်တိုင် တက်ရောက်ဖို့တော့ မသေချာပေ။

သူ ပြောင်းလဲသွားရခြင်းရဲ့ စစ်မှန်တဲ့ အကြောင်းပြချက်က အသိအသာကြီးပါပဲ …

သခင်မကြီးလန်သည် သူမ ခင်ပွန်းရဲ့ လက်ကို ပုတ်ပြီး စုယန်ယန်ကို လှည့်ကြည့်လိုက်သည်။ " ဒါက မစ်စ်စု ဖြစ်ရမယ်။ "

စုယန်ယန်ကို ရုတ်တရက် အခေါ်ခံလိုက်ရသည်။ ဟောက်ချန်ဟွမ်း၏ ဘေးသို့ သူမ အလျင်အမြန် ရောက်လာပြီး ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ " မင်္ဂလာပါ သခင်မကြီး။ "

" အန်တီ့ရဲ့ ခင်ပွန်းနဲ့ ချန်ဟွမ်းရဲ့ အဖေက သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့တာလေ။ သမီး အဆင်ပြေတယ် ဆိုရင် အန်တီ့ကို အန်တီယဲ့လို့ ခေါ်လို့ ရပါတယ်။ "

ဟောက်ချန်ဟွမ်းသည် သူ့အဖေ၏ အကြီးဆုံး သား ဖြစ်သည်။ အမှန်တကယ်တော့ သူမက သူမနှငိ့ သက်တူရွယ်သူတွေထက် မျိုးဆက် တစ်ဆက် ပိုအသက်ကြီးသည်။ စုယန်ယန် သူမကို ထိုကဲ့သို့ ခေါ်ဝေါ်လိုက်ပါက သူမက ရှိရင်းစွဲ အသက်ထက် တစ်ဆင့် ပိုငယ်သွားလိမ့်မည်။

ထို့နောက် သူမ " အန်တီယဲ့။ " ဟု ခေါ်လိုက်သည်။

အန်တီယဲ့က ပျော်ပျော်ရွှင်ရွှင် လက်ခံခဲ့သည်။ " သမီးတို့ နှစ်ယောက် လက်ထပ်တော့ အန်တီတို့က အသက်ကြီးနေပြီ ဆိုတော့ လူ ကိုယ်တိုင် လာမကြည့်ရှုပေးနိုင်ခဲ့ဘူး။ နှမြောစရာပါပဲ။ ဒါပေမဲ့ ချန်ဟွမ်းရဲ့ စဉ်းစားချင့်ချိန်နိုင်စွမ်းကို အန်တီတို့ ယုံပါတယ်။ သမီးက သေချာပေါက် လိမ္မာတဲ့ ကလေး တစ်ယောက် ဖြစ်လိမ့်မယ် ဆိုတာ အန်တီတို့ သိတယ် .. "

******

All Chapters