အခန်း ၄၂၂
Vol. 29 Ch. 422
အခန်း ( ၄၂၂ ) မင်း မဖြစ်မနေ စကားပြောနေမှ ရမှာလား။
သခင်မကြီးလန် အစပျိုးလိုက်သော ရန်ပွဲ ပြီးဆုံးသွားပြီးနောက် လူ အနည်းငယ်ကြားမှ လေထုသည် အစောပိုင်း သဟဇာတဖြစ်နေမှုသို့ ပြန်ရောက်သွားသည်။
အခြား လူများက ထိုအရာကို မြင်သောအခါ စုယန်ယန်နှင့် ကျန်လူများလောက် မပျော်ရွှင်ခဲ့ကြပေ။
" သခင်ကြီးလန်က ဘာသဘောလဲ။ ကျွန်မတို့က စိတ်ကောင်းထားပြီး သူ့အတွက် မွေးနေ့ ဆုမွန်ကောင်း တောင်းပေးဖို့ ရောက်လာပေမဲ့ သူကတော့ ကျွန်မတို့ကို လျစ်လျူရှုထားတယ်။ သူက ဟောက်ချန်ဟွမ်းနဲ့ အဲ့ဒီ မကောင်းတဲ့ ခွေးမလေးကိုပဲ တအား သည်းသည်းလှုပ်နေတယ်။ "
သူ့ဇနီး၏ မကျေမနပ် စကားများကို နားထောင်ရင်း ဟောက်ချီဟန်၏ မျက်နှာသည် အိုး တစ်လုံးရဲ့ အောက်ခြေကဲ့သို့ အမည်းရောင် ပြောင်းသွားခဲ့သည်။ " ဘယ်လိုပဲဖြစ်ဖြစ် ချန်ဟွမ်းကလည်း ဟောက်မိသားစုဝင် တစ်ယောက်ပဲလေ။ သူ့အဖေ သက်ရှိထင်ရှား ရှိနေစဉ်တုန်းက သခင်ကြီးလန်နဲ့ အရမ်း ရင်းနှီးခဲ့တာ ၊ ပြီးတော့ အခု ချန်ဟွမ်းက အဲ့ဒီလို အခြေအနေမျိုးမှာ ရောက်နေတာ ဆိုတော့ သူ့အတွက် ပိုစိတ်ပူပေးတာ သဘာဝပါပဲ။ မင်း ဘာလို့ အရမ်း အကျယ်ကြီး အော်ပြောနေရတာလဲ။ လူတွေ မင်း ပြောတာ ကြားသွားရင် ကိုယ်တို့တွေ သူ့ကို သည်းမခံနိုင်ဘူးလို့ ထင်သွားကြလိမ့်မယ်။ "
မဒမ်ဟောက်သည် အသံ တိုးသွားသော်လည်း သူမ မကျေမနပ် ခံစားနေရဆဲ ဖြစ်သည်။ " သူက ဟောက်မိသားစုဝင် တစ်ယောက် ဆိုရင် ရှင်ကရော ဟောက်မိသားစုဝင် မဟုတ်လို့လား။ ရှင့်အသိစိတ်နဲ့ စဉ်းစားပြီး ကျွန်မကို ပြောစမ်းပါဦး ၊ သူတို့တွေက အဲ့နှစ်ယောက်ကို ဆက်ဆံသလိုမျိုး ရှင့်ကိုရော သာတူညီမျှ ဆက်ဆံရဲ့လား ဆိုတာလေ။ "
သူ့ဇနီးကြောင့် ဒေါသထွက်သွားမိသဖြင့် ဟောက်ချီဟန်ရဲ့ မျက်နှာ အမူအရာသည် ပိုလို့ ခါးသီးပျက်ယွင်းသွားခဲ့သည်။
သို့သော်လည်း မစ်စ်ဟောက်က သူ့ခံစားချက်တွေကို ဂရုစိုက်ပေးနိုင်သည့် စိတ်အခြေအနေမျိုးမှာ ရှိမနေပါ။ လန်အိမ်တော်သို့ သူတို့ အရင်တုန်းက သွားချိန်မှာ ဟောက်ချန်ဟွမ်းကို ဘယ်တော့မှ မတွေ့ခဲ့ရပေ။
ထို့ကြောင့် လန်မိသားစုရဲ့ သူတို့အပေါ် သဘောထားက ဟောက်ချန်ဟွမ်းကို ဆက်ဆံပုံနှင့် အလွန် ကွာခြားမှန်း သဘာဝကျစွာပင် သူတို့ မသိခဲ့ကြပါ။
အခုတော့ သူ သိသွားပြီမို့ သူတို့ နှစ်ယောက်လုံး သေချာပေါက် မကျေမနပ် ခံစားနေကြရသည်။ ထို့ပြင် ပြီးခဲ့တဲ့ နှစ်လ အတွင်း အိမ်မှာ ကိစ္စတွေ အများကြီး ဖြစ်ပျက်ခဲ့၍ သူတို့ နှစ်ယောက်ရဲ့ ခံစားချက်တွေက ပေါက်ကွဲထွက်လုနီးပါး အစွန်း တဲတဲလေးပေါ်မှာ ရောက်နေခဲ့လေသည်။
မဒမ်ဟောက်သည် ဧည့်ခံပွဲထဲတွင် သွားလာလှုပ်ရှားနေကြသော လူများစွာကို ကြည့်ရင်း သူတို့ နှစ်ယောက်ကို လူတိုင်း ကြည့်တဲ့ အကြည့်က ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။
ဟောက်ချီဟန်၏ အင်္ကျီလက်ကို ခေါက်တင်ပေးလိုက်ကာ သူမ သံသယဖြစ်စွာ ပြောမိသည်။ " ရှင်ပဲ စဉ်းစားကြည့် … ရှောက်ဖုန်းကို ဟောက်ကော်ပိုရေးရှင်းကနေ နှုတ်ထွက်သွားအောင် ဖိအားပေးခံခဲ့ရတယ် ဆိုတာ သူတို့တွေ သိထားပြီးသားလေ။ အဲ့တော့ … အဲ့ဒါကြောင့် ကျွန်မတို့ အရှုံးတွေနဲ့ ရင်ဆိုင်နေရတုန်း သူတို့တွေ ကျွန်မတို့ကို ကန်ထုတ်ပစ်လိုက်ပြီး ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားကြတာလား။ ရှင့်ကို သူတို့နဲ့ လက်တွဲ အလုပ် လုပ်ပေးဖို့ ဘယ်လိုမျိုး အရှက်မရှိ တောင်းပန်ခဲ့ရတယ် ဆိုတာ အဲ့ဒီ စိတ်ကြီးဝင်နေတဲ့ လူတွေ မေ့သွားကြပြီလား။ "
" တော်လောက်ပြီ။ " ဟောက်ချီဟန်သည် နောက်ဆုံးတော့ သည်းမခံနိုင်ဘဲ အော်လိုက်မိတော့သည်။ ဒီတစ်လျှောက်လုံး သူ အမုန်းဆုံး အရာဟာ သူ့ကုမ္ပဏီကနေ ဟောက်ရှောက်ဖုန်း အထုတ်ခံလိုက်ရတာကိုပဲ။
သူက ကုမ္ပဏီရဲ့ ဘော့စ် အစစ်အမှန် ဆိုပေမဲ့ သူ့ရဲ့ တစ်ဦးတည်းသော သားလေးကို ဒါရိုက်တာ ဘုတ်အဖွဲ့က ပစ်မှတ်ထားပြီး သူ့ကုမ္ပဏီထဲကနေ ထုတ်ပစ်ခဲ့သည်။
ထိုအရာက သူ့အတွက် အကြီးအကျယ် အရှက်ကွဲစေခြင်း ဖြစ်သည်။ သူ့သားကို သူ ကောင်းကောင်း မသွန်သင် မဆုံးမခဲ့ဘူးလို့ မပြောခဲ့တဲ့ အပြင်လူရယ်လို့ ရှိသလား။
သူ့သား အတွက် ဖရိုမရဲ ဖြစ်နေသော ကိုယ်ရေးကိုယ်တာ ဘဝ တစ်ခုကို ပိုင်ဆိုင်ရတာ ပြဿနာ တစ်ခု ဖြစ်သော်လည်း သူ့မှာ ထိုပြဿနာကို ဖြေရှင်းရန် မည်သည့် အရည်အချင်းမှ လုံးဝ ရှိမနေပေ။ သူ ကုမ္ပဏီထဲမှာ နှစ်ဝက် မပြည့်သေးတဲ့ အချိန်လေး အထိပဲ ကျင်လည်ခဲ့ဖူးပေမဲ့ သူ့ကိုယ်ပိုင် ဒါရိုက်တာ ဘုတ်အဖွဲ့ကနေ မထီမဲ့မြင် ဆက်ဆံတာကို ခံခဲ့ရပါပြီ။ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်တဲ့ ဟာသလဲ။
ထိုအတွေးကို တွေးမိတော့ ဟောက်ချန်ဟွမ်းသည် သူ့မှာ အဲ့ဒီလို သား တစ်ယောက် မရှိခဲ့စေရန် ဆုတောင်းလိုက်မိသည်။ သူ့ဇနီးကိုလည်း သူ စိတ်ပျက်မိသည်။
သူမသာ သူ့ကို ငယ်ငယ်လေးကတည်းက အလိုမလိုက်ခဲ့ရင် သူ့သားက ဒီလောက် သုံးစားမရ ဖြစ်သွားမှာ မဟုတ်ဘူး။ ဒီမိန်းမရဲ့ မျိုးစေ့ဗီဇတွေက သူ့ကို ဒီလို အသုံးမကျတဲ့ သား တစ်ယောက်ကို ပိုင်ဆိုင်ရအောင် ဆွဲချခဲ့တာလား ဟူ၍ပင် သူ သံသယဖြစ်မိသည်။
" မင်း စကားမပြောနိုင်တဲ့ အ,အ ဖြစ်သွားမှ တိတ်တိတ် နေတော့မှာလား။ "
" ကျွန်မ … " မဒမ်ဟောက်၏ ဒေါသသည် ချက်ချင်းပဲ အားလျော့သွားခဲ့သည်။ ဟောက်ချီဟန်က သူမကို မျက်စောင်းခဲလိုက်ကာ သူ့ဒေါသကို မျိုသိပ်ရင်း မေးလိုက်သည်။ " ရှောက်ဖုန်း ဘယ်မှာလဲ။ သူ ဘယ်သွားတာလဲ။ "
" သူ မအီမသာ ခံစားနေရလို့ ခဏလောက် အနားယူလိုက်ဦးမယ်လို့ ပြောသွားတယ်။ "
" ခဏလောက် အနားယူလိုက်ဦးမယ် … ။ " ဟောက်ချီဟန်ရဲ့ မျက်နှာက မည်းခနဲ ဖြစ်သွားသည်။
" သူ ဘာလို့ သူများ အိမ်ထဲမှာ လျှောက်သွားနေတာလဲ။ သူ ဟိုမိန်းမကို နောက်တစ်ခေါက် သွားရှာပြန်ပြီလို့တော့ ငါ့ကို မပြောနဲ့နော်။ "
မဒမ်ဟောက်၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။ " မဟုတ်ပါဘူး … မဖြစ်နိုင်ဘူး။ "
" ဘယ်သူ သိမှာမို့လို့လဲ။ အဆင်ပြေနေတဲ့ ကိစ္စ တစ်ခုကို သူ ဖျက်ဆီးပစ်တာ ပထမ အကြိမ် မဟုတ်သလို ဒုတိယ အကြိမ်လည်း မဟုတ်ဘူး။ သူ့ကို မြန်မြန် သွားရှာချေ။ တကယ်လို့ အဲ့ဒီ မိန်းမနဲ့ သူ ထပ်ဆက်သွယ်နေတာကို မင်း တွေခဲ့ရင် သူ့ကို ငါနဲ့ ဝေးနိုင်သမျှ အဝေးဆုံး နေရာကို ပို့ပစ်လိုက် … သူ့လို သားမျိုး ငါ အလိုမရှိဘူး။ "